သတ်တော့ သုံးယောက်၊ သေသွားတာက မိသားစုသုံးခု

အောက်တိုဘာ၊ ၁

ခင်ပွန်းဖြစ်သူ မမျှော်လင့်ဘဲ သတ်ဖြတ်ခံလိုက်ရတဲ့နောက် အငယ်ဆုံး သမီးထွေးမဇင်မိုးဝေကို အမွေစား အမွေခံ မွေးစားမယ့်သူတွေဆီ အပြီးတိုင်စောင့်ရှောက်ခွင့်ပေးလိုက်ပြီးတဲ့ တိုင်အောင် ဒေါ်မချစ်ရဲ့အခက်အခဲတွေကလျော့ မသွားသေးပါဘူး။

ငါးနှစ်တောင်မပြည့်သေးတဲ့သမီးထွေးကလေးကို မွေးစားမိဘတွေဆီလက်လွှဲပေးခွင့်ရလိုက်တာဟာ ဒေါ်မချစ်အဖို့ တော့နောက်ထပ်ကျန်နေသေးတဲ့ သားသမီးငါးဦးကို လုပ်ကိုင်ကျွေးမွေးစောင့်ရှောက်နိုင်ဖို့ လမ်းစတခုရလာရုံမျှ သာပါ။

“စိတ်ထဲမကောင်းဘူးပေါ့၊ ကိုယ့်သား၊သမီးကို သူများဆီပေးလိုက်ရတော့၊ ကိုယ်ကလည်း သူရှိလို့ရှိရင် အလုပ်လုပ် လို့မရဘူးလေ၊ အလုပ်ရှင်တွေကမခေါ်ဘူး၊ ကလေးတဖက်နဲ့ဆိုတော့ အလုပ်လုပ်ဖို့ မလွတ်လပ်ဘူး” လို့ ကလေး ကိုပေးလိုက်ရတဲ့အကြောင်း ဒေါ်မချစ်က ပြောပြပါတယ်။

ဖတဆိုးဖြစ်သွားကြရှာတဲ့ ၁၄ နှစ်ကနေ ၇ နှစ်အရွယ် ကလေးငါးယောက်ကို ဒေါ်မချစ်တယောက် တည်းပဲ ရရာ နေ့စားအလုပ်တွေလုပ်ပြီး ရှာဖွေကျွေးမွေးနေရတာပါ။

တရွာတည်းနေ နောက်ထပ်အမျိုးသမီးနှစ်ဦးဟာလည်း ဒေါ်မချစ်လိုပဲ တူညီတဲ့ ကံကြမ္မာကို တပြိုင်တည်းရင်ဆိုင် ခဲ့ကြရပြီး အခုထိတော့ လောကဓံဝဲဂယက်ထဲ လူးလွန့်ကူးခတ်နေကြရဆဲပါ။

ဒေါ်မချစ်၊ဒေါ်ရွှေရွှေနဲ့ မကေသွယ်အောင်တို့ရဲ့ ခင်ပွန်းသည်တွေဟာ ၂၀၂၃ နှစ်ကုန်ပိုင်းမှာ လက်နက်ကိုင်အဖွဲ့ တခုရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကိုခံခဲ့ကြရတာပါ။

သူတို့မိသားစုသုံးခုဟာ ပဲခူးတိုင်း၊ ရွှေကျင်ဒေသခံတွေဖြစ်ပြီး အလုပ်အကိုင်ရှားပါးပြီး မိသားစုရပ်တည်ရေးခက်ခဲ လာတာကြောင့် အသိမိတ်ဆွေတွေရှိရာ တနင်္သာရီတိုင်း၊ရေဖြူမြို့နယ်၊ကလိန်အောင်မြို့နယ်ခွဲထဲက ကျောက်လုံး ကြီးရွာကို ပြောင်းရွှေ့အခြေချခဲ့ကြတာ သုံးနှစ်လောက်ပဲရှိပါသေးတယ်။

