Photo – CJ
စက်တင်ဘာ၊ ၂၇
စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာက ရွာခံအမျိုးသားသုံးဦးရဲ့ ရုပ်အလောင်းတွေကို ဒီကနေ့ စက်တင်ဘာ ၂၇ မနက်ပိုင်းက ရွာအနီး ဥယျာဥ်ခြံတခုထဲမှာ တွေ့ရှိခဲ့တယ်လို့ ရွာခံတွေဆီကနေသိရပါတယ်။
“ရေတွင်းထဲထည့်ပြီး အပေါ်က မြေနည်းနည်းဖုံးထားတာ၊ ပုပ်လာတော့ ပေါ်လာတာဖြစ်မယ်၊ ခေါင်းတလုံးတွေ့တာတော့ အရိုးပဲကျန်ပြီ၊ ကြိုးနဲ့လည်းတုပ်ထားတယ်” လို့ မောင်းမကန်ရွာခံ မျက်မြင်အမျိုး သမီးတဦးက DNA ကို ပြောပါတယ်။
သူတို့ သုံးဦး ဘယ်လိုသတ်ဖြတ်ခံခဲ့ရတာလဲဆိုတာကိုတော့ အတိအကျမသိရဘဲ အလောင်းမြေမြှုပ်ထားတဲ့ နေရာပေါ်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေ အသုံးပြုလေ့ရှိတဲ့ စစ်ဦးထုပ်တလုံး ချန်ထားခဲ့တယ်လို့ သိရပါတယ်။
သတ်ဖြတ်ခံခဲ့ရသူတွေဟာ အသက် သုံးဆယ်ကျော်အရွယ် ကိုမျိုးကျော်၊ ကိုကန်းကန်း(ရွာအခေါ်)နဲ့ အသက် နှစ်ဆယ်ဝန်းကျင် တခြားအမျိုးသားတဦးဖြစ်ပြီး သုံးယောက်စလုံး သာမန်အရပ်သားတွေလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းမှာ မောင်းမကန်နယ်မြေရဲစခန်းအနီး စစ်ကောင်စီတပ်တွေကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် ညနေပိုင်းမှာတော့ အဲဒီအမျိုးသားသုံးဦးအပါအဝင် ရွာခံတချို့ကို စစ်ကောင်စီတပ်က နေအိမ်တွေမှာ ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။
“ကျန်တဲ့ သူတွေကပြန်လွတ်လာတယ်၊ သူတို့သုံးယောက်ပဲကျန်ခဲ့တယ်၊ ရဲစခန်းမှာသွားမေးတော့လည်း သူတို့မသိဘူး၊ သူတို့မဖမ်းဘူးချည်းပဲပြောတာ” လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ တတိယပတ်မှာ မောင်းမကန် ကမ်းခြေမှာရှိတဲ့ KTV ခြောက်ခုကို တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ဗထူးတပ်မတော်က မီးရှို့ဖျက်ဆီးခဲ့သလို မောင်းမကန်နယ်မြေရဲစခန်းကိုလည်း တော်လှန်ရေးတပ်တွေက သွားရောက်ပစ်ခတ်တာတွေရှိခဲ့ပြီးနောက်မှာ စစ်ကောင်စီတပ်က မောင်းမကန်ရွာထဲကို စစ်ကြောင်းထိုးလာခဲ့တာပါ။
ရွာခံတွေကတော့ အဲဒီစစ်ကောင်စီတပ်တွေကပဲ အခုလို ဖမ်းဆီးသတ်ဖြတ်သွားတာလို့ ယူဆကြပါတယ်။
အခုလ ၁၈ ရက်နေ့လောက်မှာတော့ အဲဒီစစ်ကောင်စီတပ်တွေ မောင်းမကန်ရွာထဲကနေ ပြန်ထွက်သွားပြီး နီးစပ်ရာရွာတွေဘက်ကို စစ်ကြောင်းထိုး သွားလာတာတွေ ဆက်ရှိနေတယ်လို့ ဆိုပါတယ်။
ထားဝယ်မြို့ အနောက်ဘက် ခုနစ်မိုင်ခန့်အကွာလောက်မှာရှိတဲ့ နာမည်ကျော် မောင်းမကန်ကမ်းခြေရှိရာ မောင်းမကန်ရွာက ရွာခံတချို့ဟာ စစ်ကောင်စီတပ်စစ်ကြောင်းထိုးဝင်ရောက်ခဲ့မှုကြောင့် လက်ရှိအချိန်ထိ နေရပ်မပြန်သေးဘဲ တိမ်းရှောင်နေကြဆဲဖြစ်ပါတယ်။