စက်တင်ဘာ ၊ ၂၃
မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေအပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာ ရာဂိတိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန် တိမ်တိုက်တွေကြောင့် လူဦးရေရာချီသေဆုံးပြီး အိုးအိမ်၊ စည်းစိမ်၊ အဆောက်အအုံအများအပြားပျက်စီး ခဲ့ပါတယ်။
နာရီပိုင်း ၊ရက်ပိုင်းအတွင်း ရုတ်တရက်ရေကြီးနစ်မြုပ်တာ၊ မြေပြိုတာတွေကြောင့် လူဦးရေရာနဲ့ချီသေဆုံးခဲ့တဲ့ အထဲ အများစုဟာ ရေစီးနဲ့မျောပါပျောက်ဆုံးခဲ့ကြတာပါ။ သေဆုံးသွားသူတွေထဲက တချို့ကိုတော့ ရေဘေးသင့် ဒေသတွေမှာ ရေပြန်ကျသွားချိန်အထိ ရှာမတွေ့ကြသေးပါဘူး။
မြေပြင်ထက် ပိုနည်းနိုင်ဖွယ်ရှိတယ်လို့ ယူဆခံနေရတဲ့ စစ်ကောင်စီစာရင်းတွေအရဆိုရင်တောင် လက်ရှိရေဘေးကြောင့် လူနှစ်ရာကျော်သေဆုံးပြီးပျောက်ဆုံးနေသူ ရှစ်ဆယ်နီးပါးအထိရှိနေပါတယ်။
ကြုံရခဲတဲ့ သဘာဝဘေးဟာ အချိန်တိုအတွင်း ဒီလိုထိခိုက်ဆုံးရှုံးမှုတွေကိုဖြစ်စေခဲ့ပေမယ့် လူတွေဖန်တီးတဲ့ ဘေးဒဏ်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ဆုံးရှုံးပျက်စီးမှုတွေထက်တော့အဆပေါင်းများစွာ နည်းပါးနေပါသေးတယ်။
အထူးသဖြင့် ဆယ်စုနှစ်တွေနဲ့ချီ ပြည်တွင်းစစ်ကိုဖြတ်သန်းခဲ့ရတဲ့အပြင် ၂၀၂၁အာဏာသိမ်းပြီးနောက် ပိုမိုကျယ် ပြန့်ပြင်းထန်တဲ့ ပြည်တွင်းစစ်ပွဲတွေကို ကာလကြာရှည်ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာဖြစ်ပါတယ်။
ရေဘေးကြောင့် အချိန်တိုအတွင်းလူဦးရေရာနဲ့ချီသေဆုံး၊ ပျောက်ဆုံးနေကြတာဟာ ပြောစမှတ်ပြုစရာဖြစ် ပေမယ့် ၂၀၂၁အာဏာသိမ်းမှုကနေ စတင်တဲ့ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း သေဆုံး၊ ပျောက်ဆုံးနေတဲ့လူဦး ရေကတော့ ထောင်ချီရှိနေပါပြီ။
စစ်အာဏာသိမ်းမှုကို တနိုင်ငံလုံးအနှံ့ လက်နက်မဲ့ ဆန့်ကျင်ဆန္ဒပြခဲ့ကြချိန်ကစလို့ လက်ရှိအချိန်အထိ နိုင်ငံရေး အရ ဖမ်းဆီးမှုတွေကြောင့် ဒေသအနှံ့က အမျိုးသမီး၊ အမျိုးသားပျောက်ဆုံးမှုတွေရှိနေဆဲပါ။
ဒါ့အပြင် လက်နက်ကိုင်တော်လှန်ရေး အရှိန်မြင့်တက်လာတဲ့နောက် စစ်ကောင်စီမဟုတ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ တွေက ဖမ်းဆီးသွားတာ ၊စစ်မက်ပြင်းထန်ရာဒေသတွေကျယ်ပြန့်လာပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေချိန်ပြန်ပေး ဆွဲလုယက်မှုနဲ့ လူကုန်ကူးမှုကျူးလွန်သူတွေကြောင့် ကလေးတွေအပါအဝင် လူပျောက်ဆုံးမှုတွေလည်း ရှိနေပါသေးတယ်။
“ကိုယ့်ပတ်ဝန်းကျင် အနီးအနားမှာလည်း ကြားတာအစုံပဲ၊ တို့ဆေးမိပြီး လှိုင်သာယာပါသွားတာတို့၊ ပြန်တွေ့တဲ့သူလည်းရှိပေမယ့် မတွေ့တဲ့သူလည်းရှိကြတယ်၊ ဒါတွေလည်းအနောက်မှာ နိုင်ငံရေးနဲ့ဆိုင်နေမယ်တော့ထင်တာပဲ” လို့ရန်ကုန်မြို့မှာ အင်္ဂလိပ်စာဆရာမတဦးအဖြစ် နေထိုင်ရပ်တည်နေတဲ့ အသက် ၂၅အရွယ် လူငယ်အမျိုးသမီးတဦးက လူပျောက်ဆုံးမှုသတင်းတွေနဲ့ပတ်သက်ပြီး သူ့အမြင်ကိုပြောပါတယ်။
အာဏာမသိမ်းခင် NLD အစိုးရလက်ထက်က နေအိမ်ပြင်ပမှာ စာလိုက်သင်ရင်း ည၁၁နာရီခွဲလောက်မှ အိမ်ပြန်ရရင်တောင် စိတ်ရောကိုယ်ပါလုံခြုံမှုရှိခဲ့ပေမယ့် အခုတော့ ညကိုးနာရီလောက်အထိသာလမ်းပေါ်သွားလာရဲတော့သလို နေ့အချိန်တွေမှာလည်း သတိထားသွားလာနေရတယ်လို့ သူကဆိုပါတယ်။