အဲ့ဒီဒေသဟာ KNU တပ်မဟာ(၄)ထိန်းချုပ်နယ်မြေတွေထဲမှာပါဝင်ပါတယ်။

“တရွာမပြောင်းသူကောင်းမဖြစ်”ဆိုသလို ရည်ရွယ်ခဲ့ကြတာဖြစ်ပေမယ့် လက်တွေ့သူတို့ဘဝတွေကတော့ မှန်း ချက်နဲ့နှမ်းထွက် တက်တက်စင်အောင်လွဲနေကြရတဲ့အဖြစ်မျိုးပါ။

ဒေါ်မချစ်ရဲ့ခင်ပွန်းဖြစ်တဲ့ကိုလှမြင့်၊ ဒေါ်ရွှေရွှေရဲ့ ခင်ပွန်း ဦးကျော်အေး၊ မကေသွယ်ရဲ့ ခင်ပွန်း ကိုကျော်ဇောလင်းတို့ ဟာ ကျောက်လုံးကြီးကျေးရွာကနေ တညအိပ်ခရီးသွားရတဲ့ လက်လုပ် ရွှေလုပ်ကွက်တွေရှိရာ ထိုင်းနယ်စပ်အနီးက ပင်းမချောင်းဘက်ကို ရွှေကျင်ဖို့အသွား လမ်းမှာ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတာပါ။

အသက် ၃၈နှစ်အရွယ်ကိုလှမြင့်နဲ့ ၅၂နှစ်အရွယ် ဦးကျော်အေးတို့က လုပ်ဖော်ကိုင်ဖက်တွေ။ ကိုကျော်ဇောလင်းကတော့ ဦးကျော်အေးနဲ့ ဒေါ်ရွှေရွှေတို့ရဲ့သား။

“အစကတော့ အလုပ်သွားတာ အဖမ်းခံထိတယ်လို့ပဲကြားတယ်၊ နောက်တော့မှ ဒီက လူကြီးတွေ စုံစမ်းတော့မှ သေသွားပြီဆိုတာသိရတာ” လို့ ဒေါ်ရွှေရွှေက ပြောပါတယ်။

ပုံမှန်အတိုင်း လုပ်ငန်းခွင်ရှိရာဆီ ဦးတည်ပြီး ၂၀၂၃ခုနှစ် ဒီဇင်ဘာ ၁၇ရက်မှာအိမ်ကထွက်သွားကြတဲ့ အဲ့ဒီအမျိုး သားသုံးဦးဟာ သူတို့အိမ်တွေဆီဘယ်တော့မှ ပြန်ရောက်မလာနိုင်ကြတော့ပါဘူး။

သူတို့သုံးဦးကို ကော်သူးလေ တပ်မတော်(KTLA)၊ ဆာကဆောတပ် မဟာ၊ တပ်ရင်း (၂)၊ တပ်ခွဲ (၅)ရဲ့ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသတ်ဖြတ်ခဲ့တာပါ။ သူတို့သုံးဦးဟာစစ်ကောင်စီသတင်းပေးတွေလို့လည်း ဖမ်းဆီးသတ်ဖြတ်သူ တွေကစွပ်စွဲထားပါတယ်။

KTLA တပ်ဖွဲ့ဝင်တွေဟာ ကိုလှမြင့်တို့သုံးဦးကို အိမ်ကထွက်သွားပြီး နောက်တရက် ဒီဇင်ဘာ ၁၈ရက်မှာပဲ ဖမ်း ဆီးသတ်ဖြတ်လိုက်တာဖြစ်ပါတယ်။

သူတို့ သုံးယောက် သတ်ဖြတ်ခံလိုက်ရပြီဆိုတာကိုတော့ အသတ်ခံရပြီး နှစ်ပတ်ကျော်အကြာမှ မိသားစုဝင်တွေ သိရှိခဲ့ရတာဖြစ်ပြီး ရုပ်အလောင်းတွေလည်း ပြန်မရခဲ့ပါဘူး။

အဆက်အသွယ်မရတာ နှစ်ပတ်လောက်ရှိလာလို့ အဲတုန်းက ရွာရဲ့ အုပ်ချုပ်ရေးမှူးဖြစ်သူ ကိုဆံရှည်ကနေတဆင့် KNU တပ်မဟာ (၄)နဲ့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ Spring Dhamma PDF အဖွဲ့တို့ထံ အကူ အညီတောင်းပြီး ရှာဖွေတဲ့အချိန်မှာမှ အသတ်ခံလိုက်ရပြီဆိုတာ သိခဲ့ရတာပါ။

