ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီး ဗာတီကန်မှာ လာရောက် နေထိုင်စေလိုတယ်လို့ ပုပ်ရဟန်းမင်းပြော 

Pope Francis meets Myanmar’s State Counsellor Aung San Suu Kyi in Naypyitaw, Myanmar November 28, 2017. REUTERS/Max Rossi

စက်တင်ဘာ၊ ၂၅

လက်ရှိ ဖမ်းဆီး ချုပ်နှောင် ခံထားရသူ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်မြောက်စေလိုကြောင်းနဲ့ ဗာတီကန် နန်းတော်မှာ လာရောက် ခိုလှုံ နေထိုင်စေလိုကြောင်း ပုပ်ရဟန်းမင်းကြီးက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အခုလ အစောပိုင်းက အရှေ့တောင်အာရှ ဒေသတွင်း လေးနိုင်ငံ ခရီးစဉ်အဖြစ် အင်ဒိုနီးရှားကို ရောက်ရှိနေချိန် အတောအတွင်း ဘရင်ဂျီ ဘာသာဝင်တွေနဲ့ အမြင်ဖလှယ် ဆွေးနွေးကြချိန်မှာ ပုပ်ရဟန်းမင်းကြီးက အခုလိုမျိုး သူ့ရဲ့ သဘောထားကို ထုတ်ပြောခဲ့တာလို့ ဆိုပါတယ်။ အဲဒီ အကြောင်းအရာကို ပုပ်ရဟန်းမင်းကြီးရဲ့ ခွင့်ပြုချက်နဲ့ ရိုမန်ကက်သလစ် ဘုန်းတော်ကြီး တစ်ပါးက အီတလီ သတင်းစာ တစောင်မှာ ရေးသားတဲ့ ဆောင်းပါးထဲမှာ ထည့်သွင်း ဖော်ပြထားခဲ့တာပါ။

အာဏာသိမ်း မြန်မာစစ်တပ်က ဖမ်းဆီးထားတဲ့ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့၊ သူနဲ့ သားဖြစ်သူတို့ကို ရောမမှာ လက်ခံထားရှိဖို့၊ ဗာတီကန် နန်းတော်ဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် နားနေ ခိုလှုံရာမျိုး ကမ်းလှမ်းလိုကြောင်း ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ကတည်းက စစ်တပ်ရဲ့ အကျဉ်းချခြင်းကို ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အကာအကွယ် ပေးသင့်ပေးထိုက်တဲ့ နိုင်ငံရေး ပြယုဂ်တခု ဖြစ်တယ်လို့လည်း ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်က မှတ်ချက် ပေးခဲ့ပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ သူ့ရဲ့ သဘောထား အမြင်ကို ဂျကာတာမြို့မှာ ဘရင်ဂျီ ဘာသာဝင် ၂၀၀ ဝန်းကျင်နဲ့ သီးခြား တွေ့ဆုံတဲ့ အချိန်တုန်းက ပုပ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။ စက်တင်ဘာ ၄ ရက် တွေ့ဆုံမှုမှာ မြန်မာနိုင်ငံသား ဘရင်ဂျီ ဘာသာဝင် တဦးက ဇာတိနိုင်ငံရဲ့ ခက်ခဲတဲ့ အခြေအနေတွေအကြောင်း ဆွေးနွေး တင်ပြခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အမျိုးသားက မြန်မာနိုင်ငံမှာ အသက်တွေ၊ မိသားစုတွေ၊ အိပ်မက်တွေ၊ အနာဂတ်တွေ ဆုံးရှုံးနေတဲ့ အခြေအနေမှာ မျှော်လင့်ချက်တွေ ပျောက်ဆုံးမသွားအောင် ဘယ်လို ရှေ့ဆက်သင့်သလဲလို့ မေးမြန်းခဲ့တာပါ။

ပုပ်ရဟန်းမင်းကြီးက မြန်မာရဲ့ အခြေအနေတွေဟာ ခက်ခဲလွန်းပြီး ယေဘုယျကျကျ အဖြေမျိုး မရှိနိုင်ကြောင်း၊ လူငယ်လူကောင်းတွေဟာ နိုင်ငံအတွက် ကြိုးစား တိုက်ပွဲဝင်နေကြကြောင်း၊ မြန်မာရဲ့ လက်ရှိ အခြေအနေဟာ တိတ်ဆိတ်နေလို့ မရဘဲ ကျရာတာဝန် တခုခုကို အားလုံး ထမ်းဆောင်နေဖို့ လိုကြောင်း၊ မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ဒီမိုကရေစီ ကျင့်ထုံးတွေကို အခြေခံပြီး လူတိုင်းက အများကောင်းကျိုးအတွက် အားစိုက် ပါဝင်ထားကြတဲ့၊ လူသားအားလုံးနဲ့ သက်ဆိုင်တဲ့ ဂုဏ်သိက္ခာ၊ အခွင့်အလမ်းတွေကို လေးစားလိုက်နာတဲ့ ငြိမ်းချမ်းရေးမျိုးသာ ဖြစ်သင့်တယ်လို့ ပြန်ဖြေသွားခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ၂၀၁၇ ခုနှစ်၊ နှစ်ကုန်ပိုင်းက မြန်မာနိုင်ငံကို အလည်အပတ် ခရီးစဉ် ရောက်ရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

Ref: CAN