စက်တင်ဘာ၊ ၂၃
ကူကီ စစ်သွေးကြွတွေ အင်အား ၉၀၀ လောက်ထိ နယ်စပ်ဖြတ်ကျော်ပြီး ဝင်ရောက်လာနိုင်ကြောင်း အိန္ဒိယရဲ့ မဏိပူရ ပြည်နယ် အစိုးရ ထိပ်တန်း အရာရှိ တဦးက စွပ်စွဲ ပြောကြားလိုက်ပြီး မြန်မာနဲ့ နယ်စပ်တလျှောက် လုံခြုံရေး တိုးမြှင့် စောင့်ကြည့်နေတယ်လို့လည်း ဆိုပါတယ်။
မဏိပူရ ပြည်နယ် အစိုးရရဲ့ လုံခြုံရေး အတိုင်ပင်ခံ အရာရှိ ကူဒီယာဆင်းက ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ အခုလိုမျိုး စွပ်စွဲ ပြောကြားလိုက်တာပါ။ အိန္ဒိယ အရှေ့မြောက်ပိုင်းမှာ သီးခြားဆန်ဆန် တည်ရှိတဲ့ မဏိပူရ ပြည်နယ်ဟာ မြန်မာနိုင်ငံနဲ့ ရှည်လျားတဲ့ နယ်စပ်မျိုး ထိစပ်နေပြီး ကူကီ မျိုးနွယ်စုတွေဟာလည်း မြန်မာဖက်က ချင်းတိုင်းရင်းသားတွေနဲ့ ဆက်နွှယ်မှု ရှိကြပါတယ်။
မဏိပူရဟာ ကူကီတွေနဲ့ လူများစု မီတီ တိုင်းရင်းသားတွေကြားက လူမျိုးရေး ပဋိပက္ခတွေ တအုံနွေးနွေး တည်ရှိနေတဲ့ နယ်မြေလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် မေလကစလို့ ကူကီတွေနဲ့ မီတီတွေကြားမှာ သွေးချောင်းစီး သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့ပြီး လက်ရှိ အချိန်ထိလည်း ပဋိပက္ခတွေ အလျဉ်းသင့်သလို ဖြစ်ပေါ်နေဆဲပါ။ အခုလ အစောပိုင်းမှာတင် မျိုးနွယ်စု နှစ်ခုကြား ပဋိပက္ခတွေကြောင့် လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
မဏိပူရမှာ ကူကီတွေကို တောင်ပေါ်သားတွေလို့ ခေါ်ဝေါ်လေ့ရှိပြီး မီတီတွေကတော့ မြေပြန့်လွင်ပြင်တွေမှာ အဓိက နေထိုင်ပါတယ်။ အဲဒီ မတူညီ ကွဲပြားတဲ့ ပထဝီဝင် အခြေအနေ နှစ်ခုကြားမှာ အိန္ဒိယ အစိုးရ စေလွှတ်ထားတဲ့ တပ်တွေက လုံခြုံရေး ဖြန့်ကျက်ယူပြီး တပ်စွဲထားရပါတယ်။
ကူကီ စစ်သွေးကြွ ၉၀၀ လောက် နယ်စပ်ဖြတ်ကျော်ပြီး အုံလိုက်ကျင်းလိုက် ဝင်ရောက်လာနိုင်တယ်ဆိုတဲ့ ဆင်းရဲ့ စွပ်စွဲချက်ဟာ မီတီတွေအတွက် စိုးရိမ်စရာ ဖြစ်လာပြီး ကူကီ စစ်သွေးကြွတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ ဆန္ဒပြ တောင်းဆိုမှုတွေလည်း ရှိလာပါတယ်။
