မန္တလေးက လုပ်ငန်းရှင်တွေကို PDF တွေက  ဆက်ကြေးတောင်းစာတွေပို့ပြီး ခြိမ်းခြောက်နေတယ် ဆိုတဲ့ သတင်းအမှား

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်

(Fact Check)-Delta News Agency/Kantarawaddy Times/The Red Flag

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်လောက်ကစပြီး မန္တလေးက စီးပွားရေးလုပ်ငန်းရှင်တွေအကြားမှာ မန္တလေး PDF ကနေ ဆက်ကြေးပေးဖို့ Viber ကနေ စာပို့တောင်းခံပြီး ခြိမ်းခြောက်မှုတွေ လုပ်နေတယ် ဆိုတဲ့ သတင်းပျံ့နှံ့နေခဲ့ပါတယ်။

စစ်ကောင်စီလော်ဘီ တယ်လီဂရန်ချန်နယ်ဖြစ်တဲ့ Kyaw Swar ကနေ စက်တင်ဘာလ ၂၉ ရက်မှာ “ Pdf ဆို တာ သူခိုး ဒမြတွေပဲဖြစ်လာခဲ့တယ် မဟုတ်လား၊ အကြမ်းဖက် PDF တွေဟာ ပြည်သူတွေအပေါ်မှာ အနိုင် ကျင့်ပြီး ခိုးဆိုးလုနှိုက်ဓားပြတိုက်တာကိုလုပ်နေတာကနေ ရောင့်တက်လာပြီးအခုဆိုရင်ခြိမ်းခြောက်ငွေညှစ် တဲ့အထိကို လုပ်လာနေကြပြီ…မန္တလေးက လုပ်ငန်းရှင်တွေ၊ စီးပွားရေးသမားတွေ၊ အသင်းအဖွဲ့တွေကို မန္တလေး PDF က Viber ကနေ ဆက်ကြေးပေးဖို့ ခြိမ်းခြောက်စာတွေ ပို့နေကြတယ်။

တောင်းတဲ့အတိုင်း မပေးရင် အသက်ကိုရန်ရှာလုပ်ကြံမယ်လို့ မိုက်ရိုင်းစွာ ခြိမ်းခြောက်နေကြတာ..PDF ဆိုတဲ့ အကြမ်းဖက်သမားတွေ ပေါ်ထွက်လာတော့မှပဲ ပြည်သူတွေမှာ အကြမ်းဖက်မှုတွေကြောင့် အိပ် ကောင်းခြင်းမအိပ်ရ၊ စားကောင်းခြင်းမစားရတဲ့ ဒုက္ခတွေကြုံတွေ့နေရတဲ့အပြင် မိုက်ကြေးခွဲပြီး ဆက်ကြေး တောင်းတာကိုပါ ခံနေကြရပါလား.လက်နက်ကိုင်ပြီး ပြည်သူတွေကိုအနိုင်ကျင့်နေတဲ့ ရွံစရာကောင်တွေပဲ ..crd”(မူရင်းအတိုင်း)လို့ Myat Moe Hein Khaing Facebook က ပုံနဲ့အတူ ရေးသားထားတာကို တွေ့ရပါ တယ်။

အဲဒီသတင်းကို လော်ဘီတယ်လီဂရန်ချန်နယ်ဖြစ်တဲ့ ကိုလှရွှေ(သတင်းမှန်)က ထပ်မံရေးသားဖြန့်ဝေခဲ့သလို NP-News ကနေ “မန္တလေးက လုပ်ငန်းရှင်ပေါင်း ၅၀၀ ကျော်ကို PDF တွေက ပစ်စာနဲ့ ဆက်ကြေးတောင်း နေ” ဆိုပြီး စက်တင်ဘာလ ၂၉ ရက်မှာ ထည့်သွင်းပြောဆိုခဲ့တာကို တွေ့ရပါတယ်။

အဲဒီသတင်းနဲ့ပတ်သက်လို့ Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA နဲ့ KTT တို့က စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းမှားဆိုတာကို စိစစ်သိရှိရပါတယ်။ 

 

☑️ သတင်းစိစစ်ချက်

အဲဒီသတင်းမှားဟာ Mandalay Free Press-MPF ရဲ့ မန္တလေးက စီးပွားရေးလုပ်ငန်းရှင်တွေကို  PDF အမည်နဲ့ စာပို့ခြိမ်းခြောက်နေတာဟာ လုပ်ငန်းရှင်တွေရဲ့ဖုန်းနံပတ်စာရင်း ရထားသူတွေက PDF အမည်သုံး ကာ ငွေညှစ်တာဖြစ်နိုင်လို့ဆိုပြီး ရေးသားထားတဲ့သတင်းကို ‘Myat Moe Hein Khaing’ Facebook Account (ဖေ့ဘွတ်ခ်အကောင့်) ကနေ ကူးယူတင်ခဲ့တဲ့အထဲက Screen Shot စာကိုလိုသလို ရယူပြီး ရေးသားထားတာဖြစ်ပါတယ်။ 

NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ PVTV တို့ကနေ စက်တင်ဘာ ၁၃ ရက်မှာ “ PDF အမည်၊ တံဆိပ်တွေ သုံးပြီး လုပ်ငန်းရှင်တွေကို လိမ်လည်ခြိမ်းခြောက်ငွေတောင်းတာတွေရှိလို့  စိစစ်နိုင်ဖို့ ကာကွယ်ရေးဝန်ကြီး ဌာန Email office@modnugmm.org နဲ့ တိုင်ကြားမှုများဆိုင်ရာကော်မတီ Email cc@mod.nug myanmar.org ကို ဆက်သွယ်အသိပေးဖို့ ထုတ်ပြန်ထားတာကို ဖတ်ရှုနိုင်ပါတယ်။