ပျောက်ဆုံးနေသူသုံးဦးကိုရှာဖွေကြချိန် လမ်းမှာတွေ့တဲ့ KTLA တပ်ဖွဲ့ဝင် ရှစ်ဦးကို စစ်ဆေးရာကနေ တပ်ဖွဲ့ဝင် တယောက်ရဲ့ ဖုန်းထဲ မှာ ကိုလှမြင့်ကို သတ်ဖြတ်ထားတဲ့ ရုပ်သံဖိုင် တွေ့ရှိခဲ့ရလို့ အသတ်ခံလိုက်ရပြီဆိုတာကို အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။

Delta News Agency က ကြည့်ရှုခွင့်ရခဲ့တဲ့ အဲဒီရုပ်သံဖိုင်ထဲမှာတော့ KTLA တပ်ဖွဲ့ဝင် သုံးဦးလောက်က လက် ပြန်ကြိုးတုပ်ခံထားရတဲ့ ကိုလှမြင့်ရဲ့ ရင်ဘတ်နဲ့ လည်ပင်းနေရာတွေကို ဓားနဲ့ အချက် ပေါင်းများစွာ ထိုးသွင်း၊ ခုတ်ထစ်သတ်ဖြတ်နေတာကို တွေ့ရပါတယ်။

“အကိုရယ် အကိုတို့ ကျွန်တော်တို့ကို အထင်လွဲနေတာ၊ကျွန်တော်တို့ ရိုးရိုးသားသားပဲ၊ မယုံရင် ကျောက်လုံးကြီး တခွင် စုံစမ်းကြည့်”လို့ အသတ်မခံရမီ တောင်းပန်ရှင်းပြဖို့ကြိုးစားနေတဲ့ ကိုလှမြင့်ကိုရုပ်သံဖိုင်ထဲမှာ တွေ့ရပါ တယ်။

ဦးကျော်အေးနဲ့ ကိုကျော်ဇောလင်းတို့ သားအဖနှစ်ဦးကိုတော့ ကိုလှမြင့်ကို မသတ်ခင် အရင်သတ်လိုက်တာလို့ သိရပေမယ့် ဘယ်လိုသတ်ဖြတ်ခံခဲ့ရလဲဆိုတာကိုတော့ အတိအကျ မသိရပါဘူး။

အိမ်ခြေ တရာဝန်းကျင်ရှိတဲ့ ကျောက်လုံးကြီးရွာနဲ့ အနီးအနားရွာတွေမှာ ဒေါ်မချစ်တို့လိုပဲ တခြားဒေသကနေ ပြောင်းရွှေ့လာပြီး ရွှေကျင်တာ၊ တပိုင်တနိုင် ခဲတူးတာတွေ လာရောက်လုပ်ကိုင်နေသူတွေ အများအပြားရှိတယ်လို့ သိရပါတယ်။

ရွှေအလုပ်သမားတွေကတော့ ရိက္ခာတချို့နဲ့ ရွှေလုပ်ကွက်တွေရှိရာကို တညအိပ် ခရီးဆက်၊ ငါးရက်လောက်အဲ့ဒီမှာ အလုပ်လုပ်ပြီးပြန်လာ၊ သုံးရက်လောက်နားပြီး အလုပ်ပြန်သွားတဲ့ပုံစံနဲ့အလုပ်လုပ်ကြပြီး တချို့ကတော့ ရွာပတ် ဝန်းကျင်မှာပဲ ဥယျာဥ်ခြံအလုပ်၊ ကြုံရာကျဘမ်းအလုပ်တွေ လုပ်ကြတာပါ။

ခင်ပွန်းဖြစ်သူတွေ ရှိနေချိန်တုန်းကတော့ဒေါ်ရွှေရွှေ၊ ဒေါ်မချစ်နဲ့ မကေသွယ်အောင်တို့ သုံးဦးဟာ ခင်ပွန်းဖြစ်သူ တွေရဲ့ လုပ်အားခနဲ့ သူတို့မိသားစု စားဝတ်နေရေးကို ဖြေရှင်းခဲ့ကြပါတယ်။

ဒါပေမယ့် အဲလို အခြေအနေက​နေ လုံးဝပြောင်းလဲသွားခဲ့တာ အခုဆို ဆယ်လနီးပါး ရှိနေပါပြီ။

“အခုက ဆီရှိတော့ ဆန်မရှိ၊ ဆန်ရှိတော့ ဆီမရှိ အဲလိုဖြစ်နေတယ်၊ ယောက်ျားရှိတုန်းကတော့ ဒီအပူတွေ မသိရ ဘူး” လို့ ဒေါ်ရွှေရွှေက သူတို့မိသားစု စားဝတ်နေရေး အခက်ကြုံနေရတဲ့အကြောင်း ပြောပြပါတယ်။

ခင်ပွန်းဖြစ်သူ ဦးကျော်အေးရော သားဖြစ်သူ ကိုကျော်ဇောလင်းရော အသတ်ခံရတဲ့အထဲပါသွားတဲ့ ဒေါ်ရွှေရွှေဟာ လက်ရှိမှာတော့ အသက် ၁၃ နှစ်၊ ၉ နှစ်နဲ့ ၆ နှစ်အရွယ် ကလေးသုံးယောက်နဲ့အတူ နေ့စဥ်ရပ်တည်နိုင်ရေး ရုန်း ကန်နေရတာပါ။

ခင်ပွန်းအသတ်ခံရပြီးနောက်ပိုင်း ရွာထဲမှာ အဝတ်လိုက်လျှော်ပေးတဲ့ အလုပ် လုပ်နေပေမယ့် ကျေးလက် ဒေသ ဖြစ်တဲ့အတွက် အဝတ်လျှော်ငှားလိုသူ သိပ်မရှိတာကြောင့် ဒေါ်ရွှေရွှေတို့ မိသားစု နေစဥ်စားဝတ်နေရေးအတွက် မကာမိပါဘူး။

“လျှော်တရက် မလျှော်တရက်ပဲ၊ လေး၊ ငါးရက်နေမှ တခါလျှော်ရတယ်၊ စားဝတ်နေရေးကတော့ မပြေလည်ဘူးပေါ့” လို့ ဒေါ်ရွှေရွှေက ဆိုပါတယ်။

ဒါတင်မက ဆယ်လသားအရွယ် သူ့ရဲ့မြေးလေးနဲ့ အသက် ၁၉ နှစ်သာရှိသေးတဲ့ သူ့ရဲ့ချွေးမ၊ ကိုကျော်ဇောလင်းရဲ့ ဇနီး မကေသွယ်အောင်တို့ သားအမိနှစ်ဦးအတွက်လည်း ဒေါ်ရွှေရွှေက အပူမကင်းရှာရပါဘူး။

“သူတို့ကို ကိုယ် ပြေတဲ့အခါလည်း နည်းနည်းပါးပါးပေးတယ်၊ မပြေတဲ့အခါကများပါတယ်၊ သူတို့လည်း တနေ့လုပ် တနေ့စား နပ်မမှန်ဘူး၊ ကလေးကလည်း အမေနို့ကို မွေးကတည်းကမစို့ဘူး၊ နို့မှုန့်တိုက်နေရတော့ ပိုဆိုးတယ်” လို့ ဒေါ်ရွှေရွှေက ပြောပါတယ်။

ဒါ့အပြင် မကေသွယ်အောင်ကလေးမွေးဖွားချိန်ကတင်နေတဲ့ မီးဖွားစရိတ်အကြွေးတချို့လည်း အခုထိ မဆပ်နိုင် သေးဘူးလို့ ဆိုပါတယ်။

