ထားဝယ်ဒေသခံသုံးဦးကို ကော်သူးလေအာမီက ဖမ်းဆီးသတ်ဖြတ်တယ်လို့စွပ်စွဲ

Photo – ပေးပို့

အောက်တိုဘာ၊ ၁၂

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရဲ့အရှေ့ဘက်မှာရှိတဲ့ ထားဝယ်အရှေ့တောဒေသမှာ ကော်သူးလေအာမီ(KTLA)က ဖမ်းဆီးသွားတဲ့ ဒေသခံသုံးဦး သတ်ဖြတ်ခံလိုက်ရပြီး အလောင်းတွေကို စွန့်ပစ်သွားကြတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတချို့ထံကနေ သိရပါတယ်။

“သူတို့သတ်ပီး ဒီတိုင်း တောထဲထားခဲ့ကြတယ်၊ ဒေသခံတွေ အနံ့ရတယ် ပြောလာလို့ ဝင်ကြည့်မှ သိတာ” လို့ အမည်မဖော်လိုတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက DNA ကို ပြောပါတယ်။

ထားဝယ်မြို့ပေါ်ကနေ အရှေ့တောဒေသဘက်မှာ ခဲနဲ့ တခြားသံတိုသံစတွေဝယ်ဖို့လာတဲ့အသက်၆၂နှစ်အရွယ် ဦးဆန်နီ၊ အသက်၅၀ ၀န်းကျင်ဦးသန်းကြွယ်နဲ့ ဦးမြင့်လွင်တို့ အခုလို သတ်ဖြတ်ခံလိုက်ရတာပါ။
သူတို့ သုံးဦး ဘာကြောင့် အခုလိုသတ်ဖြတ်ခံလိုက်ရလဲဆိုတာကိုတော့ အတိအကျ အတည်မပြုနိုင်ကြသေးပါဘူး။

သူတို့ သုံးဦးဟာ အောက်တိုဘာ ၂ ရက်ကပကာရီကျေးရွာထဲရှိ လက်ဖက်ရည်ဆိုင်တခုမှာ ရှိနေစဥ် KTLA တပ်ဖွဲ့ဝင်တချို့က ကားနှစ်စီးနဲ့ လာရောက်ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး အသတ်ခံထားရတဲ့ ရုပ်အလောင်းတွေကိုတော့ အောက်တိုဘာ ၈ ရက်မှာမှ တွေ့ရှိခဲ့ရတာပါ။

“ခေါင်းလည်း ပစ်ထားတယ် ၊လည်လည်း လှီးထားတယ်၊ ရောက်ချိန်ဆို ခေါင်းတွေပြားပြီး (အရည်) ပျော်ကြနေပြီ” လို့ အလောင်းတွေကို သဂြိုဟ်ပေးခဲ့တဲ့ အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

Delta News Agency က ကြည့်ရှုခဲ့ရတဲ့ ဓာတ်ပုံတွေမှာတော့ မှောက်လျက်သေဆုံးကာ ပုပ်ပွနေတဲ့ ရုပ်အလောင်းသုံးခုကို တွေ့ရပြီး အဲထဲက တယောက်ကတော့ လက်ပြန်ကြိုးတုပ်ခံထားရပါတယ်။

အသတ်ခံရတဲ့အထဲပါတဲ့ ဦးဆန်နီဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်က ထားဝယ်မြို့ပေါ်မှာ စစ်ကောင်စီတပ်က သပိတ်စစ်ကြောင်းတွေကို ပစ်ခတ်ဖြိုခဲ့တဲ့အချိန် သေနတ်ထိမှန်သေဆုံးခဲ့တဲ့ ကိုသန်းဝင်းရဲ့ အစ်ကိုအရင်းတယောက်ဖြစ်ပါတယ်။

