လုံခြုံရေးအရ နိုင်ငံ အဓိပတိ ခါမေနီကို အီရန်က ယာယီ နေရာရွှေ့ပြောင်းထား

စက်တင်ဘာ၊ ၃၀

လုံခြုံရေး အစီအမံတွေ တိုးမြှင့်ခြင်းနဲ့အတူ နိုင်ငံခေါင်းဆောင်ကို ပိုမိုဘေးကင်း လုံခြုံမယ့် နေရာတခုဆီ ရွှေ့ပြောင်းပေးထားကြောင်း အီရန် အစိုးရ အရာရှိ တချို့က ပြောပါတယ်။

နိုင်ငံရဲ့ အဓိပတိဖြစ်တဲ့ အယာတိုလာ အလီ ခါမေနီကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ အီရန် လုံခြုံရေး အာဏာပိုင်တွေက လျှို့ဝှက်နေရာ တခုဆီ တိတ်တဆိတ် ရွှေ့ပြောင်းပေးထားခဲ့တာ ဖြစ်ပါတယ်။

လက်ဘနွန် နိုင်ငံထဲမှာ ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေရဲ့ စစ်ရေး ပစ်မှတ်တွေကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်မှုတွေ အရှိန်မြှင့်လာတဲ့အပြင် ဟစ်ဇ်ဘိုလာတွေရဲ့ အရေးအပါဆုံး ခေါင်းဆောင်တဦးကိုပါ လေကြောင်းတိုက်ခိုက်မှုနဲ့ လုပ်ကြံခဲ့တဲ့နောက် အီရန်က အခုလိုမျိုး လုံခြုံရေး အစီအမံတွေ တိုးမြှင့်လာတာ ဖြစ်ပါတယ်။ ဟစ်ဇ်ဘိုလာတွေဟာ အရှေ့အလယ်ပိုင်း ဒေသတခုလုံးမှာ အီရန်ရဲ့ အင်အားအတောင့်ဆုံး၊ စစ်လက်နက် တပ်ဆင်မှု အဆင့်အမြင့်ဆုံး လက်နက်ကိုင်တပ်တခုပါ။

အရှေ့အလယ်ပိုင်းအရေး စောင့်ကြည့် လေ့လာသူတွေကတော့ အီရန်မှာ ခါမေနီရဲ့ လုံခြုံရေး အစီအမံတွေကို ရုတ်တရက် တိုးမြှင့်လိုက်ခြင်းက အစ္စရေးက ဆင်နွှဲနေတဲ့ စစ်ဆင်ရေးတွေကို အကြောင်းပြုပြီး အီရန် အာဏာပိုင်တွေကြားမှာ စိုးရိမ် ထိတ်လန့်မှုတွေ ရှိနေတယ် ဆိုတာကို မြင်သာစေကြောင်း သုံးသပ်ခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာတွေ ကိုင်ဆောင်တဲ့ လက်ကိုင် ဆက်သွယ်ရေး ကိရိယာတွေထဲမှာ အစ္စရေးက ကြိုတင် တပ်ဆင်ထားတဲ့ ဗုံးအသေးစားတွေ ပေါက်ကွဲခဲ့တဲ့ ဖြစ်ရပ် အပြီး အီရန်ရဲ့ ဩဇာအကြီးဆုံး လက်နက်ကိုင်တပ်ဖြစ်တဲ့ အီရန် တော်လှန်ရေး အစောင့်တပ်ဟာ တပ်ဖွဲ့ဝင်အားလုံး လောလောဆယ်မှာ ဘယ်လို ဆက်သွယ်ရေး စက်တွေကိုမှ အသုံးမပြုကြဖို့လည်း ညွှန်ကြားထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဘေရွတ်မြို့မှာ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟာဆန် နက်စ်ရာလာ သေဆုံးခဲ့ခြင်းဟာ တဟီရန် မြို့တော်မှာရှိတဲ့ အီရန် အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တွေကြား လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေခဲ့ပါတယ်။

အီရန် အစိုးရ ထိပ်ပိုင်းက နာမည်မဖော်လိုတဲ့ အရာရှိ တဦးက ခါမေနီကို လုံခြုံဘေးကင်းရာ နေရာတခုဆီ ရွှေ့ပြောင်းပေးထားကြောင်း အတည်ပြုခဲ့သလို အီရန်ဟာ ဟစ်ဇ်ဘိုလာတွေ အပါအဝင် ဒေသတွင်းက မဟာမိတ် လက်နက်ကိုင် အင်အားစုတွေကို အချိန်နဲ့ တပြေးညီ ဆက်သွယ်နေတယ်လို့လည်း ပြောကြားသွားပါတယ်။

ခါမေနီဟာ နက်စ်ရာလာ သေဆုံးမှုနဲ့ ပတ်သက်လို့ ကြေညာချက် တစောင်ကို ထုတ်ပြန်ထားရာ အရှေ့အလယ်ပိုင်း ဒေသရဲ့ ကံကြမ္မာအတွက် ခုခံ တိုက်ပွဲဝင်နေတဲ့ အင်အားစုတွေမှာ ဟစ်ဇ်ဘိုလာဟာ ရှေ့ဆုံးတန်းက ဦးဆောင်နေရကြောင်း၊ နက်စ်ရာလာရဲ့ အာဇာနည် ပီသစွာ ပေးဆပ်ခဲ့တဲ့ သွေးစက်တွေအတွက် သေချာပေါက် ကလဲ့စား ချေရမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

နက်စ်ရာလာ သေဆုံးခြင်းဟာ အစ္စရေးအတွက် စစ်ရေးအရ မဟာဗျူဟာ အောင်မြင်မှုတရပ် ဖြစ်ခဲ့ပြီး အီရန်အတွက်တော့ ဒေသတွင်းမှာ အားအကောင်းဆုံး မဟာမိတ် တဦးကို ဆုံးရှုံးလိုက်ရခြင်း ဖြစ်သလို အီရန်ကို ဗဟိုပြုထားတဲ့ လက်နက်ကိုင် ပြောက်ကျား အစုအဖွဲ့တွေကြားမှာလည်း စိုးရိမ်ကြောင့်ကြမှုတွေ ပိုမိုကြီးထွားလာစေခဲ့ပါတယ်။

Ref: Reuters