ဖခင်ဖြစ်သူ ဦးကျော်အေး လုပ်ကိုင်နေတဲ့ ရွှေကျင်လုပ်ငန်းခွင်ဆီ တခါမှလိုက်မလုပ်ဖူးသေးတဲ့ အသက် ၂၂နှစ် အရွယ်ကိုကျော်ဇော်လင်း တယောက်လိုက်ဖြစ်ခဲ့ရတဲ့ရည်ရွယ်ချက်ထဲမှာ မီးဖွားစရိတ်အကြွေးဆပ်နိုင် ဖို့ဆို တာ လည်းပါဝင်ခဲ့တာပါ။

အခုတော့ သူမရှိတော့သလို အကြွေးလည်းမကျေသေးပါဘူး။

“အမေရယ် ဒီတခေါက် အဖေသွားရင်တော့ သူလိုက်မယ်ပေါ့၊ နင့်အဖေခေါ်ရင်တော့ လိုက်သွားဆိုတော့ အဲဒါနဲ့ လိုက်သွားတာ၊ အခုတခေါက်ပဲ (ပထမဆုံး)လိုက်တာ၊ အခုတခေါက်ပဲသေသွားတယ်” လို့ မိခင်ဖြစ်သူ ဒေါ်ရွှေရွှေ က သူ့သား သေဆုံးခဲ့ရပုံကို ပြန်ပြောင်းပြောပြပါတယ်။

ဦးကျော်အေး၊ ကိုလှမြင့်နဲ့ ကိုကျော်ဇောလင်းတို့ကို စစ်ကောင်စီသတင်းပေးတွေလို့ KTLA တပ်ဖွဲ့ဝင်တွေက စွပ်စွဲ သတ်ဖြတ်ခဲ့ပေမယ့် ကာယကံရှင်ကိုလှမြင့်က မသေဆုံးခင်မှာ ငြင်းဆိုခဲ့သလို ကျန်ရစ်တဲ့မိသားစုဝင်တွေနဲ့ ရွာခံတ ချို့ကလည်း ဒလန်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။

KTLA ဆာကဆောတပ်မဟာ တာဝန်ရှိသူတွေအနေနဲ့ အခုလို သတ်ဖြတ်မှုအပေါ် စုံစမ်းစစ်ဆေးတာ၊ ဖြေရှင်းချက် ပေးတာတွေ လုပ်ပေးဖို့လည်းမိသားစုဝင်တွေဘက်က အလိုရှိနေပါတယ်။

“ယောက်ျားတွေ၊ သားတွေ၊ သူငယ်ချင်းတွေ သေတာကိုတော့ ဒီနေ့ဒီချိန်အထိ မေ့လို့မရဘူးပေါ့၊ မှန်ရာမှန်ကြောင်း ရရင်တော်ပြီ၊ တရားနည်းလမ်းနဲ့ဖြစ်သွားရင်တော်ပြီ” လို့ သူ့ ခင်ပွန်းနဲ့ သားအပါအဝင် သုံးဦးသတ်ဖြတ်ခံရမှု အမှု မှန်ပေါ်ပေါက်စေလိုကြောင်း ဒေါ်ရွှေရွှေက ပြောပါတယ်။

လက်ရှိမှာတော့ ဦးကျော်အေး၊ ကိုလှမြင့်နဲ့ ကိုကျော်ဇောလင်းတို့ကို သတ်ဖြတ်ခဲ့မှုမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ KTLA တပ်ဖွဲ့ဝင် ကိုညီညီနိုင်နဲ့အတူ သူ့ရဲ့ ဇနီးကို Spring Dhamma PDF အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရ ပါတယ်။

အဆက်အသွယ်ပြတ်သွားတဲ့ အဲဒီရွာသား သုံးဦးကို ရှာဖွေတဲ့အချိန် လမ်းမှာတွေ့တဲ့ KTLA တပ်ဖွဲ့ဝင်ရှစ်ဦးကို စစ်ဆေးရာကနေ ကိုညီညီနိုင်ကို ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး သတ်ဖြတ်မှုနဲ့ မသက်ဆိုင်တဲ့ တခြားတပ်ဖွဲ့ဝင် တွေကိုတော့ ပြန်လွှတ်ပေးလိုက်တာလို့ ဆိုပါတယ်။