အလားတူ Myanmar Now ကနေ စက်တင်ဘာ ၁၃ ရက်မှာ “ဆက်ကြေးလိမ်ညာတောင်းခံသူများရှိနေလို့ တောင်းခံရပါက တိုင်ကြားကြရန် NUG ကထုတ်ပြန်ခဲ့ကာ  ယခင်နှစ် မေလကလည်း မတ္တရာမြို့နယ်မှာ စီးပွားရေးလုပ်ကိုင်နေသူတွေကို PDF အယောင်ဆောင်ပြီး ငွေကြးတောင်းခံစာ ပေးပို့မှုများရှိခဲ့တယ်လို့ ရေးသားထားတာကို ဖတ်ရှုနိုင်ပါတယ်။

Mandalay Free Press က စက်တင်ဘာ ၂၉ ရက်မှာ “မန္တလေးက စီးပွားရေးလုပ်ငန်းရှင်တွေကို PDF အမည်နဲ့ကျပ် ၁၀ သိန်းပေးဖို့နဲ့မပေးရင် အသက်ဘေးကြုံမယ်လို့ ခြိမ်းခြောက်စာတွေကို Viber ကနေ ပို့နေတယ်လို့သိရပြီး ဖုန်းနံပါတ်တွေကို ဆက်ကြည့်ရာမှာ ဆက်သွယ်လို့မရသလို Kpay မှာလည်း အဲ့ဒီ နံပါတ်တွေကို register(မှတ်ပုံတင်)လုပ်ထားတာ မတွေ့ရဘူးလို့ ရေးသားထားတာကို ဖတ်ရှုနိုင်ပါတယ်။

မြေလတ်အသံ ကနေ စက်တင်ဘာ ၁၅ ရက်မှာ “ PDF အမည်သုံးပြီး လုပ်ငန်းရှင်တွေကို ဆက်ကြေးငွေ ၁၀ သိန်းပေးရမယ်လို့ Viber ကပို့ပြီး တောင်းတာကို စက်တင်ဘာ ၁၀ ရက်က စတွေ့ခဲ့ပြီး စက်တင်ဘာ ၁၅ ရက်ထိစာပို့ခံနေရတဲ့လုပ်ငန်းရှင်တွေရှိကာ မန္တလေးတိုင်းတော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့  ခြိမ်းခြောက် ငွေတောင်းတာမရှိဘဲ ပြည်သူတွေလှူတာကိုသာ လက်ခံတယ်လို့ ရေးသားထားတာကို ဖတ်ရှုနိုင်ပါတယ်။

ကန့်ဘလူမြို့နယ်မှာ ပြည်သူတွေဆီက တော်လှန်ရေးအဖွဲ့အယောင်ဆောင်ပြီး ဖုန်းနဲ့ ၁၀ လကြာ ငွေလိမ် လည်တောင်းခံနေတဲ့ ကိုသန်းထိုက်ဦး(ခ)ငသီး ကို စက်တင်ဘာလ ၁၅ ရက်မှာဖမ်းဆီးရမိပြီး  လိမ်လည်ရ ယူခဲ့တဲ့ ငွေသိန်း ၁၀၀ ကျပ်ခန့်ကိုလည်း ကာယကံရှင်တချို့ထံကိုပြန်ပေးအပ်ခဲ့တယ်လို့ မြေလတ်အသံက ရေးသားထားတာ ကို ဖတ်ရှုနိုင်ပါတယ်။

☑️သုံးသပ်ချက်  

ဒီသတင်းမှားဟာ MFP ကရေးသားထားတဲ့သတင်းကို Myat Moe Hein Khaing Facebook အကောင့်က နေထပ်ဆင့်ရေးသားဖြန့်ဝေထားတဲ့အထဲက Screen Shot စာကို ရယူပြီး PDF တွေက လုပ်ငန်းရှင်တွေကို ဆက်ကြေးတောင်းနေတယ်ဆိုပြီး ပုံဖျက်ရေးသားထားတာသာ ဖြစ်ပါတယ်။

မန္တလေးက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေက PDF တွေကို အမြင်မှားအောင် ပုံဖျက်လိုတဲ့ အတွက် Viber ကနေ ခြိမ်းခြောက်စာပို့တာဖြစ်လို့ လိမ်လည်ရေးသားထားတဲ့ သတင်းမှားသာဖြစ်ပါတယ်။

လုပ်ငန်းရှင်တွေအနေနဲ့ ခြိမ်းခြောက်ငွေတောင်းခံစာရရှိရင် NUG ကကြေညာထားတဲ့ Email တွေကို ဆက် သွယ်အသိပေးပါက စိစစ်နိုင်မှာဖြစ်သလို PDF/ပကဖ အဖွဲ့ဝင်တဦးဦးက လုပ်တာကို  စိစစ်တွေ့ရှိရင် PDF တပ်ရဲ့ စစ်စည်းကမ်းဥပဒေနဲ့ အရေးယူသွားမှာဖြစ်လို့ ပူးပေါင်းဆောင်ရွက်ပါက လိမ်လည်ခြိမ်းခြောက် ငွေ ကြေးတောင်းခံရမှုများ ပပျောက်သွားမှာဖြစ်ပါတယ်။

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကို ဒီနေရာ (dnafactcheck@ gmail.com)ကနေ ဝင်ရောက်ဆက်သွယ်မေးမြန်းနိုင်သလို Kantarawaddy Times ရဲ့ မက်ဆင်ဂျာကနေ တဆင့်ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork