ဟေတီမှာ ဂိုဏ်းအဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် လူ ၇၀ထက်မနည်းသေဆုံးပြီး ထောင်ချီထွက်ပြေးရ

အောက်တိုဘာ ၊ ၅

ဟေတီနိုင်ငံအနောက်ပိုင်းမှာ ဂိုဏ်းအဖွဲ့တဖွဲ့က မြို့ထဲကို ရိုင်ဖယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် လူ ၇၀ထက်မနည်းသေဆုံးပြီး လူ ၆၀၀၀ကျော် ဘေးလွတ်ရာထွက်ပြေးခဲ့ကြရတယ်လို့ နိုင်ငံတကာမီဒီယာတွေက ဖော်ပြပါတယ်။

အောက်တိုဘာလ ၃ရက်နေ့ အစောပိုင်းက Pont-Sonde ဒေသမှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါ တိုက်ခိုက်မှုနဲ့ ပတ်သတ်လို့ Gran Grif  ဂိုဏ်းခေါင်းဆောင် Luckson Elan က မိမိတို့ လက်ချက်ဖြစ်ကြောင်း ကြေငြာခဲ့ပြီး  သူ့ဂိုဏ်းသားတွေကို  ဟေတီရဲတပ်ဖွဲ့က သတ်ဖြတ်မှုအတွက် အခုလို လက်တုံ့ပြန်တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အဲ့ဒီဂိုဏ်းသားတွေဟာ ဒါဇင်နဲ့ချီတဲ့ နေအိမ်တွေ ၊ ယာဉ်တွေကိုလည်း မီးရှို့ခဲ့ပြီး ဒါဟာ မကြာသေးခင် နှစ်တွေအတွင်း ဟေတီနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အဆိုးရွားဆုံး တိုက်ခိုက်မှုတွေထဲက တခုဖြစ်တယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။ ဟေတီနိုင်ငံမှာ အရင်ကလည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်တွေ ရှိခဲ့ပေမယ့် ကျူးလွန်ခံရသူတွေအတွက်တော့ တရားမျှတမှု ရရှိမှု နည်းပါးပါတယ်။

ဟေတီအမျိုးသားရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ လက်ရှိမှာ အခင်းဖြစ်တဲ့ဒေသကို လုံခြုံရေးအဖွဲ့ဝင်တွေ ထိန်းချုပ်ထားပြီလို့ ဆိုပါတယ်။

အဆိုပါ သတ်ဖြတ်တိုက်ခိုက်မှုတွေဟာ ဟေတီနိုင်ငံမှာ ပဋိပက္ခတွေ ပိုမိုဆိုးရွားလာတဲ့ လက္ခဏာတခု ဖြစ်ပါတယ်။  လက်နက်ကိုင်ဂိုဏ်းတွေရဲ့ ထိန်းချုပ်မှုဟာ မြို့တော် ပေါ့အူပရင့်ရဲ့ ဧရိယာတော်တော် များများသာမက အနီးနားက ဒေသတွေအထိ ချဲ့ထွင်လာပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေလည်း ထွက်ပြေးနေ ရပါတယ်။

ကတိပေးထားတဲ့ နိုင်ငံတကာအကူအညီတွေဟာလည်း နှောင့်နှေးနေပြီး အိမ်နီးချင်း နိုင်ငံတွေကလည်း သူတို့ဆီရောက်လာတဲ့ ဟေတီရွေ့ပြောင်းတွေကို နေရပ်ပြန်ပို့ခဲ့ကြပါတယ်။

Ref – Reuters