“ထိန်းသိမ်းထားတယ် လင်မယားနှစ်ယောက်စလုံးကို၊ လင်မယားနှစ်ယောက်စလုံးဆိုပေမယ့် သူ့ယောက်ျားပဲ အပြစ်ရှိတာ၊ အပြစ်ရှိတဲ့ သူ့ယောက်ျားကိုတော့ အပြစ်သားအနေနဲ့ ခံယူခိုင်းထားတယ်၊ သူ့မိန်းမကို အပြင်မှာပဲ လွှတ်ထားတယ်” လို့ Spring Dhamma PDF အဖွဲ့နဲ့ နီးစပ်ပြီး ကျောက်လုံးကြီးရွာ ရွာလူကြီးဟောင်းလည်းဖြစ်တဲ့ ကိုဆံရှည်က ပြောပါတယ်။

ဒေသခံတဦးလည်းဖြစ်တဲ့ ကိုဆံရှည်ဟာ ကိုလှမြင့်တို့သုံးဦး ပျောက်ဆုံးနေချိန်မှာ လိုက်လံရှာဖွေဖို့ကူညီပေးခဲ့ သလို သတ်ဖြတ်ခံရပြီလို့သိရတဲ့နောက်ပိုင်းမှာလည်း ကျန်ရစ်တဲ့မိသားစုဝင်တွေကိုသူတတ်နိုင်သမျှ ကူညီပေး နေသူပါ။

ကိုလှမြင့်ကို သတ်ဖြတ်ထားတဲ့ ရုပ်သံဖိုင်ကို အခုလိုဖမ်းဆီးခံထားရတဲ့ KTLA တပ်ဖွဲ့ဝင် ကိုညီညီနိုင်ရဲ့ ဖုန်းထဲက နေပဲ တွေ့ရှိခဲ့ရတာဖြစ်ပြီး သူကိုယ်တိုင် သတ်ဖြတ်မှုမှာ ပါဝင်ခဲ့တဲ့အကြောင်းကိုလည်း ကိုညီညီနိုင်က ထွက်ဆိုထားပါတယ်။

ဒါ့အပြင် အဲဒီ ကျောက်လုံးကြီးရွာသားသုံးဦးဟာ စစ်ကောင်စီသတင်းပေးလုပ်နေတယ်လို့ သူတို့တပ်ဖွဲ့ဆီ သတင်းပေးလာတာကြောင့် ဖမ်းဆီးသတ်ဖြတ်လိုက်တာလို့လည်း ကိုညီညီနိုင်က ထွက်ဆိုထားတယ်လို့ သိရပါတယ်။

“(KTLA ကို)ကျွန်တော်တို့ဆက်သွယ်တယ်၊ကျွန်တော်တို့ရွာသားတွေကိုကျွန်တော်အသက်နဲ့ စတေးပြီးကျွန်တော် အာမခံတယ်၊ သူတို့ ဒလန်တွေမဟုတ်ဘူး၊ ရွာကိုလာခဲ့၊ လာစုံစမ်း၊ ဒါပေမယ့် သတ်ပြီးသွားပြီ၊ ရောက်ရောက်ချင်း သတ်တာကို” လို့ တိကျသေချာတဲ့ စုံစမ်းစစ်ဆေးမှုတွေ မလုပ်ဘဲ အသတ်ခံလိုက်ရတဲ့အကြောင်း ကိုဆံရှည် က ပြန်ပြောပြပါတယ်။

အခုလို မိသားစုဝင်တွေဘက်က ဖြေရှင်းချက်တောင်းနေပေမယ့် အခုထိတော့ KTLA ဘက်ကနေ အဲဒီသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ဖြေရှင်းချက်ပေးတာ၊ စစ်ကောင်စီသတင်းပေးလုပ်တယ်ဆိုတဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေကို မိသားစုဝင်တွေထံ ချပြတာမျိုးလည်း မရှိသေးပါဘူး။