အလားတူ တိုက်ခိုက်ရေးအင်အား လိုအပ်ချက်တနေ့တခြား မြင့်မားလာတဲ့ စစ်တပ်က တပ်သားသစ်အဖြစ် အသုံးချဖို့ ပေါ်တာဆွဲသွားတာ၊ တပ်သားသစ်အဖြစ် အတင်းအဓမ္မဖိအားပေး သွတ်သွင်းလိုက်တာတွေကြောင့် မိသားစုနဲ့ အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေသူတွေလည်းရှိနေပါတယ်။
အရင်ကာလတွေတုန်းက တစုံတဦးပျောက်ဆုံးသွားတဲ့အခါ သူ့ရဲ့မိသားစုဝင်တွေက သက်ဆိုင်ရာရဲစခန်းတွေမှာ လူပျောက်တိုင်ကြားချက်ဖွင့်ပြီး ပြန်လည်ရှာဖွေတွေ့ရှိဖို့ ကြိုးစားကြလေ့ရှိပါတယ်။
ဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်တွေပြိုပျက်နေတဲ့ နိုင်ငံအနှံ့ စစ်မက်တွေကြားက လက်ရှိကာလမှာတော့ လူပျောက် ဖြစ်စဉ်တွေတိုင်းဟာ ရဲစခန်းတွေဆီရောက်မလာတော့သလို ရဲတွေအပါအဝင် စစ်တပ်နဲ့အာဏာပိုင်တွေ လက် ချက်ကြောင့် ပျောက်ဆုံးသွားသူတွေလည်း အများအပြားရှိနေတာပါ။
“အဓိကကတော့တရားဥပဒေစိုးမိုးမှုမရှိဘူး၊ အာဏာသိမ်းထားတော့ ပြည်သူတွေမှာ အားကိုးရာမရှိဘူးပေါ့”လို့ လုပ်သက် နှစ်နှစ်ဆယ်လောက်ရှိတဲ့ CDM ရဲအုပ်တဦးက လက်ရှိအခြေအနေတွေအပေါ် သူ့အမြင်ကိုပြောပါ တယ်။
အတင်းအဓမ္မပျောက်ဆုံးစေမှု
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ အစီရင်ခံစာ၊ ထုတ်ပြန်ချက်တွေနဲ့ မှတ်တမ်းတွေအရတော့ စစ်ကောင်စီဟာ အာဏာသိမ်းမှုစတင်ချိန်ကစလို့ နိုင်ငံရေးအရဖမ်းဆီးခံရသူတွေကို အတင်းအဓမ္မပျောက်ဆုံးစေမှု ကျူးလွန်ခဲ့တာလို့ ဖော်ပြထားပါတယ်။
မြန်မာစစ်တပ်ဟာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်မှာ အာဏာသိမ်းပြီးနောက် ပထမဆုံးခြောက်လလောက်အတွင်း စုစုပေါင်း လူဦးရေ ၇၆၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး သူတို့ကို ဘယ်နေရာမှာ ချုပ်နှောင်ထိန်းသိမ်းထားတယ်ဆိုတာ ထုတ်ဖော်ပြောဆိုမှုမရှိခဲ့ဘူးလို့ AAPP ရဲ့ထုတ်ပြန်ချက်တခုမှာဖော်ပြခဲ့ပါတယ်။
အခုအချိန်မှာတော့ စစ်ကောင်စီက လူဦးရေ ၂၇,၃၀၀ ကျော်အထိဖမ်းဆီးခဲ့ပြီးဖြစ်ကာ အဲ့ဒီအထဲက ၂၁,၀၀၀ လောက်ဆက်လက်ထိန်းသိမ်းခံထားကြရဆဲဖြစ်တယ်လို့ AAPPမှတ်တမ်းတွေမှာ ဖော်ပြပါတယ်။
နိုင်ငံရေးအရ ဖမ်းဆီးခံရသူတွေကို အဲ့ဒီလို အတင်းအဓမ္မပျောက်ဆုံးစေမှုကျူးလွန်တာဟာ လက်ရှိ အာဏာသိမ်း စစ်ကောင်စီကသာမက မြန်မာ စစ်အာဏာရှင်အဆက်ဆက်ရဲ့အမူအကျင့်ဖြစ်တယ်လို့လည်း AAPPကပြောပါတယ်။
“စစ်အာဏာရှင်အဆက်ဆက်မှာ ဖမ်းဆီးထိန်းသိမ်းတာ၊ ထောင်ပြောင်းတာတွေကို ကာယကံရှင်များရဲ့မိသားစု တွေကို ဘယ်သောအခါမှ အသိပေးတာမရှိခဲ့ဘူး၊ မိသားစုများက ထောင်တွေ၊ ရဲစခန်းတွေကိုသွားရောက် စုံစမ်းမေးမြန်းတာ၊ အကျဉ်းကျနေသူတွေရဲ့ မိသားစုတွေကတဆင့် စုံစမ်းမေးမြန်းတာတွေကို အချိန်ကုန်၊ ငွေကုန်၊ လူပန်းခံပြီးခက်ခက်ခဲခဲစုံစမ်းကြရတယ်”လို့ AAPP အတွင်းရေးမှူး ဦးတိတ်နိုင်ကပြောပါတယ်။
စစ်ကောင်စီဟာ သူတို့ဖမ်းဆီးလိုက်သူတွေကို အတင်းအဓမ္မပျောက်ဆုံးစေမှုကျူးလွန်နေတယ်ဆိုတဲ့ AAPP ရဲ့ ထောက်ပြချက်ကို ပိုပြီးအားကောင်းသွားစေတဲ့ လူသိရှင်ကြားဖြစ်ရပ်တွေရော၊ လူသိမများပေမယ့် DNAက အခိုင်အမာစုံစမ်းအတည်ပြုထားနိုင်တဲ့ ဖြစ်ရပ်တချို့ရောရှိနေပါတယ်။
