မြင်းခြံမြို့အနီးစစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ် အထိနာလို့ လေကြောင်းပစ်ကူသုံးပြီးပြန်ဆုတ်ရ

စက်တင်ဘာ ၊ ၂၈
မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာ တော်လှန်ရေးတပ်တွေရဲ့ အခြေစိုက်စခန်းရှိရာနေရာတွေကို စစ်ကြောင်းထိုးလာ တဲ့ စစ်ကောင်စီတပ် တုံ့ပြန်တိုက်ခိုက်ခံရလို့ အထိနာတာကြောင့် လေကြောင်းပစ်ကူတွေသုံးပြီး ပြန်ဆုတ်ခွာသွား ရတယ်လို့ Myingyan Black Tiger(MBT)တပ်ဖွဲ့က ပြောပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၈ဦးလောက်သေဆုံးပြီး အလောင်းတွေကားနဲ့တင်သွားတာကို မျက်မြင်တွေ့ရတဲ့အပြင် ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ MBT တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
“တော်လှန်ရေးတပ်တွေဘက်ကတော့ အထိအခိုက်မရှိပါဘူးဗျ”လို့ MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက DNA ကို ပြောပါတယ်။
မြင်းခြံမြို့တောင်ဘက် မြင်းခြံ-တောင်သာလမ်းအရှေ့ဘက်မှာရှိတဲ့ ခြေဆေးရွာအနီးက Myingyan Black Tiger (MBT) တပ်ဖွဲ့ စစ်ကြောင်း-၃ရဲ့ အခြေချတပ်စခန်းတွေရှိရာကို စစ်ကောင်စီက အင်အား ၁၂၀လောက်နဲ့ မနေ့က မနက်ငါးနာရီလောက်မှာ စစ်ကြောင်းထိုးလာခဲ့တာလို့သိရပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်ကို MBT တပ်ဖွဲ့ဝင်တွေက ကနဦးခုခံတိုက်ခိုက်ကာ တန်ပြန်ထိုးစစ်ဆင်ခဲ့ကြသလို မနက် ခုနစ်နာရီလောက်မှာ မြင်းခြံခရိုင်PDF တပ်ရင်းတွေနဲ့ ဒေသအခြေစိုက် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေလည်း လာရောက်အင်အားဖြည့်ပေးခဲ့တာကြောင့် စစ်ကောင်စီတပ်တွေကိုပြန်လည်ပိတ်ဆို့နိုင်ခဲ့တယ်လို့ MBT တပ်ဖွဲ့ ကဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် တိုက်ပွဲစတင်ဖြစ်ပွား ရာနေရာအနီးက ခြေဆေးချောင်းအတွင်းပိတ်မိနေခဲ့ချိန်မှာ တိုက်ခိုက်ရေးလေယာဉ်နှစ်စီး ဒရုန်းငါးစီးသုံးကာ လေ ကြောင်းပစ်ကူပေးလာတာကြောင့် တော်လှန်ရေးတပ်တွေပြန်ဆုတ်ပေးလိုက်ရတာလို့လည်း ဆိုပါတယ်။
မနေ့က မနက် ငါးနာရီကနေ ၁၁နာရီဝန်းကျင်လောက်အထိ ခြောက်နာရီကြာ နှစ်ဖက် တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ် ကောင်စီတပ်တွေပြန်ဆုတ်ခွာသွားခဲ့ပြီး တော်လှန်ရေးတပ်တွေဘက်က နယ်မြေရှင်းလင်းရေးလုပ်ခဲ့ပြီးပြီလို့ လည်းသိရပါတယ်။
မနေ့ကစစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုဟာ ခြေဆေးရွာနဲ့ ငါးမိုင်ဝန်းကျင်လောက်အကွာ မြင်းခြံမြို့ပေါ်ကနေ ထွက် ခွာလာကြတာဖြစ်ပြီး ဒီကနေ့မှာတော့ မြေပြင်အခြေအနေငြိမ်သက်နေတယ်လို့ ဗိုလ်မိုက်ခဲကပြောပါတယ်။
စစ်ကောင်စီဟာ အခုတိုက်ပွဲမတိုင်ခင် ပြီးခဲ့တဲ့ တပတ်ဝန်းကျင်လောက်ကတည်းက ခြေဆေးရွာကို တိုက်ပွဲမရှိဘဲ လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။ဗုံးသီးသုံးလုံးကြဲချတာအပြင် စက်သေနတ်နဲ့ လှည့်ပတ်ပစ်ခတ်မှု တွေလည်း လုပ်ခဲ့တဲ့ အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသမီးတဦးသေဆုံးကာ သုံးဦးဒဏ်ရာရခဲ့ တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောထားပါတယ်။
မနေ့က နှစ်ဖက်တိုက်ပွဲဖြစ်ချိန်မှာတော့ ဒေသခံတွေက ရှောင်တိမ်းနေကြပြီဖြစ်လို့ အထိအခိုက်မရှိဘူးလို့ ဗိုလ်မိုက်ခဲ က ပြောပါတယ်။ “ရွာခံတွေက အရင်တခါ လေယာဉ်နဲ့လာပစ်ကတည်းက ရှောင်ကုန်ကြတာ”လို့ သူကပြောပါတယ်။
Photo Credit – MBT တပ်ဖွဲ့