ဒါ့အပြင် အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး ဖြေရှင်းချက်တစုံတရာပေးဖို့ ရှိမရှိ ဆိုတာနဲ့ ကျန်ခဲ့တဲ့ မိသားစုဝင်တွေကို ဘယ်လိုကုစားပေးမလဲဆိုတာတွေကို Delta News Agency အနေနဲ့ KTLA ဆာကဆောတပ်မဟာရဲ့ ပြန်ကြားရေး တာဝန်ခံ ရဲဘော်ကိုချမ်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဖြေမပေးနိုင်သေးပါဘူး။

“လတ်တလောအခြေအနေအရ ‌ဖြေကြားလို့ မရနိုင်သေးပါဘူးခင်ဗျ၊ အဲဒီအကြောင်း ဖြေလို့ အဆင်မပြေသေး တာ ပါ ခင်ဗျ” လို့ ရဲဘော်ကိုချမ်းက DNA ကို ပြောပါတယ်။

ဒါပေမယ့် အဲဒီရွာသားသုံးဦးကို စစ်ကောင်စီနဲ့ ပတ်သက်မှုရှိလို့ဆိုကာ သူတို့ တပ်မဟာရဲ့ တပ်ရင်း (၂)၊ တပ်ခွဲ (၅) က တပ်ဖွဲ့ဝင်တွေ သတ်ဖြတ်ခဲ့တယ်ဆိုတာကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ရဲဘော်ကိုချမ်းက DNA ကို အတည်ပြုပြောဆိုထားပါတယ်။

ဒါ့အပြင် အဲဒီသတ်ဖြတ်မှုဟာ မှားယွင်းတဲ့သတ်ဖြတ်မှုဖြစ်ကြောင်း အတည်ပြုနိုင်ရင် ကျူးလွန်သူတွေကို အရေး ယူမယ်လို့လည်း အဲတုန်းက ရဲဘော်ကိုချမ်းက ပြောခဲ့ပါသေးတယ်။

KTLA ဆာကဆောတပ်မဟာ ဟာ ကရင်ပြည်နယ်အတွင်း ဆောက်လုပ်ရေးလုပ်သား ၂၅ ဦး သတ်ဖြတ်ခံရမှုမှာ တာဝန်ရှိလို့ KNDO ရာထူးကနေ အနားပေးခံလိုက်ရတဲ့ ဗိုလ်မှူးချုပ် စောနယ်ဒါးမြ ထူထောင်ထားတဲ့ ကော်သူး လေ တပ်မတော်(KTLA)ရဲ့ လက်အောက်ခံဖြစ်ပြီး တနင်္သာရီတိုင်း အထူးသဖြင့် ထားဝယ်ဒေသမှာ အဓိက အခြေ စိုက်လှုပ်ရှားပါတယ်။

တော်လှန်ရေး လှုပ်ရှားမှုတွေ အားကောင်းတဲ့ ထားဝယ်ခရိုင်ထဲက မြို့နယ်လေးခုလုံးမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နှစ်ကုန်ပိုင်းအထိ စစ်ကောင်စီသတင်းပေးလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရပ်သားတွေအပေါ် ဖမ်းဆီးသတ်​ဖြတ် တာတွေ မကြာခဏ ရှိခဲ့ပါတယ်။

တချို့ဖြစ်စဥ်တွေမှာတော့ စစ်ကောင်စီသတင်းပေးတကယ်လုပ်နေတာမဟုတ်ဘဲ မှားယွင်းသတ်ဖြတ်ခံရတဲ့ အ ကြောင်း မိသားစုဝင်တွေနဲ့ ဒေသခံတွေအပြင် တော်လှန်ရေးအင်အားစုတွေကိုယ်တိုင်က ပေါ်ပေါ်ထင်ထင် ထုတ် ဖော်ပြောဆိုခဲ့တာတွေ ရှိခဲ့ပါတယ်။

ဒါပေမယ့် သက်ဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့တွေကတော့ အဲဒီလို သတ်ဖြတ်လိုက်သူတွေနဲ့ ပတ်သက်ပြီး စစ် ကောင်စီသတင်းပေးလုပ်တယ်ဆိုတဲ့ သက်သေအထောက်အထားတွေ သူတို့ဆီမှာ ခိုင်ခိုင်လုံလုံရှိတယ်လို့သာ တုံ့ ပြန်လေ့ရှိပြီး လုံခြုံရေးအခြေအနေကြောင့်လို့ဆိုကာ အဲဒီသက်သေအထောက်အထားဆိုတာတွေကို ချပြလေ့မရှိ ပါဘူး။

