အစ္စရေး-လက်ဘနွန် နယ်စပ်မှာ အပစ်အခတ် ရပ်စဲနိုင်ရေး အမေရိကန်နဲ့ မဟာမိတ်တွေ ကြိုးစားနေ

စက်တင်ဘာ၊ ၂၆

အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေဟာ အစ္စရေး-လက်ဘနွန် နယ်စပ်မှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုတရပ် အကောင်အထည် ပေါ်လာရေးအတွက် အဆောတလျင် အားထုတ် ကြိုးပမ်းနေကြောင်း သိရပါတယ်။

အစ္စရေးစစ်တပ်နဲ့ လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေကြား စစ်ရေး တင်းမာမှုတွေ ဆက်တိုက် မြင့်တက်လာတဲ့နောက် နှစ်နိုင်ငံ နယ်စပ်မှာ ၂၁ ရက်ကြာ အပစ်အခတ် ရပ်စဲထားနိုင်ရေး ကိစ္စကို အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်အပါအဝင် စုစုပေါင်း နိုင်ငံ ၁၁ ခုနဲ့ ဥရောပ သမဂ္ဂ (EU)တို့က ဖိအားပေး တောင်းဆိုလာနေတာပါ။

စက်တင်ဘာ ၂၃ ရက်နေ့ကစလို့ အစ္စရေးရဲ့ ၃ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်မှာ ဟစ်ဇ်ဘိုလာတွေသာ မကဘဲ အရပ်သားတွေ အပါအဝင် လူပေါင်း ၆၀၀ လောက် သေဆုံးခဲ့ရပါတယ်။

အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေက အစ္စရေး-လက်ဘနွန် နယ်စပ်မှာ ၂၁ ရက်ကြာ အပစ်အခတ် ရပ်စဲပြီး သံတမန်ရေးရာ ညှိနှိုင်းဆွေးနွေးမှုတွေကို လမ်းဖွင့်ပေးဖို့အပြင် ဂါဇာစစ်ပွဲအတွက် အပစ်အခတ် ရပ်ဆိုင်းနိုင်ဖို့ကိုပါ အဆိုပြုခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ အစ္စရေးစစ်တပ်က လက်ဘနွန်မှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာဟာ အစ္စရေး မြေပြင်တပ်တွေ ရန်သူ့နယ်မြေထဲ စစ်ဆင်ရေး ဝင်ရောက်လုပ်ဆောင်ဖို့ စတင် လမ်းရှင်းနေတာလို့ မှတ်ချက်ပေးအပြီးမှာ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ အခြေအနေပါ။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ဖို့ ကမ္ဘာ့နိုင်ငံ အသီးသီးရဲ့ ခေါင်းဆောင်တွေ စုဝေး ရောက်ရှိနေကြပြီး အဲဒီထဲက အမေရိကန်၊ ဩစတြေးလျ၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဆော်ဒီအာရေးဘီးယား၊ ယူအေအီး၊ ဗြိတိန်၊ ကာတာနဲ့ EUတို့က စုပေါင်း တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်တို့ရဲ့ ပူးတွဲ ကြေညာချက်မှာလည်း အစ္စရေးနဲ့ လက်ဘနွန် နယ်စပ်မှာ နှစ်ဖက်စလုံးက ပြည်သူတွေ အန္တရာယ် ကင်းကင်းနဲ့ နေရပ်ပြန်နိုင်ရေး ဝိုင်းဝန်းကူညီဖို့ အားလုံးမှာ တာဝန်ရှိတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိ ပဋိပက္ခဟာ ပိုမိုကျယ်ပြန့်လာနိုင်ပြီး အရပ်သား ပြည်သူတွေအတွက် အန္တရာယ်တွေ ဖြစ်ပေါ်စေတယ်လို့လည်း အဲဒီ နှစ်နိုင်ငံရဲ့ သမ္မတတွေက ဆိုပါတယ်။ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အားထုတ်မှုတွေကို ဥရောပရော၊ အာရပ်နိုင်ငံတွေကပါ လှိုက်လှိုက်လှဲလှဲ ထောက်ခံ တောင်းဆိုပေးနေတယ်လို့လည်း ဘိုင်ဒန်က အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အချိန် ပြောကြားသွားပါတယ်။

လက်ဘနွန် ဝန်ကြီးချုပ် နာဂျစ်ဘ် မီကာတီကတော့ သူ့ရဲ့ နိုင်ငံဟာ ရန်သူ အစ္စရေးဆီက လူ့အခွင့်အရေးနဲ့ အချုပ်အခြာအာဏာ ထိပါးချိုးဖောက်မှုတွေ ပြောင်ပြောင်တင်းတင်း ကျူးလွန်တာ ခံနေရတာလို့ စွပ်စွဲခဲ့ပါတယ်။ သူဟာ ကုလသမဂ္ဂ အစည်းအဝေးကနေ ပြန်သွားတဲ့အချိန်မှာ လက်ရှိ ပြဿနာနဲ့ ပတ်သက်လို့ ထိရောက် လေးနက်တဲ့ အဖြေတခုခု ရရှိထားဖို့ မျှော်လင့်တယ်လို့လည်း မီကာတီက ဆိုပါတယ်။

တဖက်မှာတော့ ကုလသမဂ္ဂဆိုင်ရာ အစ္စရေး သံအမတ် ဒန်နီ ဒါနွန်က ပဋိပက္ခကို ဖြေလျှော့ဖို့ နိုင်ငံတကာက သံတမန်ရေးအရ အားထုတ်နေမှုတွေကို ကျေးဇူးတင်ကြောင်း၊ ဒါပေမဲ့လည်း တဖက်မှာတော့ အစ္စရေးဟာ ရည်မှန်းချက်တွေ အထမြောက်ဖို့အတွက် နိုင်ငံတကာ ဥပဒေတွေနဲ့ ညီညွတ်တဲ့ အရင်းအမြစ်နဲ့ ရွေးချယ်မှု အားလုံးကို လုပ်ဆောင်မှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။

အစ္စရေးဟာ လက်ဘနွန်နဲ့ စစ်မဖြစ်လိုကြောင်း၊ ငြိမ်းချမ်းရေးကိုသာ လိုလားတာဖြစ်ကြောင်းလည်း ဒါနွန်က ဆက်ပြောပါတယ်။ လောလောဆယ်တော့ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ဟာ ၂၀၀၆ ခုနှစ် လက်ဘနွန် စစ်ပွဲနောက်ပိုင်း အပြင်းထန်ဆုံး စစ်ရေး ပဋိပက္ခတွေကို ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

Ref: CNN