စစ်ကောင်စီရဲ့သန်းခေါင်းစာရင်းမေးခွန်းတွေ ဘာထူးခြားလဲ

အောက်တိုဘာ ၊ ၄

အာဏာသိမ်းစစ်ကောင်စီဟာ အခုလ အောက်တိုဘာ ၁ ရက်နေ့ကစလို့ ပြည်လုံးကျွတ် သန်းခေါင်စာရင်း စတင်ကောက်ယူနေပြီဖြစ်ပြီး အောက်တိုဘာ ၁၅ ရက်နေ့အထိ ၁၅ ရက်တိုင်တိုင် ကောက်ယူသွားမယ်လို့ ကြေညာထားပါတယ်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၄ ခုနစ် သန်းခေါင်စာရင်း ကောက်ယူရာမှာ မေးခွန်း ၄၁ ခုသာ မေးမြန်းခဲ့ပေမယ့် လက်ရှိစစ်ကောင်စီ ကောက်ယူနေတဲ့ သန်းခေါင်စာရင်းမှာတော့ မေးခွန်း ၆၈ ခုအထိ ထည့်သွင်းမေးမြန်းထားပါတယ်။

ပြည်သူတွေကတော့ အခုလို မေးခွန်းတွေ တိုးမြှင့်မေးမြန်းလာတဲ့အပေါ် စိုးရိမ်မှုရှိနေကြတာပါ။

လက်ရှိ သန်းခေါင်စာရင်းမှာ ထည့်သွင်းမေးမြန်းထားတဲ့ မေးခွန်းတွေမှာတော့ လူဦးရေဆိုင်ရာအချက်အလက် (၁၁) ချက်၊ ပြည်တွင်းရွှေ့ပြောင်းသွားလာခြင်းအကြောင်းအရာ (၆) ချက်၊ ပညာရေးဆိုင်ရာ (၆) ချက်၊ လုပ်သားအင်အားအကြောင်းအရာ (၇) ချက်၊ မွေးဖွားခြင်းအကြောင်းအရာ (၉) ချက်၊ မသန်စွမ်းမှုအကြောင်းအရာ (၁) ချက်၊ သေဆုံးခြင်းနဲ့ ကိုယ်ဝန်ဆောင်မိခင်သေဆုံးခြင်းအကြောင်းအရာ (၇) ချက်၊ ပြည်ပရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ (၈) ချက်နဲ့ အိမ်အကြောင်းအရာ (၁၃) ချက် ပါဝင်ပါတယ်။

 

မေးခွန်းနံပါတ် (၈) – အိမ်မှပြောဆိုတဲ့ ဘာသာစကား 

လက်ရှိ ကောက်ယူနေတဲ့ သန်းခေါင်စာရင်းရဲ့ မေးခွန်း (၆၈) ခု အနက် လူဦးရေအချက်အလက်ဆိုင်ရာအနေနဲ့ မေးခွန်းနံပါတ် (၈) မှာ “အိမ်၌ပြောဆိုသည့် ဘာသာစကား” ဆိုတာကို ထည့်သွင်းမေးမြန်းထားပါတယ်။

၂၀၁၄ ခုနစ် သန်းခေါင်စာရင်းကောက်ယူတဲ့ အချိန်ကတော့ လူဦးရေဆိုင်ရာအချက်အလက်မှာ လူတဦးချင်းစီရဲ့ လူမျိုးအမည်ကို ထည့်သွင်းမေးမြန်းခဲ့ပေမယ့် လက်ရှိမှာတော့ လူမျိုးအမည်ကို မမေးတော့ဘဲ “အိမ်၌ပြောဆိုသည့် ဘာသာစကား” လို့သာ ပြောင်းလဲမေးမြန်းထားတာပါ။

အဲဒီလို ပြောင်းလဲမေးမြန်းထားတဲ့အပေါ် တိုင်းရင်းသားလူမျိုးတချို့အနေနဲ့ သူတို့ရဲ့ ရှိရင်းစွဲ လူမျိုးအရေအတွက်ထက် စစ်ကောင်စီက လျှော့ချသတ်မှတ်လိုက်တာမျိုး လုပ်လာမှာကို စိုးရိမ်တာတွေရှိနေပါတယ်။

ဥပမာအနေနဲ့ မွန်လူမျိုးဖြစ်နေပေမယ့် နေအိမ်မှာတော့ မွန်စကားမပြောဘဲ ဗမာစကားသာ အသုံးပြုပြောဆိုတာမျိုးရှိတာကြောင့် နေအိမ်မှာ ဗမာစကားပဲ ပြောဆိုတဲ့လူတွေကို ဗမာလူမျိုးအဖြစ် စာရင်းထဲထည့်သွင်းလိုက်တာမျိုး လုပ်လာမှာကို စိုးရိမ်နေကြတာပါ။