“သူ့(တို့)ကြောင့် ဘယ်မိသားစု ဘဝပျက်ထားပြီးပြီလဲ၊ ဘယ်နှယောက်သေပြီးပြီလဲ၊ ဘယ်သူက ဒုက္ခရောက်နေ တာလဲ၊ သူ့(တို့)ကို Warning(သတိပေး) ပေးထားပြီးပြီလား၊ အကိုက ဒလန်ဆိုပြီး အကို့ကိုကျွန်တော်ချက်ချင်း သတ်လို့ မရဘူးလေ” လို့ ဒလန်လို့ စွပ်စွဲသတ်ဖြတ်လိုက်တဲ့အပေါ် ကျောက်လုံးကြီးရွာ ရွာလူကြီးဟောင်း ကိုဆံ ရှည်က မေးခွန်းထုတ်ပါတယ်။

ခင်ပွန်းမရှိတော့တဲ့နောက် အငယ်ဆုံးသမီးကို မွေးစားဖို့ပေးလိုက်ရတဲ့ ဒေါ်မချစ်ကတော့ ကျန်နေတဲ့သားသမီးငါး ယောက်နဲ့လည်း အမြဲအတူမနေရပါဘူး။

ရွှေလုပ်ကွက်တခုမှာ တရက် တသောင်းနှုန်းနဲ့ ဒေါ်မချစ်တယောက် နေ့စားလုပ်နေတာဖြစ်ပြီး သူ အလုပ်သွားတဲ့ ရက်တွေမှာတော့ သူ့ကလေးတွေကို ရွာခံတွေကပဲ ဝိုင်းဝန်းစောင့်ရှောက်ပေးကြတယ်လို့ ဒေါ်မချစ်ကပြောပြ ပါ တယ်။

“ကြိုတင်ငွေတွေထုတ်ပြီးတော့ ပို့ပေးရတာပေါ့၊ သူတို့ဒုက္ခရောက်တယ်ဆိုတော့၊ ပြီးရင် ဒီမှာ ကိုယ်က ပြန်လုပ် ဆပ်ပေါ့ အဲအကြွေးကို၊ အဲလိုပဲ လုံးချာလည်လိုက်နေတာပေါ့၊ မပြန်ရဘူး” လို့လည်းသူကဆိုပါတယ်။

ဒါပေမယ့် အဲဒီ နေ့စားအလုပ်ကလည်း တလမှ ဆယ်ရက်ကျော်လောက်ပဲ အလုပ်ဆင်းရတာကြောင့် ဒေါ်မချစ်တို့ မိသားစုခြောက်ယောက် နေ့စဥ်စားဝတ်နေရေးအတွက် ပုံမှန်ဝင်ငွေ ရှိမနေပါဘူး။

“အလုပ်မလုပ်ရတာတောင် တော်တော်ကြာနေပြီ၊ ဆယ်ရက်လောက်ရှိနေပြီ အလုပ်မလုပ်ရတာ” လို့လည်း DNA က ဆက်သွယ်မေးမြန်းတဲ့ချိန်မှာ ဒေါ်မချစ်က ပြောပါတယ်။

သူတို့မိသားစုသုံးခုလုံးရဲ့အခြေအနေ အဖြစ်အပျက် ကံကြမ္မာဆိုးတွေကို ကိုယ်တိုင်သိမြင်ကြုံတွေ့ခဲ့ပြီး အကူအညီ တွေလည်းပေးနေတဲ့ ကိုဆံရှည်ကတော့ အခြေအနေတခုလုံးကိုခြုံငုံပြီး အခုလိုညည်းတွားဖွင့်ဟပါတယ်။

“သူတို့ သတ်လိုက်တာ သုံးယောက်တည်းလို့ထင်နေတာ၊ အမှန်တော့ဘ၀တွေအများကြီး သေသွားတာ၊ ဦးစီးတွေ လဲပြိုသွားတာ”