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနဲ့ပတ်သက်ပြီး မန္တလေးမြို့က ထင်ရှားတဲ့ သံဃာတော် ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်)ရဲ့အဖြစ်ဟာ အတင်းအဓမ္မပျောက်ဆုံးစေမှု ကျူးလွန်ခံရသူစာရင်းထဲထည့်ရမယ့် အခြေ အနေဖြစ်ပါတယ်။
ဆရာတော်ဦးသောဘိတဟာ အာဏာသိမ်းတဲ့နေ့မှာပဲ ဖမ်းဆီးခံရပြီး နောက်တရက်မှာတော့ ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံရပါတယ်။
“အာဏာသိမ်းတဲ့မနက်မှာ သူက ကျောင်းတံခါးကိုရိုက်ဖွင့်ခံရပြီး ဖမ်းဆီးခံရတယ်။ ဖမ်းဆီးခံရပြီးတော့မှ မန္တလေး အိုးဘိုထောင်ကနေ နန်းတွင်းထဲကို ခေါ်သွားခံရပြီး စစ်ဆေးခံရတယ်လို့ကြားပြီးနောက်ပိုင်း ဘာမှအဆက်သွယ် မရတော့တာ”လို့ နွေဦးတော်လှန်ရေးသံဃကွန်ရက်က ဆရာတော်တပါးဖြစ်တဲ့ ဦးဝါယမက မိန့်ပါတယ်။
၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးမှာပါဝင်ခဲ့တဲ့ သံဃာတပါးလည်း ဖြစ်တဲ့ ဆရာတော် ဦးသောဘိတကို စစ်တပ်က အာဏာမသိမ်းခင်ကတည်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့တရားစွဲဆိုခဲ့ပေမယ့် အာမခံရကာ အမှု ဆက်လက်ရင်ဆိုင်နေချိန်မှာ အာဏာသိမ်းမှုပေါ်ပေါက်ခဲ့တာပါ။
အဲ့ဒီဆရာတော်ကို NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်မှာ စစ်တပ်က ပုဒ်မ ၅၀၅(ခ) ပုဒ်မ ၆၆(ဃ)တို့နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပြီး ပုဒ်မ ၅၀၅(ခ)နဲ့စွဲဆိုချက်ကိုတော့ အမရပူရမြို့နယ် တရားရုံးနဲ့တိုင်းတရားရုံးတို့က ပယ်ချခဲ့ပါတယ်။
စစ်ကောင်စီကတော့ အာဏာသိမ်းပြီးပြီးချင်းမှာပဲ ပုဒ်မ ၆၆(ဃ)အမှုအတွက် ထောင်နှစ်နှစ်ချခဲ့သလို နောက်ထပ် ရှစ်လလောက်အကြာ အဲ့ဒီနှစ် အောက်တိုဘာလကုန်ပိုင်းမှာတော့ ပုဒ်မ ၅၀၅(က)နဲ့ ထပ်မံစွဲဆိုပြီးထောင် ဒဏ်နှစ်နှစ် ထပ်ချပြန်ပါတယ်။
စစ်ကောင်စီထပ်မံစွဲဆိုတဲ့အမှုအတွက် ဥပဒေကြောင်းအရ ခုခံချေပခွင့်တစုံတရာလည်း မရခဲ့ပါဘူး။
“သူကတော့ နိုင်ငံရေးမှာတော့ အထင်ကရ ပုဂ္ဂိုလ်တပါးပါပဲ။ ပြီးတော့သူက ဆန္ဒပြလို့မို့ အဖမ်းခံရတယ်၊ အဲ့လိုမျိုးမဟုတ်ဘူး။ အရင်ကတည်းကလည်း အာဏာရှင်ဆန်မှုကို ဆန့်ကျင်ခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အခါမှာ ပြီးတော့ တပည့်သားမြေးတွေများတဲ့အခါကျတော့ အာဏာသိမ်းတဲ့အချိန်မှာ ဖမ်းဆီးလိုက်တာလို့ ယူဆရတာပေါ့”လို့ ဆရာတော် ဦးဝါယမက မိန့်ပါတယ်။
အာဏာသိမ်းကာလအတွင်း လျှော့ပေါ့ရက်ခံ စားခွင့်တွေကြောင့် ဆရာတော်ဦးသောဘိတ ချမှတ်ခံထားရတဲ့ ထောင်ဒဏ်လေးနှစ်ဟာ ၂၀၂၃ခုနှစ် ဇွန်လ ၂၀ ရက် မှာ လွတ်ရက်ရောက်ခဲ့ပါတယ်။
ဒါပေမယ့် ဒီနေ့အထိ ဆရာတော်ဦးသောဘိတ အကျဉ်းထောင်ပြင်ပကို လွတ်မြောက်မလာသလို သူ့ကိုအကျဉ်းချထားရာ မန္တလေးအိုးဘိုထောင်ထဲမှာလည်းရှိမနေတော့ဘဲ စစ်ကောင်စီလက်တွင်းကနေပဲ ပျောက်ဆုံးနေပါတယ်။
“လွတ်ရက်စေ့လို့ လွှတ်လိုက်ပြီဆိုကတည်းက ဒီကနေ့တိုင်ထိ မိသားစုနဲ့ အဆက်အသွယ်မရတော့ဘူး၊ ဦးပဥ္ဇင်းတို့ သေသေချာချာ စုံစမ်းတယ်၊ ဘယ်လိုမှ စုံစမ်းမရဘူး။ သေချာတာက ဘယ်သူမှလည်း စုံစမ်းရမှာမဟုတ်ဘူး” လို့ ဆရာတော်ဦးသောဘိတနဲ့ပတ်သက်ပြီး သံဃသမဂ္ဂ-မန္တလေးဦးဆောင်ဆရာတော်တပါးက ရှင်းပြပါတယ်။
