ဘင်္ဂလားဒေ့ရှ်မှာ ရေဘေးကြောင့် စပါးတန်ချိန် တသန်းကျော် ပျက်စီးဆုံးရှုံး

အောက်တိုဘာ ၊ ၂၁

စားနပ်ရိက္ခာဈေးနှုန်းမြင့်တက်နေချိန်မှာပဲ အခုနှစ်ရေကြီးနစ်မြုပ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ စပါး မက်ထရစ်တန်ချိန် ၁ ဒဿမ ၁ သန်းကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်နဲ့ အောက်တိုဘာလတွေမှာ နိုင်ငံတွင်း ကြီးမားပြင်းထန်တဲ့ သဘာဝဘေးကြောင့် ရေကြီးနစ်မြုပ်မှုဒဏ်ကို အကြီးအကျယ်ခံစားခဲ့ရတာပါ။ အထူးသဖြင့် နိုင်ငံအရှေ့ပိုင်းနဲ့ မြောက်ပိုင်းဒေသမှာတွေမှာ စိုက်ပျိုးဧရိယာတွေ အများအပြား ပျက်စီးခဲ့ရသလို လူသန်းချီထိခိုက်ခဲ့ရပါတယ်။

ဒီနှစ်ရေဘေးကြောင့် ဆန်စပါးထုတ်လုပ်မှု သိသိသာသာ ကျဆင်းခဲ့ပြီး အစိုးရအနေနဲ့ ဆန်တန်ချိန် ၅သိန်းကို ပြင်ပတင်ပို့ဖို့ လုံးပန်းနေရကာ ပုဂ္ဂလိကတင်ပို့လုပ်ငန်းတွေကိုလည်း မကြာခင် လုပ်ပိုင်ခွင့် ချပေးသွားဖို့ မျှော်မှန်းရကြောင်း အစားအသောက်ရေးရာဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဟာဆီနာနိုင်ငံကနေ ထွက်ပြေးသွားပြီးနောက် လက်ရှိတိုင်းပြည်ကို အုပ်ချုပ်နေရတဲ့ ကြားကာလအစိုးရအနေနဲ့လည်း ပြီးခဲ့တဲ့လတွေနဲ့ ယှဉ်ရင် ၂၀ရာခိုင်နှုန်းနီးပါး မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကိုင်တွယ်ဖို့ အကြပ်အတည်းရင်ဆိုင်နေရပါတယ်။

ဒါ့အပြင် ရေဘေးကြောင့် တခြားစိုက်ပျိုးရေးထုတ်ကုန်တွေဖြစ်တဲ့ ဟင်းသီးဟင်းရွက် တန်ချိန် ၂သိန်းကျော်လည်း ထိချက်ပျက်စီးခဲ့ပြီး တနိုင်ငံလုံးအတိုင်းအတာအရ စိုက်ပျိုးရေးကဏ္ဍမှာ အမေရိကန်ဒေါ်လာ သန်း ၃၈၀ ဝန်းကျင် ဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ ကမ္ဘာ့တတိယအကြီးဆုံး ဆန်တင်ပို့တဲ့ နိုင်ငံဖြစ်ပြီး တနှစ်ကို လူဦးရေ သန်း ၁၇၀အတွက် ဆန်တန်ချိန်ပေါင်း သန်း ၄၀ကျော်ကို ထုတ်လုပ်တင်ပို့ပေးနေတာဖြစ်ပါတယ်။

ဒါပေမယ့် အခုနှစ်ရေကြီးမှုဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ ဥတုဘေးဒဏ် ခံနိုင်ရည်အားနည်းမှုကို မီးမောင်းထိုးပြခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် World Bank Institute ရဲ့ စစ်တမ်းအရ ခန့်မှန်းခြေ ဘင်္ဂလားဒေ့ရှ်ရဲ့ လူဦးရေ ၃ ဒဿမ ၅သန်းဟာ နှစ်စဉ် မြစ်ရေလျှံမှုအန္တရာယ်နဲ့ ရင်ဆိုင်ရဖွယ်ရှိပြီး ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် အဆိုပါဘေးဒဏ်ဟာ ပိုဆိုးလာဖွယ်ရှိတယ်လို့ သိပ္ပံပညာရှင်တွေက ပြောထားပါတယ်။

Ref : Reuters/rj