ထိုင်းမှာ မြန်မာတွေ ကွန်ဒိုတိုက်ခန်း ဝယ်ယူမှုက မနှစ်က တနှစ်လုံးစာထက် အခုနှစ် ပထမဆုံး ခြောက်လမှာ ပိုများလာ

စက်တင်ဘာ၊ ၂၄

မြန်မာနိုင်ငံသား ဝယ်လက်တွေဆီ ထိုင်းကွန်ဒို တိုက်ခန်းတွေ အပ်နှံနိုင်မှုဟာ အခုနှစ် ပထမ ၆ လအတွင်းမှာ ၂၀၂၃ တနှစ်လုံးစာထက် ပိုများခဲ့တယ်လို့ ထိုင်းကွန်ဒို ဆောက်လုပ်ရေး အသိုက်အဝန်းဆီကနေ သိရပါတယ်။

ထိုင်းရဲ့ အိမ်ခြံမြေ သတင်းအချက်အလက် စင်တာ (REIC)ရဲ့ ယာယီ ညွှန်ကြားရေးမှူးချုပ် ဗီချိုင်း ဗီရက်ကာပန်က အာဏာသိမ်း မြန်မာစစ်တပ်ဆီက ဖိနှိပ် ဖြိုခွင်းမှုတွေ ရှိခဲ့တဲ့တိုင်အောင် ၂၀၂၄ ပထမနှစ်ဝက်မှာ မြန်မာနိုင်ငံသား ပိုင်ရှင်တွေဆီ ကွန်ဒိုတိုက်ခန်း ၆၃၈ ခန်းကို လွှဲပြောင်းပေးနိုင်ခဲ့တယ်လို့ ပြောကြားသွားပါတယ်။ အခုနှစ် ဒုတိယ သုံးလပတ် ကာလတုန်းက အာဏာသိမ်း မြန်မာစစ်တပ်ကသာ ထိုင်းမှာ ကွန်ဒိုဝယ်ယူမှုတွေကို ပစ်မှတ်ထား ဖိနှိပ်တာတွေ မလုပ်ခဲ့ရင် မြန်မာတွေဆီ ကွန်ဒိုတွေ ရောင်းချရမှုဟာ ပိုပြီးတော့တောင် များပြားနိုင်တယ်လို့ ဗီချိုင်းက မှတ်ချက်ပေးခဲ့ပါတယ်။

မြင်သာတဲ့ ကိန်းဂဏန်းတွေအဖြစ် အခုနှစ် ပထမဆုံး သုံးလအတွင်း မြန်မာတွေရဲ့ ကွန်ဒို ဝယ်ယူမှုဟာ ၃၉၂ ခန်းနဲ့ ဘတ် ၂.၂ ဘီလီယံဖိုး ရှိခဲ့ရာကနေ ဒုတိယ သုံးလပတ်မှာတော့ ကွန်ဒို အခန်းပေါင်း ၂၄၆ ခန်းကို ဘတ် ၁ ဘီလယံကျော်ဖိုးလောက်သာ ဝယ်ယူတော့တယ်လို့ သူက ဆိုပါတယ်။

REICရဲ့ စာရင်းတွေအရ အခုနှစ် ပထမ ၆ လအတွင်း မြန်မာနိုင်ငံသားတွေလက်ထဲ အပ်နှံခဲ့တဲ့ ကွန်ဒို တိုက်ခန်း ၆၃၈ ခန်းရဲ့ တန်ဖိုးဟာ ဘတ် ၃.၂၄ ဘီလီယံဖိုး ရှိခဲ့ပါတယ်။ မနှစ်က တနှစ်လုံးစာမှာတော့ ထိုင်းကွန်ဒိုတိုက်ခန်း အရေအတွက် ၅၆၄ သန်းကို မြန်မာတွေဆီ ရောင်းချခဲ့ပြီး တန်ဖိုးကတော့ ဘတ် ၃.၇ ဘီလီယံလောက်ထိ များပြားခဲ့ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကနေ တိမ်းရှောင်လာတဲ့ မြန်မာပြည်သူတွေဟာ ထိုင်းနိုင်ငံမှာ အခြေချကြရာကနေ ၂၀၂၂ ကစပြီး မြန်မာနိုင်ငံသားတွေက ထိုင်းကွန်ဒိုတွေ ဝယ်ယူမှု ဆက်တိုက် မြင့်တက်လာခဲ့ပါတယ်။