ဒါပေမယ့် စစ်ကောင်စီအနေနဲ့ အဲဒီ “အိမ်၌ပြောဆိုသည့် ဘာသာစကား” ဆိုတဲ့ မေးခွန်းကနေ ရရှိလာတဲ့ အချက်အလက်တွေကို လူမျိုးဆိုင်ရာ အရေအတွက် သတ်မှတ်ရမှာ အသုံးပြုမလားဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။

 

မေးခွန်းနံပါတ် (၂၁) – ကျောင်းဆက်မတက်ရတဲ့အကြောင်းအရင်း 

အရင်က ကောက်ယူခဲ့ဖူးတဲ့ သန်းခေါင်စာရင်းတွေမှာတော့ ပညာရေးဆိုင်ရာအချက်အလက်တွေဖြစ်တဲ့ လက်ရှိ ကျောင်းတက်ရောက်နေသူ ဟုတ် မဟုတ်၊ နောက်ဆုံးတက်ရောက်ခဲ့တဲ့အတန်း စတာတွေကို မေးမြန်းခဲ့တာရှိပေမယ့် လက်ရှိမှာတော့ အဲဒါတွေအပြင် ကျောင်းဆက်မတက်ရတဲ့ အကြောင်းအရင်းကိုပါ ထည့်သွင်းမေးမြန်းထားပါတယ်။

“အိမ်မှာ ကျောင်းဆက်မတက်ဖြစ်တဲ့ကလေးတွေရှိတော့ ကျန်းမာရေးကြောင့် နားထားတယ်လို့ဖြေလိုက်တာ ဘာမှထပ်မမေးဘူး၊ သူတို့ကတော့ ဖြေတာတွေပဲ ယူသွားတယ်၊ ဘာမှ ထပ်မေးမနေဘူး” လို့ ထားဝယ်မြို့ခံ အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းသူ၊ ကျောင်းသားတချို့က စစ်ကောင်စီ ဖွင့်လှစ်တဲ့ တက္ကသိုလ်တွေ၊ စာသင်ကျောင်းတွေကို မတက်ရောက်တော့ဘဲ Civil Disobedience Movement(CDM) လှုပ်ရှားမှုမှာပါဝင်ခဲ့ကြတာပါ။

အဲဒါကြောင့် စစ်ကောင်စီအနေနဲ့ အခုလို ထည့်သွင်းမေးမြန်းတာမျိုးဖြစ်နိုင်တယ်လို့ တချို့ ကျောင်းသူ၊ ကျောင်းသားတွေက ယူဆတာတွေရှိနေပြီး အရေးယူမှုတွေ လုပ်လာမှာကိုလည်း စိုးရိမ်တာတွေ ရှိနေပါတယ်။

“စီးပွားရေးအဆင်မပြေလို့ ဆက်မတက်ဖြစ်ဘူးလို့ အိမ်ကလူတွေ ဖြေပေးလိုက်တာ၊ ဘာမှထပ်မမေးဘူး” လို့လည်း ကျောင်းဆက်မတက်ဖြစ်တော့တဲ့ နည်းပညာတက္ကသိုလ် ကျောင်းသားတဦးက DNA ကို ပြောပါတယ်။

 

မေးခွန်းနံပါတ် (၆၇) – သေဆုံးတဲ့အကြောင်းအရင်း 

စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူရမှာ မိသားစုဝင်တွေထဲ သေဆုံးသူရှိပါက သေဆုံးရသည့်အကြောင်းအရင်းကိုပါ ထည့်သွင်းမေးမြန်းထားပါတယ်။

ရောဂါတခုခု၊ မတော်တဆခုခုကြောင့် သေဆုံးတာ၊ မိမိကိုယ်ကိုသတ်သေတာ၊ အကြမ်းဖက်မှု၊ အိမ်တွင်းအကြမ်းဖက်မှု ဒါမှမဟုတ် တခြား ဘာအကြောင်းအရာကြောင့် သေဆုံးရတာလဲဆိုတာကို မေးမြန်းထားတာပါ။

၂၀၁၄ သန်းခေါင်စာရင်းတုန်းကတော့ မိသားစုဝင်တွေထဲ သေဆုံးသူအရေအတွက်၊ သေဆုံးသူအမည်၊ ကျား/မ၊ သေဆုံးစဥ်အသက် စတာတွေကို မေးမြန်းခဲ့တာရှိပေမယ့် လက်ရှိမှာတော့ အဲဒါတွေအပြင် သေဆုံးရသည့်အကြောင်းအရင်းကိုပါ ထည့်သွင်းမေးမြန်းလာတာဖြစ်ပါတယ်။