လွတ်ရက်ပြည့်ပြီးနောက် တနှစ်ကျော်ကြာလာတဲ့ဒီကနေ့အထိ ဆရာတော် ဦးသောဘိတ ဘာတွေကြုံတွေ့နေ ရတယ်၊ ဘယ်မှာ ရှိနေတယ်ဆိုတာတွေကိုမသိကြရတော့သလို စစ်ကောင်စီကလည်း တစုံတရာ ထုတ်ပြန်ပြောဆိုတာမရှိဘဲ နှုတ်ဆိတ်နေဆဲပါ။
ဆရာတော်ဦးသောဘိတလိုပဲ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ တက်တက်ကြွကြွပါဝင်လေ့ရှိသူ သံဃသမဂ္ဂ-မန္တလေးက သံဃာတော်တပါးဖြစ်တဲ့ ပြည်ကြီးတံခွန်ဆရာတော် ဦးအဂ္ဂဝံသဟာလည်း စစ်ကောင်စီတပ်ကဖမ်းဆီး သွားပြီးနောက် ဒီကနေ့အထိ သတင်းအစနပျောက်ဆုံးနေပါတယ်။
ပြည်ကြီးတံခွန်ဆရာတော်ဟာ လုံခြုံရေးအရ တိမ်းရှောင်ရင်း စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် လက္ကပင်ကျေးရွာမှာ ရောက်ရှိ သီတင်းသုံးနေချိန် ၂၀၂၃ခုနှစ် မတ်လ ၅ရက်မှာတော့ စစ်ကောင်စီတပ်က အဲ့ဒီရွာကို စစ်ကြောင်းထိုး စီးနင်းခဲ့ပါတယ်။
ဒီစီးနင်းမှုအတွင်း ဒေသခံသုံးရာလောက် ဖမ်းဆီးစစ်ဆေးခံခဲ့ရသလို စစ်ကောင်စီတပ်ရဲ့ အဓိကပစ်မှတ်တွေထဲက တခုဖြစ်တဲ့ ကျေးရွာဘုန်းတော်ကြီးကျောင်းမှာ သီတင်းသုံးနေတဲ့ ပြည်ကြီးတံခွန်ဆရာတော်လည်း ဖမ်းဆီးခံရပါ တယ်။
အဲ့ဒီနောက်ရွာခံအများစုကို ပြန်လွှတ်ပေးလိုက်ပေမယ့် ပြည်ကြီးတံခွန်ဆရာတော်အပါအဝင် လူဆယ်ဦးလောက် ဆက်လက်ဖမ်းဆီးခံရသလို သူတို့အထဲက တချို့ကို သတ်ဖြတ်ပြီး ရွာအနီးက ဧရာဝတီမြစ်ထဲ ဖျောက်ဖျက်လိုက်ပါတယ်။
ပြည်ကြီးတံခွန်ဆရာတော်ကိုလည်း စစ်ကောင်စီတပ်သားတွေက သတ်ဖြတ်လိုက်တယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် ဆရာတော်ရဲ့ ရုပ်အလောင်းကို တွေ့ရှိအတည်ပြုနိုင်တာမရှိသလို စစ်ကောင်စီဘက်က နောက်ဆက်တွဲထုတ်ပြန်ချက်တစုံတရာလည်းမရှိတာကြောင့် ဒီကနေ့အထိ ဆရာတော့်အခြေအနေကို မသိကြရတော့ပါဘူး။
“စစ်ကောင်စီတပ်သားတွေရဲ့ လက်ချက်နဲ့ ပျံလွန်တော်မူသွားပြီလို့လည်း သိရတယ်။ သို့သော် သေရေးရှင်ရေး ကိစ္စဖြစ်တဲ့အတွက် ဦးပဥ္ဇင်းတို့အနေနဲ့က ယတိပြတ် အတည်ပြုမပြောနိုင်ပါဘူး။ ထပ်မံစုံစမ်းတဲ့အခါမှာလည်း လုံးဝ တစုံတရာ သတင်းမရဖြစ်ပါတယ်”လို့ သံဃသမဂ္ဂ-မန္တလေးဦးဆောင်ဆရာတော်တပါးက DNAကို မိန့်ပါတယ်။
မတ္တရာမြို့နယ် ထန်းပင်ကုန်းရွာကျောင်းတိုက် ဆရာတော် ဦးဝါယမရဲ့အဖြစ်ဟာလည်း စစ်ကောင်စီဟာ အတင်း အကျပ်ပျောက်ဆုံးစေမှုတွေရည်ရွယ်ချက်ရှိရှိကျူးလွန်နေတယ်တဲ့ဆိုတဲ့စွပ်စွဲချက်ကို ပိုပြီးခိုင်မာစေတဲ့ ဖြစ်ရပ် ပါ။
မတ္တရာမြို့နယ် သံဃမဟာနာယကအတွင်းရေးမှူးလည်းဖြစ်တဲ့ ဆရာတော်ဦးဝါယမဟာ တော်လှန်ရေးအင်အားစု တွေကို ကူညီနေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့၂၀၂၃ခုနှစ် နိုဝင်ဘာ ၁၂ရက်မှာ သီတင်းသုံးရာကျောင်းတိုက်ကနေဖမ်းခေါ်သွားခြင်းခံခဲ့ရပါတယ်။
သက်တော် ၇၀၊ ဝါတော် ၅၀ရှိအဲ့ဒီဆရာတော်ကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားပြီးနောက် တပတ် လောက် အကြာမှာတော့ ဆရာတော်သီတင်းသုံးရာ ထန်းပင်ကုန်ရွာနဲ့ ခုနစ်မိုင်လောက်ဝေးတဲ့ အုတ်စက်ပေါက် ရွာအနီးမှာ ဒဏ်ရာတွေနဲ့ ဒေသခံတွေကပြန်တွေ့ခဲ့ကြရပါတယ်။
ဝမ်းဗိုက်နဲ့လည်ပင်းတွေမှာ ဓားဒဏ်ရာတွေတွေ့ရသလို သွားတွေလည်းအနှုတ်ခံထားရတဲ့ မြို့နယ်မဟနအဖွဲ့ အ တွင်းရေးမှူးဆရာတော်ကို စစ်ကောင်စီတပ်သားတွေက ပျံလွန်ပြီအထင်နဲ့ စွန့်ပစ်ခဲ့တာဖြစ်နိုင်တယ်လို့ ဆရာ တော်ရဲ့တပည့် ဒကာ၊ဒကာမတွေကယူဆကြပါတယ်။
