တရုတ်ကွန်မြူနစ်ပါတီ ၇၅ နှစ်မြောက် မွေးနေ့အကြိုမှာ ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းရေး ရှီ ကတိပြုခဲ့

အောက်တိုဘာ ၊ ၂

တရုတ်ကွန်မြူနစ်ပါတီရဲ့ ၇၅ နှစ်မြောက် မွေးနေ့အကြိုနေ့မှာ ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းရေး အောင်မြင်ဖို့အတွက် သူ့ရဲ့ကတိကဝတ်ကို တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်က ထပ်လောင်းပြောဆိုခဲ့ပါတယ်။

အောက်တိုဘာ ၂ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ရေး အခမ်းအနားမှာ ရှီကျင့်ဖျင်က သူ့ရဲ့ မိန့်ခွန်းကို “အမိမြေကို ပြီးပြည့်စုံတဲ့ ပြန်လည်ပေါင်းစည်းရေး” ရရှိဖို့ သူ့ရဲ့ သန္နိဋ္ဌာန်ကို အလေးပေး ပြောခဲ့ပါတယ်။

“ဒါက နောက်ပြန်လှည့်လို့မရတဲ့ လမ်းကြောင်းတစ်ခု၊ ဖြောင့်မတ်ခြင်းနဲ့ ပြည်သူတွေရဲ့ ဘုံဆန္ဒတစ်ခုပါပဲ။ သမိုင်းရဲ့ချီတက်မှုကို ဘယ်သူကမှ တားဆီးနိုင်မှာ မဟုတ်ဘူး” လို့ ပေကျင်းမြို့ရှိ Great Hall of the People မှာ တက်ရောက်သူ ထောင်ပေါင်းများစွာကို ပြောကြားခဲ့တယ်လို့ နိုင်ငံပိုင်သတင်းအေဂျင်စီ ဆင်ဟွာက ဖော်ပြခဲ့ပါတယ်။

တရုတ်အစိုးရဟာ တရုတ်တပြည်ထောင်တည်း မူဝါဒအရ ထိုင်ဝမ်ကို သူ့ရဲ့ သင်းကွဲပြည်နယ်တခု အဖြစ်သာ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

တရုတ်ရဲ့ အာဏာရကွန်မြူနစ်ပါတီဟာ ထိုင်ဝမ်ကို ဘယ်တုန်းကမှ မထိန်းချုပ်ခဲ့ဖူးပေမဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒီမိုရေကစီနဲ့အတူ ပြန်လည်ပေါင်းစည်းမယ်လို့ ကတိပြုထားပြီး လိုအပ်ပါက အင်အားသုံးမယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ ကျွန်းပေါ်ရှိ လူအများစုကတော့ သူတို့ကိုယ်သူတို့ ထိုင်ဝမ်နိုင်ငံသားတွေ ဖြစ်တယ်လို့ ကွဲကွဲပြားပြား ရှုမြင်ကြပြီး ကွန်မြူနစ်တရုတ်ရဲ့ အစိတ်အပိုင်းဖြစ်ဖို့အတွက် ဆန္ဒမရှိကြပါဘူး။

တရုတ်ပြည်တွင်းစစ်ပြီးနောက် ၁၉၄၉ခုနှစ်ကတည်းက တရုတ်ပြည်မကြီးနဲ့ ထိုင်ဝမ်ကို အစိုးရအဖွဲ့ သီးခြားစီက အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၄၉ခုနှစ် အောက်တိုဘာ ၁ရက်နေ့မှာ ပေကျင်းကို ကွန်မြူနစ်တွေက အာဏာထိန်းချုပ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တည်ထောင်လိုက်ချိန်မှာ ရှုံးနိမ့်ခဲ့တဲ့ အမျိုးသားရေးဝါဒီတွေကတော့ ပြည်မကြီးကနေ ထိုင်ဝမ်ကျွန်းဆီကို ထွက်ပြေးခဲ့ရပါတယ်။

တရုတ်ခေါင်းဆောင် အဆက်ဆက်က ထိုင်ဝမ်ကို တစ်နေ့မှာ ပြည်မကြီးထဲ ပြန်လည်သွတ်သွင်းမယ်လို့  ကတိပြုကြပေမဲ့ ဆယ်စုနှစ်များစွာအတွင်းမှာ တရုတ်ခေါင်းဆောင် ရှီက ထိုင်ဝမ်ကျွန်းကို ဆန့်ကျင်တဲ့ စကားလုံးတွေနဲ့ ရန်လိုမှုတွေ အရှိန်မြင့်ခဲ့တာကြောင့် ရေလက်ကြားတလျှောက် တင်းမာမှုများ ဖြစ်ပေါ်ခဲ့ပြီး စစ်ရေးအရ ထိပ်တိုက်တွေ့မှာကို စိုးရိမ်မှုများ မြင့်တက်လာခဲ့ပါတယ်။

“ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ အထွတ်အမြတ်ထားတဲ့ နယ်မြေပါ။ သွေးက ရေထက် ပိုပြစ်တယ်၊ ရေလက်ကြားရဲ့ နှစ်ဘက်စလုံးက လူတွေက သွေးနဲ့ ဆက်စပ်နေတာဖြစ်တယ်” လို့ ရှီက အရာရှိတွေ အငြိမ်းစား ပါတီခေါင်းဆောင်တွေနဲ့ နိုင်ငံခြားဂုဏ်သရေရှိပုဂ္ဂိုလ်တွေ အပါအဝင် လူပေါင်း ၃၀၀၀ ကျော် တက်ရောက်ခဲ့တဲ့ အဆိုပါပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင်  “ထိုင်ဝမ် လွတ်လပ်ရေး” ခွဲထွက်ရေး လှုပ်ရှားမှုတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ရမယ်” လို့လည်း ရှီကပြောခဲ့ပါသေးတယ်။

မကြာသေးခင်လတွေအတွင်း ပေကျင်းက ထိုင်ဝမ်ကျွန်းတဝိုက်မှာ စစ်ရေးလှုပ်ရှားမှုတွေ အရှိန်မြှင့်လုပ်ဆောင်လာခဲ့တယ်လို့ ထိုင်ဝမ်တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလက စစ်ရေးလေ့ကျင့်မှုအပါအဝင် တရုတ်စစ်တပ်က ထိုင်ဝမ်ကျွန်းကို အာဏာသိမ်းဖို့အတွက် စွမ်းရည်စမ်းသပ်မှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ထိုင်ဝမ်အရေးဟာ တရုတ်နဲ့ အမေရိကန်အကြား ငြင်းခုံရလေ့ရှိတဲ့ အဓိကအကြောင်းအရာ တခုလည်းဖြစ်ပါတယ်။ ထိုင်ဝမ်ကို နိုင်ငံတနိုင်ငံအနေနဲ့ အသိအမှတ်မပြုဖို့  နိုင်ငံတကာကို တရုတ်အစိုးရက တိုက်တွန်းထားပေမယ့် အမေရိကန်ဟာ ထိုင်ဝမ်နဲ့ နှစ်နိုင်ငံအပြန်အလှန် ဆက်ဆံရေးတည်ဆောက်ထားပြီး ထိုင်ဝမ်အနေနဲ့ မိမိကိုယ့်ကိုယ်ကာကွယ်နိုင်ဖို့ လက်နက်တွေကိုလည်း ထောက်ပံ့ပေးလေ့ပါတယ်။

Source: CNN