ဒါပေမဲ့ ကူကီမျိုးနွယ်စုတွေကို အဓိက ကိုယ်စားပြုတဲ့ အသင်းတခုဖြစ်တဲ့ ကူကီကျောင်းသားများအဖွဲ့ (KSO)ကတော့ ဆင်းရဲ့ ပြောဆိုမှုတွေကို ငြင်းဆိုပြီး အစိုးရ ထိပ်တန်း အရာရှိ တဦးဆီကနေ အခြေအမြစ် မရှိတဲ့ စကားတွေ ထွက်ပေါ်လာတာ ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။
ဆင်းဟာ ကူကီတွေရဲ့ လုံခြုံဘေးကင်းမှုကို ကာကွယ်စောင့်ရှောက်ပေးဖို့ အဓိက တာဝန်ရှိပေမယ့်လည်း ဒုက္ခရောက်စေမယ့် စကားကိုသာ လက်လွတ်စပယ် ပြောဆိုခဲ့ကြောင်း၊ ဒီလို လူပုဂ္ဂိုလ်မျိုးရဲ့ ဦးဆောင်မှုအောက်မှာ ကူကီတွေအတွက် မလုံခြုံဘူးလို့ ခံစားရတာကြောင့် ဆင်းနုတ်ထွက်ပေးဖို့ တောင်းဆိုကြောင်း KSOက ထုတ်ပြန်ခဲ့ပါတယ်။
ဆင်းကတော့ ကူကီ စစ်သွေးကြွ ၉၀၀ လောက် နယ်စပ်ဖြတ်ကျော် စိမ့်ဝင်လာနိုင်တဲ့ အခြေအနေအတွက် သက်ဆိုင်ရာ ထောက်လှမ်းရေး အဖွဲ့အစည်း အသီးသီးက လုံခြုံရေးနဲ့ ထောက်လှမ်းရေး အစီအမံတွေ တင်းကျပ်ပြီး စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။
လူဦးရေ ၃.၅ သန်းလောက် နေထိုင်တဲ့ မဏိပူရမှာ ကူကီနဲ့ မီတီတွေဟာ အဓိက ပြိုင်ဘက် မျိုးနွယ်စု နှစ်ခုလို ဖြစ်နေပြီး မနှစ်က အစပြုခဲ့တဲ့ မျိုးနွယ်စု ပဋိပက္ခတွေအတွင်း စုစုပေါင်း လူ ၂၃၇ ဦးထက်မနည်း သေဆုံးပြီး ၆၀၀၀၀ ကျော် နေရပ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရပါတယ်။
အိန္ဒိယ ဖက်ဒရယ် အစိုးရဟာ မဏိပူရ ဒေသရဲ့ မတည်ငြိမ်မှုတွေမှာ မြန်မာဖက်က စစ်ရှောင်ဒုက္ခသည်တွေ အလုံးအရင်း ဝင်ရောက်မှုက အဓိက အကြောင်းရင်း တခုဖြစ်တယ်လို့ ယူဆခဲ့ပြီး ပြီးခဲ့တဲ့ နှစ်မှာတော့ နှစ်နိုင်ငံကြား လွတ်လပ်စွာ နယ်စပ်ဖြတ်ကျော် ကူးသန်းခွင့်ကို အိန္ဒိယက ပိတ်ပင်ခဲ့ပါတယ်။
နောက်ပြီး အိန္ဒိယ အစိုးရဟာ မြန်မာနဲ့ နယ်စပ်တလျှောက် ကီလိုမီတာ ၁၆၅၀ လောက် အရှည်ကို စည်းရိုးတည်ဆောက်ပြီး အခိုင်အမာ ကာကွယ်သွားမယ်လို့လည်း အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်လာ ၃.၇၁ ဘီလီယံလောက် ကုန်ကျမယ့် အဲဒီ စည်းရိုးဟာ မြန်မာဖက်က မျိုးနွယ်တူ အစုအဖွဲ့တွေနဲ့ ချိတ်ဆက်မှုကို ဖြတ်တောက်ခံရမယ့် အဓိပ္ပါယ် ဖြစ်လာတာကြောင့် ကူကီတွေက အပြင်းအထန် ဝေဖန် ကန့်ကွက်နေကြပါတယ်။
Ref: Reuters