ဒဏ်ရာတွေနဲ့ အဲ့ဒီဆရာတော်ကို တပည့်ဒကာ၊ ဒကာမတွေက တိတ်တဆိတ်ပြန်လည်ကုသပေးခဲ့ကြပေမယ့် နှစ်လကျော်အကြာမှာတော့ ဆရာတော်ဟာ ဆေးရုံမှာပဲပျံလွန်သွားခဲ့ပါတယ်။ ဆရာတော်ဖမ်းဆီးနှိပ်စက်ခံရမှုဟာလည်း ပျံလွန်ပြီးချိန်မှသာ လူသိရှင်ကြားဖြစ်ခဲ့တာပါ။
ဆရာတော်နဲ့နီးစပ်တဲ့ ဒေသခံတွေက ဆရာတော်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလက်ချက်နဲ့ ဖမ်းဆီးခံရပြီး နောက် ညှင်းပန်းနှိပ်စက်ခံရတဲ့ဒဏ်ရာတွေနဲ့ ပျံလွန်ခဲ့တာလို့ အခိုင်အမာပြောကြပေမယ့် စစ်ကောင်စီကတော့ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး တစုံတရာ တုံ့ပြန်ဖြေရှင်းခဲ့တာမရှိပါဘူး။
မြန်မာပြည်သူတွေကြားလူသိများထင်ရှားသူတဦးဖြစ်တဲ့ ရိုးရာလက်ဝှေ့ချန်ပီယံဟောင်း တူးတူး(နဂါးမာန်) ဟာ လည်း အလားတူ အဖြစ်မျိုးနဲ့ပဲ ကြုံခဲ့ရပါတယ်။ အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တဲ့ အသက် သုံးဆယ်ကျော်အရွယ် လက်ဝှေ့ကျော်တူးတူးကို စစ်ကောင်စီက ၂၀၂၂ခုနှစ် ဧပြီလ ဒုတိယပတ်အတွင်း မကွေးတိုင်း စကုမြို့နယ်ထဲမှာ ဖမ်းဆီးခဲ့ပါတယ်။
အဲ့ဒီဖမ်းဆီးမှုကို စစ်ကောင်စီက သတင်းမထုတ်ပြန်ခဲ့ပေမယ့် စစ်ကောင်စီသတင်းတွေဖော်ပြလေ့ရှိတဲ့ လူမှုကွန်ရက်တွေကတော့ လက်ဝှေ့ကျော်တူးတူးအပါအဝင် လူငယ်ခြောက်ဦးကို လက်နက်ခဲယမ်းတွေနဲ့ အတူဖမ်းမိ တယ်လို့ အတည်ပြုဖော်ပြခဲ့ကြပါတယ်။
ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ဖူးသလို ၂၀၁၃ခုနှစ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာလည်း မြန်မာနိုင်ငံ ကိုယ်စားပြုပြီး မွေထိုင်းလက်ဝှေ့ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ နိုင်ငံသိ အားကစားသမားတဦးဖြစ်ပေမယ့် စစ်ကောင်စီ လက်တွင်းက တူးတူးရဲ့အခြေအနေကို မိသားစုက တနှစ်ကျော်ကြာတဲ့အထိ မသိခဲ့ကြရပါဘူး။
သူအဖမ်းခံရအပြီး တနှစ်နဲ့ သုံးလလောက်အကြာ ၂၀၂၃ခုနှစ် ဇူလိုင် ၁၁ရက်မှာတော့ လက်ဝှေ့ကျော် တူးတူးရဲ့ မိသားစုကို စကုမြို့နယ် ရဲစခန်းတာဝန်ရှိသူတွေကခေါ်တွေ့ပြီး တူးတူးသေဆုံးသွားပြီဆိုတဲ့အကြောင်း အသိပေးကာ သိရှိကြောင်းလက်မှတ်ပါထိုးစေခဲ့ပါတယ်။
သူ့ရဲ့ရုပ်အလောင်းကိုတော့ မိသားစုကပြန်မရခဲ့ပါဘူး။ စစ်ကောင်စီတာဝန်ရှိသူတွေရဲ့ အပြောအရ မိသားစုက သိရချိန်မှာ တူးတူးသေဆုံးသွားတာ လေးလဝန်းကျင်လောက်ရှိနေပါပြီ။ သက်သေခံပစ္စည်းတွေရှိတဲ့နေရာကို ပြဖို့ ခေါ် သွားချိန် ၂၀၂၃ခုနှစ် ဧပြီလ ၂၆ရက်မှာ တူးတူးကခုခံတာကြောင့်ပစ်ခတ်ခဲ့ရပြီး သေဆုံးသွားတယ်လို့ စစ်ကောင်စီ တာဝန်ရှိသူတွေက မိသားစုကိုပြောဆိုခဲ့ပါတယ်။
ဖမ်းဆီးခံရချိန်ကစလို့ သေဆုံးချိန်အထိ လက်ဝှေ့ကျော် တူးတူးတယောက် အမှန်တကယ် ဘာတွေကြုံခဲ့ရတယ် ဆိုတာကို မိသားစုကသိခွင့်မရသလို ရုပ်အလောင်းလည်းတွေ့ခွင့်မရဘဲ သေဆုံးသွားပြီဆိုတဲ့ အသိပေးမှုကိုသာ လက်ခံရရှိခဲ့တာပါ။
ဖမ်းဆီးခံရပြီး နောက်ဆက်တွဲအခြေအနေတွေကို မိသားစုက သိခွင့်မရတော့သူအရေအတွက် ဘယ်လောက် အထိ ရှိနေတယ်ဆိုတာ DNA အနေနဲ့အတည်ပြုနိုင်ခြင်းမရှိပေမယ့် အဲ့ဒီလိုအခြေအနေနဲ့ကြုံခဲ့ရသူတွေ ထပ်ရှိနေသေးတယ်ဆိုတာကိုတော့စုံစမ်းအတည်ပြုထားနိုင်ပါတယ်။
ရန်ကုန်မြို့ မရမ်းကုန်မြို့နယ်မှာနေထိုင်တဲ့ အသက် ၂၄နှစ်အရွယ် ကိုရန်လင်းဦးဟာ သူတို့ထဲက တယောက်ပါ။
