TikTok ရဲ့ ByteDance ကုမ္ပဏီက မလေးရှားမှာ ဝန်ထမ်း ၇၀၀ကျော် လျော့ချ

အောက်တိုဘာ ၊ ၁၁

TikTok ရဲ့ မိခင်ကုမ္ပဏီတဲ့ တရုတ်နိုင်ငံပိုင် ByteDance ကော်ပိုရေးရှင်းဟာ မလေးရှားလူမှုဆက်သွယ်ရေးဌာနက ဝန်ထမ်း ၇၀၀ကျော်ကို လျှော့ချလိုက်ပါတယ်။

ကုမ္ပဏီအနေနဲ့  လူမှုမီဒီယာပလက်ဖောင်းပေါ်က အကြောင်းအရာတွေကို စောင့်ကြည့် စီမံခန့်ခွဲရာမှာ AI ကို ပိုမို အသုံးပြုဖို့ မျှော်မှန်းနေတယ်လို့ သတင်းအရင်းအမြစ် ၂ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး Reuters သတင်းဌာနက ဖော်ပြပါတယ်။

အောက်တိုဘာလ ၁၀ရက်နေ့နှောင်းပိုင်းမှာ ကုမ္ပဏီက ဝန်ထမ်းတွေကို အီးမေးလ်နဲ့ အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

Reuters သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ရာမှာ TikTok ကုမ္မဏီက အဆိုပါ ဝန်ထမ်းအရေအတွက် လျှော့ချမှုကို အတည်ပြုခဲ့ပေမယ့် အရေအတွက် အတိအကျ ပြောဖို့ မဖြစ်နိုင်ကြောင်း ဖြေကြားခဲ့ပါတယ်။

ByteDance  နည်းပညာကုမ္ပဏီကြီးရဲ့  အဆိုပါ ပြုပြင်ပြောင်းလဲမှု အစီအစဉ်အရ တကမ္ဘာလုံးက ဝန်ထမ်းရာကဏန်းလောက်ကို သက်ရောက်မှုရှိလိမ့်မယ်လို့ ဆိုပါတယ်။

လက်ရှိမှာ TikTok ဟာ သူ့ရဲ့ ပလက်ဖောင်းပေါ်က အကြောင်းအရာတွေကို စိစစ်ဖို့အတွက် အလိုအလျောက် စောင့်ကြည့်စနစ်နဲ့ လူကိုယ်တိုင် စောင့်ကြည့်တဲ့ စနစ်ကို ပူးတွဲ အသုံးပြုနေတာ ဖြစ်ပါတယ်။

ByteDance ကုမ္ပဏီကတော့ ကမ္ဘာတစ်ဝှမ်း မြို့ပေါင်း ၂၀၀ကျော်မှာ ဝန်ထမ်းအရေအတွက် ၁၁၀,၀၀၀ ကျော် ရှိပါတယ်။

အွန်လိုင်းဆိုင်ရာ ပြစ်မှုတွေကို  တိုက်ဖျက်ရေး ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေနဲ့ မလေးရှားအစိုးရဟာ လူမှုမီဒီယာကုမ္ပဏီတွေကို လုပ်ငန်းလည်ပတ်ခွင့်လိုင်စင်လျှောက်ထားဖို့ အခုနှစ်ဇန်န၀ါရီလက တောင်းဆိုခဲ့ပြီးနောက် ကမ္ဘာ့နည်းပညာကုမ္ပဏီတွေဟာ စည်းမျဉ်းစည်းကမ်းဆိုင်ရာ ဖိအားတွေနဲ့ ရင်ဆိုင်နေရချိန် အခုလို အလုပ်အကိုင်လျော့ချမှုတွေ ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။

အခုနှစ်အစောပိုင်းက မလေးရှားလူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ အန္တရာယ်ရှိတဲ့ အကြောင်းအရောတွေ ပြန့်နှံ့မှု မြင့်တက်လာပြီးတဲ့နောက် အဆိုပါ ပလက်ဖောင်းတွေကို စောင့်ကြည့်ရေးလုပ်ငန်း မြှင့်တင်ဖို့TikTok အပါအဝင် လူမှုမီဒီယာကုမ္ပဏီတွေကို အစိုးရက တိုက်တွန်းခဲ့ပါတယ်။

Ref : Reuters