ရေဦးနဲ့ကောလင်းမှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးနှစ်ဦးအပါအဝင် တရက်တည်း ခြောက်ဦးသေဆုံး

အောက်တိုဘာ ၊ ၉

စစ်ကိုင်းတိုင်း ရေဦးနဲ့ ကောလင်းမြို့နယ်တို့မှာ စစ်ကောင်စီက တိုက်ပွဲမရှိဘဲ ဗုံးကြဲတိုက်ခိုက်လို့ မနေ့က တရက် တည်း ကလေးနှစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးသွားတယ်လို့ ဒေသခံတော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိ ရပါတယ်။

စစ်ကောင်စီဟာ ကောလင်းမြို့နယ် ကုက္ကိုကုန်းရွာနဲ့ ရေဦးမြို့နယ် တင်းတိမ်ရံရွာတို့ကို မနေ့က ညနေပိုင်းမှာ တိုက်ခိုက်ရေးလေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

ကောလင်းမြို့နဲ့ ၁၂မိုင်လောက်အကွာ မြို့နယ်အရှေ့ခြမ်းက ကုက္ကိုကုန်းရွာထဲ မနေ့က ညနေ သုံးနာရီခွဲလောက်မှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ရွာခံအမျိုးသမီးတဦးနဲ့  အမျိုးသားနှစ်ဦး သေဆုံးခဲ့တာလို့ ဒေသတွင်း မြေပြင်အခြေအနေတွေဖော်ပြနေတဲ့ kawlin Info တာဝန်ရှိသူတဦးက DNAကိုပြောပါတယ်။

သေဆုံးသူတွေထဲက အမျိုးသားနှစ်ဦးကတော့ စစ်ရှောင်တွေဖြစ်တယ်လို့ နောက်ထပ် ဒေသခံသတင်းရင်းမြစ်တွေ ဆီကသိရပါတယ်။စစ်ကောင်စီဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းကလည်း ကောလင်းမြို့နယ် အနောက်ဘက်နဲ့ အနောက်တောင်ဘက်ခြမ်းက ဥက္ကံနဲ့ ရွာသစ်ကျေးရွာတို့ကို နှစ်ရက်ဆက်ဗုံးကြဲလို့ဒေသခံရှစ်ဦးသေဆုံးကာ လူ ၃၀ လောက်ဒဏ်ရာရခဲ့ပါသေးတယ်။

မနေ့က လေကြောင်းတိုက်ခိုက်ခံရတဲ့ ကောလင်းမြို့နယ်အရှေ့ခြမ်းက ကုက္ကိုကုန်းရွာဟာ ရွှေဘို-မြစ်ကြီးနားလမ်း ပေါ်က အိမ်ခြေရာချီရှိတဲ့ရွာကြီးတရွာဖြစ်ပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာထဲက နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

အလားတူ စစ်ကောင်စီဟာ မနေ့က ညနေ လေးနာရီခွဲလောက်မှာ ရေဦးမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ တင်းတိမ်ရံ ရွာ ဈေးအနီးဝန်းကျင်ကိုလည်း တိုက်ပွဲမရှိဘဲ MIG-29လေယာဉ်နဲ့ ပေါင်ငါးရာဗုံးကြဲချတိုက်ခိုက်ခဲ့သေးတယ်လို့  ရေဦးအခြေစိုက် People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)ကပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် ဗုံးကျ ရောက်ပေါက်ကွဲတဲ့နေအိမ်က ခြောက်လသားကလေးတဦး၊ ငါးနှစ်အရွယ် ကလေး တဦးနဲ့ ကလေးမိခင်တို့ သုံးဦး သေဆုံးခဲ့ကြတယ်လို့ သိရပါတယ်။

တင်းတိမ်ရံရွာဟာ ရေဦးမြို့နယ်ထဲပါဝင်ပေမယ့် ပြီးခဲ့တဲ့လပိုင်းအကြာက တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်အုပ်စုတပ်စွဲ လှုပ်ရှားနေတဲ့ ဒီပဲယင်းမြို့နဲ့သုံးမိုင်ဝန်းကျင်သာဝေးပါတယ်။

စစ်ကောင်စီက အဲ့ဒီရွာကို ငါးရက်အတွင်း လေကြောင်းကနေ နှစ်ကြိမ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အောက်တိုဘာ ၅ရက် ညနေပိုင်းကလည်း တင်းတိမ်ရံရွာဈေးအနီးက ဘုရားကုန်းပေါ်ကို ပေါင်ငါးရာဗုံးကြဲချတာကြောင့် အရပ် သားအမျိုးသမီးကြီးတဦး သေဆုံးကာ နောက်ထပ်အမျိုးသမီးငယ်တဦးဒဏ်ရာရခဲ့သေးတယ်လို့ ကိုထူးခန့်ဇော် (အမေ့သား)က ပြောပါတယ်။

ဒါ့အပြင်တင်းတိမ်ရံရွာဟာ ပြီးခဲ့တဲ့ ဩဂုတ်လတုန်းကလည်း အလားတူ လေကြောင်းတိုက်ခိုက်မှုနဲ့ကြုံခဲ့ ရသေး တယ်လို့ သိရပါတယ်။မနေ့က အထိ နှစ်လအတွင်းလေကြောင်းတိုက်ခိုက်မှုသုံးကြိမ်ကြောင့် တင်းတိမ်ရံရွာက အရပ်သားလေးဦးသေဆုံးကာ သုံးဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး နေအိမ်ထိခိုက်ပျက်စီးမှုတွေလည်းရှိတယ်လို့ သိရပါတယ်။

Photo – Kawlin Info/People’s Defense Comrade