ကိုရန်လင်းဦးတယောက် သူနေထိုင်ရာနေအိမ်ကနေ ၂၀၂၂ခုနှစ် ဇွန်လ ၁၀ရက် မနက်ငါးနာရီလောက်မှာ ပိတ်ဆို့ ဖမ်းဆီးခံလိုက်ရချိန်ကစလို့ ဘာဆက်ဖြစ်သွားတယ်ဆိုတာကို သိရဖို့ သူ့ရဲ့မိသားစုဝင်တွေက နှစ်နှစ်နီးပါးကြာအောင်စုံစမ်းခဲ့ကြရပါတယ်။
“အဖမ်းခံရကတည်းက ရဲစခန်းတွေ၊ ထောင်တွေမှာ လိုက်စုံစမ်းတာ လုံးဝမရဘူး” လို့ ကိုရန်လင်းဦးရဲ့ မိသားစုဝင် တဦးက ပြောပြပါတယ်။
အဖွဲ့အစည်းပေါင်းစုံ၊ လမ်းကြောင်းအမျိုးမျိုးကနေ ချိတ်ဆက် စုံစမ်းခဲ့တဲ့နောက် ကိုရန်လင်းဦးရဲ့အခြေအနေကို သိရချိန်မှာတော့ မိသားစုဝင်တွေဟာ ကြေကွဲဝမ်းနည်းရုံကလွဲလို့ ဘာမှမတတ်နိုင်တော့ပါဘူး။
နိုင်ငံတကာ အဖွဲ့အစည်းတခုရဲ့အကူအညီကြောင့် သူတို့အတည်ပြုနိုင်တဲ့ ကိုရန်လင်းဦးရဲ့အခြေအနေက သေဆုံးသွားပြီဆိုတာပါ။ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ အဲ့ဒီလူငယ်အမျိုးသားဟာ ဖမ်းဆီးခံရအပြီး တလလောက် အကြာ ၂၀၂၂ခုနှစ် ဇူလိုင် ၅ရက်ကတည်းက သေဆုံးသွားပြီဆိုတာကို နှစ်နှစ်နီးပါးအကြာ အခုနှစ်ဧပြီလမှာမှ မိသားစုကသိခွင့်ရပါတယ်။
“လုံးဝထင်မထားခဲ့တာပါ၊ ပြန်လာမယ်လို့ပဲ ယုံကြည်ထားခဲ့တာ၊ မောင်လေးအမေလည်းအဲ့ဒီအတိုင်းပဲ ယုံကြည် နေခဲ့တာလေ”လို့ ကိုရန်လင်းဦးရဲ့အခြေအနေနဲ့ပတ်သက်ပြီး သူတို့မိသားစုနဲ့ရင်းနှီးတဲ့ အမျိုးသမီးတဦးကပြောပါ တယ်။
မရမ်းကုန်းမြို့နယ်ထဲမှာရှိတဲ့ နေအိမ်ကနေ ဖမ်းဆီးခံရတဲ့ ကိုရန်လင်းဦးကို ရန်ကင်းရဲစခန်းက သေမှုသေခင်း စာ ရင်းထဲ ထည့်သွင်းရေးမှတ်ထားတယ်ဆိုတာ မိသားစုဝင်တွေကိုယ်တိုင်လိုက်စုံစမ်းတော့မှသိကြရတာဖြစ်ပါ တယ်။
ဘယ်နေရာမှာ ဘာကြောင့် သေဆုံးတယ်ဆိုတာကိုလည်း သူတို့ထပ်မသိနိုင်တော့ပါဘူး။ ကိုရန်လင်းဦးဖမ်းဆီးခံရတာနဲ့ပတ်သက်လို့လည်း ရန်ကုန်မြို့သမိုင်းလမ်းဆုံက လုံခြုံရေးဘန်ကာတခု တိုက်ခိုက်ခံရတာနဲ့ သက်ဆိုင်တယ်လို့ပဲ မိသားစုကသိနားလည်ထားပါတယ်။
ကိုရန်လင်းဦးနဲ့အတူ သူ့ရဲ့ သူငယ်ချင်းဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ် ကိုဟိန်းဇော်လည်း ဖမ်းဆီးခံခဲ့ရပေမယ့် ကိုဟိန်းဇော်ရဲ့အခြေအနေကိုတော့ မသိရပါဘူး။
ဒီတိုက်ခိုက်မှုတွေနဲ့ ကိုရန်လင်းဦးတို့ အမှန်တကယ် သက်ဆိုင်နေတာ ရှိမရှိဆိုတာကိုတော့ မိသားစုဝင်တွေက အ တည်မပြုပေးနိုင်ပါဘူး။
ကိုရန်လင်းဦးနဲ့ လက်ဝှေ့ကျော်တူးတူးတို့လို စစ်ကောင်စီကဖမ်းဆီးသွားပြီးနောက် နောက်ဆက်တွဲ အခြေအနေ ကို မိသားစုက ကာလကြာရှည်မသိရတော့သူတွေဘယ်လောက်အထိရှိ နေတယ်ဆိုတာမသိရပေမယ့် သူတို့လို သေဆုံးသွားကြသူတွေကတော့ နှစ်ထောင်နီးပါးအထိရှိနေပါတယ်။
၂၀၂၁ခုနှစ် ဖေဖော်ဝါရီကနေ အခုနှစ် ဇွန်လကုန်အထိ နိုင်ငံတဝန်းမှာ စစ်ကောင်စီကပုံစံမျိုးစုံနဲ့ ဖမ်းဆီးသွားတဲ့ နောက် သတ်ဖြတ်ခံရသူ ၁၈၅၃ဦးအထိရှိနေတယ်လို့ AAPPရဲ့ “သံတိုင်နောက်မှပြန်လမ်းမဲ့သူများ” အစီရင်ခံစာ မှာဖော်ပြထားပါတယ်။
အဲ့ဒီအထဲက ၁၃၁ဦးဟာ စစ်ကြောရေးစခန်းတွေမှာသေဆုံးခဲ့ကြပြီး ရဲစခန်းတွေမှာ ၃၀ဦး၊အကျဉ်းထောင်တွေ ထဲ မှာ ၉၇ဦးသေဆုံးတာကို အတည်ပြုမှတ်တမ်းတင်ထားနိုင်ပေမယ့် ပကတိအခြေအနေမှာတော့ စစ်အုပ်စုရဲ့ ထိန်းသိမ်းရေးစခန်းတွေထဲ သေဆုံးသူတွေအခုထက်ပိုများနိုင်တယ်လို့ AAPPကပြောပါတယ်။
