ရေစကြိုမြို့ပေါ်မှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သားတဦးကို တော်လှန်ရေးတပ်က လက်နက်နဲ့အတူ ဖမ်းမိ

Photo – MBT တပ်ဖွဲ့

စက်တင်ဘာ၊ ၂၆

မကွေးတိုင်း၊ရေစကြိုမြို့ပေါ်မှာ ကင်းစောင့်ရင်း ဖုန်းသုံးနေတဲ့ စစ်ကောင်စီတပ်သားတဦးကို စက်တင်ဘာ ၂၅ရက် မနေ့ညပိုင်းက လက်နက်နဲ့အတူ ဖမ်းဆီးနိုင်ခဲ့ပြီး စစ်ဆေးမေးမြန်းမှုတွေလုပ်နေကာ ကျူးလွန်ခဲ့တဲ ပြစ်မှုတွေအရ အရေးယူသွားမယ်လို့ Myingyan Black Tiger(MBT)တပ်ဖွဲ့ ဗိုလ်မိုက်ခဲက DNAကိုပြောပါ တယ်။

“(ဖမ်းဆီးချိန်မှာ)ခုခံဖို့ကြိုးစားတာတော့မရှိပါဘူး၊ကျွန်တော်တို့ ဒီတိုင်းပဲ (သေနတ်)ထောက်ပြီးခေါ်လာခဲ့တာပါ” လို့ ဗိုလ်မိုက်ခဲကပြောပါတယ်။

တပ်သားအဆင့်ရှိ အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ ရေစကြိုမြို့ အမှတ်(၈)သုခဝတီရပ်ကွက်၊ကပ်ကျော် ဘုန်းကြီး ကျောင်းအတွင်းတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက တဦးဖြစ်ပြီး MBT တပ်ဖွဲ့ဝင်တွေ ကင်းပတ်စစ် ဆေးနေချိန်မှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

“ရေစကြိုမြို့ရဲ့ အနေအထားကတော့ စကစရော PDF ရော၊ ရောထွေးနေတဲ့အနေအထားတခုပါ”လို့ ဗိုလ်မိုက်ခဲ က ပြောပါတယ်။

မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေထဲက တဦးဖမ်းဆီးခံလိုက်ရတဲ့နောက် မနေ့ညသန်းခေါင်ယံ ဝန်းကျင်မှာ စစ်ကောင်စီဘက်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေရှိပေမယ့် မြေပြင်စစ်ရေးတုံ့ပြန်မှုတွေ တော့ မရှိသေးဘူးလို့သိရပါတယ်။

ဖမ်းမိထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ဘယ်လိုအရေးယူမယ်ဆိုတာတော့ လတ်တလောမှာမဆုံးဖြတ်ရသေးဘဲ စစ်ဆေး မေးမြန်းချက်အရဆက်လက်လုပ်ဆောင်မှာဖြစ်တယ်လို့ ဗိုလ်မိုက်ခဲကပြောပါတယ်။

MBT တပ်ဖွဲ့အနေနဲ့ အရင်က လည်း သုံ့ပန်းဖမ်းဆီးရမိတာတွေရှိတယ်လို့ သူက‌DNA ကိုပြောပေမယ့် ဘယ်နှဦး ဖမ်းဆီးထားတယ်ဆိုတာကိုတော့ဖြေကြားဖို့ငြင်းဆန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ မြင်းခြံခရိုင်PDF တပ်ရင်းတခု လည်း ဖြစ်တဲ့ Myingyan Black Tiger(MBT)တပ်ဖွဲ့ဟာ မြင်းခြံမြို့နယ်အပါအဝင် မန္တလေးတိုင်းနဲ့ မကွေးတိုင်း အတွင်း ထိစပ်မြို့နယ်တချို့မှာ အာဏာသိမ်းစစ်ကောင်စီကို ခုခံတိုက်ခိုက်နေပါတယ်။

အလားတူ ရှမ်းမြောက်နဲ့ မန္တလေးတိုင်းအတွင်းမြို့သိမ်းတိုက်ပွဲတွေပါရှိလာစေတဲ့ ၁၀၂၇ဒုတိယလှိုင်းနဲ့ ရှမ်း-မန်း စစ်ဆင်ရေးကာလအတွင်း ပေါ်ပေါက်လာတဲ့ မြင်းခြံခရိုင်အထူးစစ်ဆင်ရေးတိုက်ပွဲတွေမှာလည်း MBT တပ်ဖွဲ့က ပါဝင် တိုက်ခိုက်နေပါတယ်။

MBT တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရတော့ အခုလအတွင်း မြင်းခြံ၊ညောင်ဦးနဲ့ ရေစကြိုမြို့နယ်တွေ အတွင်း စစ် ကောင်စီယာဉ်တန်းတွေကို ဖောက်ခွဲတိုက်ခိုက်တာ၊ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်တာတွေအပြင် အဲ့ဒီတပ်ဖွဲ့ရဲ့ နယ် မြေ အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲလည်းဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်ဖို့လည်း ပြင်ဆင်နေတာကြောင့် MBT တပ်ဖွဲ့က လတ်တလောပြုလုပ်နေတဲ့ End Point ကမ်ပိန်းမှာပါဝင် ကူညီပေးကြဖို့ ဗိုလ်မိုက်ခဲက ပြောပါ တယ်။

“ထိုးစစ်ဆင်ပြီးတော့ တိုက်ခိုက်သိမ်းပိုက်နေရုံနဲ့မရပါဘူး၊ထိန်းချုပ်နိုင်ဖို့လည်းလိုပါတယ်၊အဲ့ဒီလိုမျိုးတွေလုပ် ဆောင်နိုင်ဖို့အတွက် မူဝါဒတွေ၊စစ်ရေးဗျူဟာပိုင်းတွေ စနစ်တကျချထားပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့မှာ လုံ လောက်တဲ့ လက်နက်ခဲယမ်းမပြည့်စုံပါဘူး”လို့ သူကဆိုပါတယ်။