နိုင်ငံအနှံ့ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေတဲ့ တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ရင်း သေဆုံးခဲ့ရတဲ့ လူငယ်အများအပြားရှိနေတဲ့အချိန် အခုလို ထည့်သွင်းမေးမြန်းလာတဲ့အပေါ် ပြည်သူတချို့ကတော့ သံသယရှိနေကြပါတယ်။

 

ပြည်သူတွေ စိုးရိမ်နေတဲ့ ပြည်ပ ရွှေ့ပြောင်းသွားလာခြင်းအကြောင်းအရာ မေးခွန်း (၈) ချက်

အိမ်ထောင်စုထဲ နိုင်ငံခြားရောက်နေသူအရေအတွက်၊ နိုင်ငံခြားရောက်နေသူရဲ့ အမည်၊ အိမ်ထောင်ဦးစီးနဲ့ တော်စပ်ပုံ၊ ကျား/မ၊ အသက်၊ မြန်မာနိုင်ငံကနေ ထွက်သွားတဲ့ခုနှစ်၊ လက်ရှိရောက်နေတဲ့ နိုင်ငံ၊ မြန်မာနိုင်ငံကနေ မထွက်ခင် အမြင့်ဆုံးတက်ရောက်ခဲ့တဲ့ သင်တန်းစတဲ့ မေးခွန်း (၈) ခုကို ပြည်ပ ရွှေ့ပြောင်းသွားလာခြင်းအကြောင်းအရာအနေနဲ့ လက်ရှိ သန်းခေါင်စာရင်းကောက်ယူမှုမှာ ထည့်သွင်းမေးမြန်းနေပါတယ်။

အဲဒီမေးခွန်းတွေထဲမှာ မြန်မာနိုင်ငံကနေ မထွက်ခင် အမြင့်ဆုံးတက်ရောက်ခဲ့တဲ့ သင်တန်းအကြောင်း မေးမြန်းထားတာတခုကလွဲလို့ ကျန်တဲ့မေးခွန်း ခုနစ်ခုစလုံးကတော့ ၂၀၁၄ သန်းခေါင်စာရင်းကောက်ယူရာမှာ ထည့်သွင်းမေးမြန်းခဲ့တဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။

“နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ သူ ဘယ်နယောက်ရှိလဲမေးပြီးရင် အခွန်လာကောက်မှာရင်ဘယ်လို လုပ်မလဲ၊ အဲဒါကို စိတ်ပူတာ” လို့လည်း အထက်ပါ ထားဝယ်မြို့ခံ အမျိုးသမီးကပြောပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နှစ်ကုန်ပိုင်းကစလို့ ပြည်ပရောက် မြန်မာအလုပ်သမားတွေအနေနဲ့ ဝင်ငွေရဲ့ နှစ်ရာခိုင်နှုန်းကို အခွန်ဆောင်ဖို့နဲ့ ၂၅ ရာခိုင်နှုန်းကို ဘဏ်ကနေတဆင့် မိသားစုထံ လွှဲပြောင်းဖို့ ကြေညာထားပါတယ်။

အဲနောက်ပိုင်းမှာတော့ စစ်ကောင်စီဟာ ဝင်ငွေအခွန်မဆောင်တဲ့သူတွေ၊ မိသားစုထံ ငွေလွှဲထားကြောင်း အထောက်အထား မပြနိုင်တဲ့သူတွေကို နိုင်ငံကူးလက်မှတ် သက်တမ်းတိုး မပေးတာ၊  ပြည်ပအလုပ်သမား သက်သေခံကတ်ပြား (OWIC) လုပ်ခွင့်မပေးတာတွေ ပြုလုပ်လာပါတယ်။

အဲဒါကြောင့် မိသားစုဝင်တွေထဲ ပြည်ပရောက်ရှိနေသူတချို့ကတော့ အမှန်တကယ် ပြည်ပရောက်ရှိနေတဲ့အကြောင်း မဖြေဖို့ စဥ်းစားချက်တွေရှိနေပါတယ်။

“အိမ်ထောင်ကျပြီး အမျိုးသားနဲ့အတူ သူ့ဇာတိမှာ လိုက်နေတယ်လို့ပဲ ပြောခိုင်းတာ” လို့လည်း နိုင်ငံရေးအခြေအနေကြောင့် လက်ရှိ ထိုင်းနိုင်ငံမှာ ပြောင်းရွှေ့နေထိုင်နေသူ အမျိုးသမီးတဦးက ပြောပါတယ်။