မှတ်တမ်းတင်ထားနိုင်သူတွေထဲက ၈၇ဦးဟာ ထိန်းသိမ်းခံထားရချိန်အတွင်း ညှင်းပန်းနှိပ်စက်မှုတွေကြောင့် သေဆုံးခဲ့ရကာ ကိုဂျင်မီ၊ ကိုဇေယျာသော်တို့အပါအဝင် သေဒဏ်ကွပ်မျက်ခံရသူလေးဦး၊ ထိန်းသိမ်းခံထားရချိန်လုံ လောက်တဲ့ ဆေးကုသခွင့်မရတာကြောင့် သေဆုံးသူ ၆၃ဦးတို့ပါဝင်ပါတယ်။
စစ်ကိုင်းတိုင်းနဲ့အညာဒေသတွေအပါအဝင် စစ်အာဏာသိမ်းမှုကို ခုခံတော်လှန်မှုအားကောင်းတဲ့ဒေသတွေမှာစစ် ကောင်စီတပ်တွေက စစ်ကြောင်းထိုးချိန်ဖမ်းမိတဲ့ဒေသခံတွေကိုရော တော်လှန်ရေးအင်အားစုဝင်တွေကိုပါ သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တွေ မကြာမကြာရှိနေခဲ့တာပါ။
အဲ့ဒီလိုသတ်ဖြတ်ခံခဲ့ရသူတွေရဲ့ ရုပ်အလောင်းတွေကို စစ်ကောင်စီက ကိုယ်လက်အင်္ဂါတွေ တစစီအနေအထားနဲ့ ချန်ထားရစ်ခဲ့တာတွေရှိသလို တချို့ဖြစ်စဉ်တွေမှာတော့ သူတို့ဖမ်းဆီးသွားသူတွေ ဘယ်ရောက်သွားတယ်ဆိုတာ ကာလအတန်ကြာအထိမသိရတော့ပါဘူး။
အဲ့ဒီလို စစ်ကောင်စီကဖမ်းဆီးသွားတဲ့နောက် ဘာဖြစ်သွားတယ်ဆိုတာမသိရတော့တဲ့ ဖြစ်စဉ်တွေထဲက တချို့ မှာတော့ ဖမ်းဆီးခံခဲ့ရသူတွေရဲ့ရုပ်အလောင်းတွေကိုပြန်လည်ရှာဖွေတွေ့ရှိခဲ့တာမျိုးလည်းရှိပါတယ်။
ဥပမာအားဖြင့် စစ်ကိုင်းတိုင်း အထက်ပိုင်း အင်းတော်မြို့နယ်မှာ ၂၀၂၂ခုနှစ် အတွင်းဖြစ်ခဲ့တဲ့ အဖြစ်မျိုးပါ။
အင်းတော်မြို့ တောင်ဘက် နှစ်မိုင်လောက်အကွာမှာရှိတဲ့ နတ်မဟုတ်ကြီးရွာကို စစ်ကောင်စီတပ်မ ၈၈လက် အောက်ခံ ခလရ ၃၀၁နဲ့ ခမရ ၄၁၆ တပ်ရင်းတွေပူးပေါင်းထားတဲ့စစ်ကြောင်းတခုက ၂၀၂၂ခုနှစ်နိုဝင်ဘာလကုန် ပိုင်းမှာ စစ်ကြောင်းထိုးစီးနင်းခဲ့ပါတယ်။
ရွာကနေ စစ်ကြောင်းပြန်ထွက်သွားချိန်မှာ နတ်မဟုတ်ကြီးရွာခံ အမျိုးသားရှစ်ဦးကို ဖမ်းဆီးသွားခဲ့ပြီး သူတို့ဘာ ဖြစ်သွားတယ်ဆိုတာ မိသားစုဝင်တွေရောဒေသခံတွေပါမသိရတော့ပါဘူး။
နောက်ထပ်တလနီးပါးအကြာ ဒီဇင်ဘာလကုန်ပိုင်းမှာတော့ အဲ့ဒီအမျိုးသားရှစ်ဦးရဲ့ရုပ်အလောင်းတွေကို နတ်မဟုတ်ကြီးရွာနဲ့ တမိုင်ကျော်အကွာက ကမ်းနီရွာအနီးမှာပြန်လည်တူးဖော်ရှာဖွေတွေ့ရှိခဲ့ပါတယ်။
နတ်မဟုတ်ကြီးရွာကို စီးနင်းချိန်မှာပါဝင်ခဲ့တဲ့ ခမရ ၄၁၆က စစ်ကောင်စီတပ်သားတဦးကို တော်လှန်ရေးတပ်ဖွဲ့ တွေဖမ်းမိခဲ့တာကြောင့် အဲ့ဒီရွာခံရှစ်ဦးရဲ့ ကံကြမ္မာကိုသိခဲ့ရတာလို့ ဒေသခံတော်လှန်ရေး တပ်ဖွဲ့တွေက ပြောပါ တယ်။
အသက်သုံးဆယ်ဝန်းကျင်အရွယ်ရှိသူနှစ်ဦး၊ အသက်ငါးဆယ်ကျော်သူသုံးဦးနဲ့ အသက်ခြောက် ဆယ်ဝန်းကျင် သုံးဦး ပါဝင်တဲ့အမျိုးသားရှစ်ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးသွားပြီးနောက် ကမ်းနီရွာနားအရောက်မှာ သတ် ဖြတ်အလောင်းဖျောက်ခဲ့တာလို့ တော်လှန်ရေးတပ်တွေဖမ်းမိတဲ့ စစ်ကောင်စီတပ်သားက ဝန်ခံခဲ့တာပါ။
သူရဲ့ထွက်ဆိုချက်အရ ပြန်လည်တူးဖော်ရှာဖွေရာမှာ ဒေသခံအမျိုးသားရှစ်ဦးရဲ့အလောင်းတွေကို ပြန်တွေ့ကြရတာဖြစ်ပါတယ်။
“ကျွန်တော်တို့က သူတို့(ဒေသခံရှစ်ဦး)ကို အဆက်အသွယ်မရဘူးလေနော်၊ သူတို့ သေပြီးလားရှင်လားလည်းမသိ ဘူး၊ အခုအလောင်းဖော်ကြည့်တော့ အလောင်းတွေက တော်တော်လေးကို ပုတ်နေပြီး တချို့ဟာတွေဆို အရိုးပဲ ကျန်တော့တယ်” လို့ ရုပ်အလောင်းတွေပြန်တွေ့ချိန်မှာ ဒေသခံတော်လှန်ရေးသတင်းရင်းမြစ်တဦးက DNAကို ပြောပြပါတယ်။