သူတို့ရဲ့ ရုပ်အလောင်းတွေကိုတော့ ပခပ်ကျေးရွာနဲ့ ရမ္မဇူကျေးရွာကြား လမ်းပိုင်းတနေရာမှာ တွေ့ခဲ့ရတာဖြစ်ပြီး မိသားစုဝင်တွေထံ ပြန်လည်သယ်ယူဖို့ အဆင်မပြေတော့တာကြောင့် တွေ့ရတဲ့နေရာမှာပဲ မီးရှို့သဂြိုဟ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒေသခံတွေနဲ့ အဲတဝိုက်က တော်လှန်ရေးအင်အားစုတချို့ကတော့ သူတို့သုံးဦးကို KTLA၊ ဆာကဆောတပ်မဟာ၊ တပ်ရင်း (၃)ရဲ့ တပ်ဖွဲ့ဝင် နှစ်ဆယ်လောက်က ကားနှစ်စီးနဲ့ လာရောက်ဖမ်းဆီးသွားပြီးနောက် အခုလို သတ်ဖြတ်ခံလိုက်ရတာလို့ဆိုပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး KTLA ဆာကဆောတပ်မဟာ တာဝန်ရှိသူတွေကို DNA က ဆက်သွယ်ဖို့ကြိုးပမ်းနေပေမယ့် အဆက်သွယ်မရသေးပါဘူး။

KTLA ဆာကဆောတပ်မဟာ၊ တပ်ရင်း (၃) ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဗိုလ်ဒါးကေကတော့ အဲဒီသုံးယောက် အသတ်ခံရတာဟာ KTLA တပ်ရင်း(၃)နဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ Dawei Watch သတင်းဌာနကို ပြောဆိုထားပါတယ်။

“ဒါပေမဲ့ ကျွန်တော်တို့ တပ်ရင်း (၃) က လူတွေလုပ်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ နယ်မြေထဲမှာ ဖြစ်နေတဲ့အခါကျတော့ ကျွန်တော်တို့လည်း လိုက်ပြီးလေ့လာနေပါတယ်။ ဘယ်သူ၊ ဘယ်ဝါ ဘယ်တပ်ရင်းလည်း ဆိုတာကို” ဟု ဗိုလ်ဒါးကေက ဆိုထားပါတယ်။

အသတ်ခံလိုက်ရတဲ့ သူတွေရဲ့ ရုပ်အလောင်းတွေကိုတော့ KTLA စစ်ဆေးရေးဂိတ်နဲ့ မလှမ်းမကမ်းမှာပဲ တွေ့ခဲ့ရတာပါ။

အခုလိုအသတ်ခံလိုက်ရတဲ့သူတွေဟာ အဲဒေသတဝိုက်ကို အမြဲအဝင်အထွက်လုပ်ပြီး ခဲနဲ့ သံထည်တွေ လိုက်လံဝယ်ယူနေသူတွေနဲ့ ယာဥ်မောင်းတို့ ဖြစ်ကြပါတယ်။

“သူတို့ ဝင်လာတာတောင် ကော်သူးလေ(KTLA) ဂိတ်နှစ်ဂိတ်ကို ဖြတ်လာရတာ” လို့လည်း ဒေသခံတဦးက ပြောပါတယ်။

အလားတူပဲ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာတုန်းကလည်း ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ထဲက ရွှေ့ပြောင်းရွှေအလုပ်သမား သုံးဦးကို စစ်ကောင်စီသတင်းပေးလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ KTLA ဆာကဆောတပ်မဟာ၊ တပ်ရင်း (၂)၊ တပ်ခွဲ (၅)ရဲ့ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသတ်ဖြတ်ခဲ့ဖူးပါတယ်။

KTLA ဆာကဆောတပ်မဟာ ဟာ ကရင်ပြည်နယ်အတွင်း ဆောက်လုပ်ရေးလုပ်သား ၂၅ ဦး သတ်ဖြတ်ခံရမှုမှာ တာဝန်ရှိလို့ KNDO ရာထူးကနေ အနားပေးခံလိုက်ရတဲ့ ဗိုလ်မှူးချုပ် စောနယ်ဒါးမြ ထူထောင်ထားတဲ့ ကော်သူးလေတပ်မတော်(KTLA)ရဲ့ လက်အောက်ခံဖြစ်ပြီး တနင်္သာရီတိုင်း အထူးသဖြင့် ထားဝယ်ဒေသမှာ အဓိက အခြေစိုက်လှုပ်ရှားပါတယ်။