 

မေးခွန်း (၅) ခု ပိုလာတဲ့ အိမ်အကြောင်းအရာ 

၂၀၁၄ သန်းခေါင်စာရင်းကောက်ယူရာမှာ အိမ်အကြောင်းအရာနဲ့ ပတ်သက်ပြီး နေအိမ်အမျိုးအစား၊ အိမ်ပိုင်ဆိုင်မှုအမျိုးအစား၊ အိမ်မှာ အလင်းရောင်အတွက်အသုံးပြုတဲ့ မီးအမျိုးအစား၊ သောက်သုံးရေ ရရှိမှုအရင်းအမြစ်၊ ချက်ပြုတ်ရာမှာ အဓိကသုံးတဲ့ လောင်စာ၊ အိမ်သာအမျိုးအစား၊ အိမ်ဆောက်ရာမှာ အဓိကအသုံးပြုထားတဲ့ပစ္စည်းနဲ့ ပိုင်ဆိုင်ပစ္စည်းတချို့ စတဲ့ မေးခွန်း ရှစ်ခုကို မေးမြန်းခဲ့ပါတယ်။

လက်ရှိ သန်းခေါင်စာရင်းကောက်ယူရာမှာတော့ အဲဒီ မေးခွန်းတွေအပြင် အိမ်ရှိအခန်းအရေအတွက်၊ အိပ်ခန်းအရေအတွက်၊ မီးဖိုခန်းရှိမရှိဆိုတဲ့ မေးခွန်းသုံးခုနဲ့ သောက်/သုံးရေ ရရှိမှု အခြေအနေနဲ့ ပတ်သက်တဲ့ မေးခွန်း နှစ်ခုတို့ကိုလည်း ထည့်သွင်းမေးမြန်းထားပါတယ်။

“အရင်က မေးတာတွေနဲ့ အတူတူပဲဆိုပေမယ့် ကိုယ့်အိမ်ရဲ့ ပိုင်ဆိုင်မှုတွေကြောင်း သူတို့ကို မသိစေချင်တာတော့ အမှန်ပဲ” လို့လည်း ရန်ကုန်မြို့က အရောင်းဝန်ထမ်း အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။

မေးခွန်း (၆၈) ခုထဲပါတဲ့ တခြားအကြောင်းအရာတွေကတော့ ၂၀၁၄ သန်းခေါင်စာရင်းတုန်းက မေးမြန်းခဲ့တာတွေ၊ အဲတာတွေနဲ့ အလားတူတဲ့မေးခွန်းတွေနဲ့ သန်းခေါင်စာရင်းကောက်ယူရာမှာ မေးမြန်းလေ့ရှိတဲ့ မေးခွန်းတွေသာဖြစ်ပြီး ထူးထူးခြားခြားတော့ မတွေ့ရပါဘူး။

ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်မှာ သန်းခေါင်စာရင်းကောက်ယူနေတဲ့ ပညာရေးဝန်ထမ်းတဦးကတော့ သူ့အတွေ့အကြုံကို အခုလိုပြောပြပါတယ်။

“ပြသနာတော့မရှိပါဘူး၊ ဖြေပေးကြပါတယ်။ ဒါပေမယ့်လူအင်အားကနည်းတော့ကြာတာပေါ့။ အခုဆိုရပ်ကွက်တခုလောက်ပဲပြီးသေးတယ်” လို့ သူကပြောပါတယ်။

သတ်မှတ်ချက်တွေအရတော့ သန်းခေါင်စာရင်းကောက်ယူရာကနေ ရရှိလာတဲ့အချက်အလက်တွေကို သန်းခေါင်စာရင်းဆိုင်ရာ ကိစ္စရပ်ကနေလွဲလို့ တခြားကိစ္စရပ်တွေအတွက် အသုံးပြုတာ၊ စုံစမ်းစစ်ဆေးတာတွေ လုပ်ခွင့်မရှိပါဘူး။

ဒါပေမယ့်အာဏာသိမ်း စစ်ခေါင်းဆောင် ကတော့ ၂၀၂၄ သန်းခေါင်စာရင်းကနေ ရလာတဲ့ အချက်အလက်တွေကို အခြေခံကာ မဲစာရင်းပြုစုပြီး လာမယ့် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲပြုလုပ်မယ်လို့ မကြာခဏ ပြောဆိုလေ့ရှိနေတာဖြစ်ပါတယ်။