Photo – Yaw National Revolution Force
စက်တင်ဘာ ၊ ၂၃
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဌာနလက်အောက်ခံ မကွေးတိုင်း၊ ဂန့်ဂေါနဲ့ ထီးလင်းဒေသအခြေစိုက် PDF တပ်ရင်းငါးခုဟာ ပြီးခဲ့တဲ့ဇူလိုင်လကစလို့ စုဖွဲ့လေ့ကျင့်မှုတွေ လုပ်ခဲ့တယ်လို့သိရပါတယ်။
“အခုလိုအင်အားများများနဲ့စုဖွဲ့ဖြစ်တာကတော့ပထမဦးဆုံးအကြိမ်ပါ”လို့ စုဖွဲ့လေ့ကျင့်မှုမှာပါဝင်တဲ့ ဂန့်ဂေါခရိုင် အမှတ်(၁၈)တပ်ရင်း Yaw National Revolution Force ပြန်ကြားရေးတာဝန်ရှိသူတဦးကပြောပါတယ်။
အဲ့ဒီစုဖွဲ့လေ့ကျင့်မှုတွေမှာ ဂန့်ဂေါခရိုင် PDF တပ်ရင်းတွေဖြစ်တဲ့ အမှတ် ၁၃၊၁၅၊၁၆၊၁၇၊၁၈တို့ပါဝင်ပြီး ဇူလိုင် ၂၄ရက်မှာစတင်ပြုလုပ်ခဲ့တာလို့သိရပါတယ်။
စုဖွဲ့လေ့ကျင့်မှုပြုလုပ်နေချိန်ကာလအတွင်း NUG ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေအပြင် လူသိများတဲ့ဥ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ခေါင်းဆောင် ကိုတေဇာဆန်းလည်း လာရောက် ဟောပြောဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
အခုလို PDF တပ်ရင်းတွေစုဖွဲ့လေ့ကျင့်နေကြတဲ့ကာလအတွင်း စစ်ကောင်စီတပ်သားသုံးဦး လက်နက်အပြည့်အစုံနဲ့ပူးပေါင်းလာတာကြောင့် ဂုဏ်ပြုငွေတွေပေးပြီး ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားတယ်လို့လည်းဆိုပါတယ်။
လက်နက်နဲ့အတူ ပူးပေါင်းခိုလှုံလာတဲ့ စစ်ကောင်စီတပ်သားတွေက သူတို့အစီအစဉ်နဲ့သူတို့ စစ်ကောင်စီတပ်ထဲကနေထွက်ခွာလာပြီးမှ တော်လှန်ရေးအင် အားစုတွေဆီချိတ်ဆက်လာတာဖြစ်လို့ ကြိုဆိုလက်ခံမှုတွေမှာအခက်အခဲမရှိဘူးလို့ Yaw National Revolution Force ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
စုဖွဲ့လေ့ကျင့်နေတဲ့ကာလအတွင်းတချိန်တည်းမှာပဲ စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်တာတွေလည်းဆက်လုပ်နေတယ်လို့ Yaw National Revolution Force ကဆိုပါတယ်။
စုဖွဲ့လေ့ကျင့်မှုကာလအတွင်းမှာပဲ လေ့ကျင့်မှုမှာပါဝင်တဲ့ PDF တပ်ရင်းငါးခုအတွက် နွေဦးညီနောင်သိန်းထောင်ဆိုတဲ့ ကမ်ပိန်းကိုပြုလုပ်နေပါတယ်။
“ရဲဘော်တွေအတွက်လိုအပ်တဲ့ ကျည်ကာဦးထုပ်တွေ၊ကျည်ကာပြားတွေ ၊ကျန်တဲ့ဖိနပ်တွေပေါ့ အဲ့ဒါတွေဝယ်ယူတပ်ဆင်နိုင်ဖို့ အတွက်ထောက်ပံ့ပေးကြပါလို့ပြောချင်ပါတယ်” လို့ Yaw National Revolution Force ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။