ဇီလန်စကီးဟာ အမေရိကန် ရွေးကောက်ပွဲမှာ ဟားရစ်ကို အနိုင်ရစေချင်နေတယ်လို့ ထရမ့်ဝေဖန်

စက်တင်ဘာ၊ ၂၄

အမေရိကန် ရွေးကောက်ပွဲမှာ ကာမာလာ ဟားရစ် အနိုင်ရဖို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက လိုလားနေကြောင်း ဒေါ်နယ်လ်ထရမ့်က ဝေဖန် ပြောကြားလိုက်ပါတယ်။

ဇီလန်စကီးဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ဖို့ အတွက်ရော၊ ရုရှား-ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့ အရေးကြီးတဲ့ အစီအမံ တခုကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်အပြင် ရွေးကောက်ပွဲမှာ ထိပ်တိုက် ယှဉ်ပြိုင်ကြမယ့် လက်ရှိ ဒုတိယ သမ္မတ ဟားရစ်နဲ့ ထရမ့်တို့ကိုပါ ရှင်းလင်း တင်ပြဖို့အတွက်ပါ ရည်ရွယ်ပြီး အမေရိကန်ကို ရောက်ရှိနေပါတယ်။

ရီပတ်ဘလစ်ကန် ပါတီကို ကိုယ်စားပြုပြီး သုံးကြိမ်ဆက် ရွေးကောက်ပွဲဝင်မယ့် ထရမ့်ကတော့ သူ့အမြင်အရ ဇီလန်စကီးဟာ ဟားရစ် ကိုယ်စားပြုမယ့် ဒီမိုကရက်တစ် ပါတီကိုပဲ ရွေးကောက်ပွဲမှာ နိုင်စေချင်လိမ့်မယ်လို့ ပြောကြားသွားပါတယ်။

သူက ဇီလန်စကီးဟာ သူမြင်ဖူးသမျှထဲမှာ အတော်ဆုံး အရောင်းသမားဖြစ်ကြောင်း၊ ဇီလန်စကီး အမေရိကန်ကို တခါလာလိုက်တိုင်း ဒေါ်လာ ၆၀ ဘီလီယံလောက်ပိုက်ပြီး အိမ်ပြန်သွားလေ့ရှိကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။

ထရမ့်ဟာ ရုရှားနဲ့ စစ်ပွဲအတွက် ယူကရိန်းကို အမေရိကန်က စစ်စရိတ် အလုံးအရင်း ထောက်ပံ့နေတာတွေကို ဆန့်ကျင်ခဲ့သူဖြစ်ပြီး ယူကရိန်းဟာ ရုရှားထိန်းချုပ်ထားရာ နယ်မြေတွေကို လက်လွှတ်ပေးပြီး စစ်ပြေငြိမ်းရေးအတွက် ကမ်းလှမ်းသင့်တယ်လို့ ဝေဖန်ထောက်ပြထားဖူးပါတယ်။

ဇီလန်စကီးက အမေရိကန်ရဲ့ ထောက်ပံ့ငွေတွေနဲ့ စစ်ကို ဆက်တိုက်ချင်တာကြောင့် ဒီမိုကရက်တစ်ပါတီကို အသည်းအသန် အနိုင်ရစေချင်နေကြောင်း၊ သူသာ ရွေးကောက်ပွဲ အနိုင်ရခဲ့ရင်တော့ ကွဲပြားတဲ့ လမ်းကြောင်းအဖြစ် ငြိမ်းချမ်းရေး အကောင်အထည် ပေါ်စေဖို့ပဲ တွန်းအားပေးမှာဖြစ်ကြောင်း ပင်ဆယ်လ်ဗေးနီးယားမှာ ပြုလုပ်တဲ့ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲ တခုမှာ ထရမ့်က ပြောကြားသွားပါတယ်။

ထရမ့်ရဲ့ မှတ်ချက်အပေါ် ဇီလန်စကီးနဲ့ ဒီမိုကရက်တစ် ပါတီက လတ်တလော ဘာတုံ့ပြန်မှုမှ မရှိသေးပါဘူး။ ထရမ့်ကလည်း သူပြောခဲ့တဲ့ ငြိမ်းချမ်းရေး အကောင်အထည် ဖော်မယ်ဆိုတဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး သီးခြား မှတ်ချက် မပေးခဲ့ပါဘူး။ ဒါပေမဲ့ သူဟာ နိုဝင်ဘာ ၅ ရက်နေ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် ဇီလန်စကီးအပြင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကိုပါ ဖုန်းခေါ်ပြီး ငြိမ်းချမ်းရေးအတွက် အဖြေရှာဖို့ တွန်းအားပေးသွားမယ်လို့တော့ ထရမ့်က ပြောခဲ့ဖူးပါတယ်။

ရုရှား-ယူကရိန်း စစ်ပွဲ စတင်လာချိန် ကတည်းက အမေရိကန်ဟာ တောက်လျှောက် ယူကရိန်းရဲ့ အမာခံ စစ်ရေး အထောက်အပံ့ မဟာမိတ်အဖြစ် ရပ်တည်ခဲ့ပြီး စစ်ရေးနဲ့ တခြား အကူအညီတွေ ဒေါ်လာ ဘီလီယံနဲ့ချီ ပေးပို့ခဲ့သလို ရုရှားအပေါ် ပြင်းထန်တဲ့ အရေးယူ ပိတ်ဆို့မှုတွေလည်း သတ်မှတ် ကျင့်သုံးခဲ့ပါတယ်။

Ref: CNA