ကနေဒါအစိုးရက အိန္ဒိယသံတမန် ၆ဦးကို နိုင်ငံကနေ နှင်ထုတ်

အောက်တိုဘာ ၊ ၁၅

ကနေဒါနိုင်ငံမှာ ဆစ်(ခ်)တက်ကြွလှုပ်ရှားသူ Hardeep Singh Nijjar လုပ်ကြံရမှုနဲ့ ပတ်သတ်ပြီး  အိန္ဒိယထိပ်တန်း သံတမန်တဦးနဲ့အတူ အခြားသံတမန် ၅ဦးကို နိုင်ငံကနေ နှင်ထုတ်လိုက်ကြောင်း ကနေဒါအစိုးရက ပြောကြားလိုက်ပါတယ်။

၂၀၂၃ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အဆိုပါ လူသတ်မှုအပြင် အခြားရာဇဝတ်မှုဆိုင်ရာ စွပ်စွဲချက်တွေကြောင့် နှစ်နိုင်ငံအကြား အငြင်းပွားမှုတွေ မြင့်တက်နေတာလည်း ဖြစ်ပါတယ်။

ကနေဒါနိုင်ငံသားတွေကို ဆန့်ကျင်တဲ့ အိန္ဒိယအစိုးရ အေးဂျင့်တွေရဲ့ လှုပ်ရှားမှုနဲ့ ပတ်သတ်လို့ အထောက်အထားတွေကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့တယ်လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

“ကနေဒါမြေပေါ်မှာ နိုင်ငံခြားအစိုးရတခုက ခြိမ်းခြောက်တာနဲ့ ကနေဒါနိုင်ငံသားတွေကို သတ်ဖြတ်တာမျိုး လုံးဝသည်းခံမှာ မဟုတ်ဘူး” လို့ ဝန်ကြီးချုပ် ဂျက်စတင် ထရူဒူးက ပြောပါတယ်။

အိန္ဒိယအစိုးရကတော့ အဆိုပါစွပ်စွဲချက်တွေဟာ မဟုတ်မှန်ကြောင်း ငြင်းဆိုထားပါတယ်။

ဒီအမှုနဲ့ ပတ်သတ်ပြီး စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းပါဝင်ဖို့ အိန္ဒိယကို ပြောပေမယ့် သူတို့က ငြင်းဆိုခဲ့တယ် ၊ နှစ်နိုင်ငံစလုံးမှာ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ကျန်နေသေးတဲ့ ဒီကိစ္စကို အိန္ဒိယအစိုးရအနေနဲ့ အထောက်အပံ့ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး Mélanie JolyShe က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် အောက်တိုဘာလကလည်း ဒေလီအစိုးရက ကနေဒါရဲ့ သံတမန်တွေကို လျော့ချဖို့ တောင်းဆိုခဲ့ပြီးနောက် အစိုးရက ကနေဒါသံတမန် ၄၀ကျော်ကို အိန္ဒိယကနေ ပြန်ခေါ်ခဲ့ပါတယ်။

Ref : AP