၂၀၂၁ ခုနှစ်တုန်းက ထိုင်းမှာ မြန်မာတွေရဲ့ ကွန်ဒိုတိုက်ခန်းတွေ ဝယ်ယူမှုဟာ အခန်း ၃၀ သာ ရှိခဲ့ပြီး တန်ဖိုးကလည်း ဘတ် ၂၇၄ သန်းသာ ဖြစ်ပါတယ်။ ၂၀၂၂ မှာတော့ မြန်မာတွေဆီ ဘတ် ၂.၅၅ ဘီလီယံဖိုး ကွန်ဒို ၃၄၉ ခန်းထိ ရောင်းချနိုင်ခဲ့တယ်လို့ ဗီချိုင်းက ပြောပါတယ်။

မြန်မာနိုင်ငံသားတွေဟာ ၂၀၂၂ ခုနှစ်ကစလို့ ထိုင်းရဲ့ ကွန်ဒိုဝယ်ယူမှု အများဆုံး နိုင်ငံခြားသားတွေ စာရင်းရဲ့ ထိပ်ဆုံး ၁၀ နေရာမှာ ဝင်ဆံ့လာပြီး အခုအခါမှာတော့ တန်ဖိုးအားဖြင့်ရော၊ အရေအတွက် အနေနဲ့ပါ ထိုင်းမှာ ကွန်ဒို ဝယ်ယူမှု ဒုတိယ အများဆုံး နိုင်ငံခြားသားတွေ အနေနဲ့ ရပ်တည်နေပြီ ဖြစ်ပါတယ်။ ထိပ်ဆုံးနေရာမှာတော့ တရုတ်နိုင်ငံသားတွေက ဦးဆောင်ပြီး ရပ်တည်နေဆဲပါ။

REICရဲ့ အဆိုအရ ၂၀၂၄ ခုနှစ် ဒုတိယ သုံးလပတ်မှာ နိုင်ငံခြားသားတွေကို ကွန်ဒိုတိုက်ခန်းတွေ ရောင်းချရမှုဟာ တန်ဖိုးအရရော၊ အရေအတွက်အရပါ အကျပိုင်းဆီ ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ နှစ်အလိုက် နှိုင်းယှဉ်မှုအရ အဲဒီ သုံးလတာအတွင်း နိုင်ငံခြားသားတွေ ဝယ်ယူတဲ့ ကွန်ဒိုတိုက်ခန်း ၃၃၄၂ ခန်း ဆိုတာဟာ ပျမ်းမျှ ၆.၂ ရာခိုင်နှုန်း ကျဆင်းတာဖြစ်ပြီး တန်ဖိုး ၁၄.၈ ဘီလီယံ ဘတ် ဆိုတာကလည်း ပျမ်းမျှ ၁၇.၇ ရာခိုင်နှုန်း လျော့သွားတာပါ။

အနီးကပ်ဆုံးဖြစ်တဲ့ မနှစ်က အလားတူ ကာလနဲ့ ယှဉ်ရင်တောင် နိုင်ငံခြားသားတွေကို ကွန်ဒို တိုက်ခန်းတွေ ရောင်းချရတဲ့ အရေအတွက်ဟာ ၁၁.၈ ရာခိုင်နှုန်း လျော့ပါးသွားပြီး တန်ဖိုးအားဖြင့် ၂၁.၂ ရာခိုင်နှုန်း ယုတ်လျော့သွားတယ်လို့ REICရဲ့ သတင်းတွေအရ သိရပါတယ်။

Ref: Bangkok Post