ပြန်တွေ့ရတဲ့ ရုပ်အလောင်းတွေရဲ့အနေအထားအရ နှစ်ဦးကခေါင်းဖြတ်အသတ်ခံရပြီး ကျန်တဲ့ခြောက်ဦးကတော့ တုတ်နဲ့ရိုက်သတ်ခံရတာလို့လည်း အလောင်းတူးဖော်ရာမှာပါဝင်ခဲ့တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
ရခိုင်ပြည်နယ် မြောက်ဦးနဲ့မင်းပြားတို့က စစ်တပ်စခန်းတွေထဲ ပစ်သတ်ခံခဲ့ရကြောင်း အာရက္ခတပ်တော် AA ကဖော်ထုတ်နိုင်ခဲ့တဲ့ ရခိုင်ပြည်သူကိုးဦးဖြစ်စဉ်ဟာလည်း နတ်မဟုတ်ကြီးရွာဖြစ်စဉ်နဲ့ ဆင်တူပါတယ်။
ရခိုင်အဆိုတော်တဦးလည်းဖြစ်၊ အွန်လိုင်းဆယ်လီတဦးလည်းဖြစ်တဲ့ ကိုကျော်ဇံဝေ(ခ)ကိုရင်ဆို့နဲ့ သတင်းသမားဟောင်းကိုမြတ်သူထွန်း(ခ)ဖိုးသီဟတို့ အပါအဝင် ရခိုင်ဒေသခံအရပ်သားကိုးဦးဟာ ၂၀၂၄ခုနှစ် ဇန်နဝါရီလတွင်း သူတို့ထိန်းသိမ်းခံထားရတဲ့ နေရာတွေမှာပစ်ခတ်သတ်ဖြတ်ခံခဲ့ကြရပါတယ်။
အဲ့ဒီအရပ်သားတွေကို စစ်ကောင်စီက ဆူပူအောင်လှုံ့ဆော်သူတွေအဖြစ်စွပ်စွဲဖမ်းဆီးပြီး ပုဒ်မ ၅၀၅(က)နဲ့ တရား စွဲ ဆိုထားခဲ့တာပါ။
ဒီကာလအတွင်းမှာပဲ အာရက္ခတပ်တော် AA က မြောက်ဦးနဲ့မင်းပြား မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲလာတာကြောင့် မြို့ပေါ်တွေမှာအထိတိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ ဒါကြောင့်သက်ဆိုင်ရာရဲစခန်း အချုပ်ထဲထိန်းသိမ်းခံထားရတဲ့ အရပ်သားတွေဟာ စစ်ကောင်စီတပ်ရင်း အချုပ်ခန်းတွေထဲ ပြောင်းရွှေ့ခံရပါတယ်။
တူညီတဲ့ ကံကြမ္မာနဲ့ရင်ဆိုင်ခဲ့ကြရတဲ့သူတို့ကိုးဦးထဲက ကိုညီညီအောင်နဲ့ ဦးကျော်ညွန့်တို့ဟာ သူတို့ကိုနောက် ဆုံးချုပ်နှောင်ထားရာ မင်းပြားမြို့နယ်အခြေစိုက် စစ်ကောင်စီ ခမရ(၃၇၉)တပ်ရင်းအချုပ်ခန်းထဲမှာပဲ ၂၀၂၄ခုနှစ် ဇန်နဝါရီ ၁၉ရက်ညနေပိုင်းမှာ ပစ်သတ်ခံခဲ့ရတယ်လို့ အဲ့ဒီတပ်ရင်းကို သိမ်းပိုက်ပြီးချိန်မှာ AAက ထုတ်ပြန်ခဲ့ပါ တယ်။
အလားတူ မြောက်ဦးအခြေစိုက် ခမရ ၃၇၈ တပ်ရင်းအချုပ်ခန်းထဲ နောက်ဆုံးချုပ်နှောင်ခံခဲ့ရတဲ့ ကိုရင်ဆို့နဲ့သ တင်းသမားဟောင်း ကိုမြတ်သူထွန်းတို့အပါအဝင် ခုနစ်ဦးကတော့ အဲ့ဒီလ ၃၁ရက်မွန်းလွဲပိုင်းမှာပစ်သတ်ခံရပြီး ရုပ်အလောင်းတွေကတော့ ဗုံးခိုကျင်းထဲမြှုပ်နှံဖျောက်ဖျက်ခံခဲ့ရပါတယ်။
ဒီဖြစ်စဉ်တွေထဲက ကိုရင်ဆို့အပါအဝင် ခုနစ်ဦးကို ပစ်သတ်ရာမှာ စစ်ကောင်စီဗိုလ်မှူးသိန်းထိုက်စိုးအမိန့်ပေးခဲ့ပြီး ဗိုလ်ကြီးအာကာမြင့်နဲ့ ဒုတိယရဲမှူးကြီး ခင်မောင်စိုးတို့ကတော့ကိုယ်တိုင်ပါဝင်ခဲ့ကြတယ်လို့ ဖြစ်စဉ်အပြီး တလ ဝန်းကျင်အကြာမှာ AA က ဆက်လက်ထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီစစ်ကောင်စီအရာရှိတွေကို အာရက္ခတပ်တော်က မြောက်ဦးမြို့သိမ်းတိုက်ပွဲအတွင်း လက်ရဖမ်းမိခဲ့တာ ကြောင့် အထက်ပါ အရပ်သားတွေကို ပစ်သတ်ခဲ့တဲ့အကြောင်း သူတို့ရဲ့ဝန်ခံထွက်ဆိုချက်တွေကိုလည်း ရုပ်သံ ဖိုင်နဲ့ ထုတ်ပြခဲ့ပါသေးတယ်။
အခင်းဖြစ် စစ်ကောင်စီစခန်းတွေကို AAကမသိမ်းပိုက်နိုင်ခဲ့ရင်၊ ပစ်သတ်ခံထားရတဲ့ ရုပ်အလောင်းတွေကိုမတွေ့ ခဲ့ရင်၊ ဖြစ်စဉ်မှာပါဝင်ပတ်သက်သူတွေကို ဖမ်းမိတာမျိုးမရှိခဲ့ရင်တော့ အဲ့ဒီအမျိုးသားကိုးဦးရဲ့ အခြေအနေကို မိသားစုဝင်တွေအနေနဲ့ သိခွင့်ရဖို့ခဲယဉ်းသွားမှာပါ။
စစ်ကောင်စီတပ်တွေလက်တွင်းမှာ ကိုရင်ဆို့တို့လို အဖြစ်ဆိုးမျိုးနဲ့ ကြုံခဲ့ရပြီးတိတ်တဆိတ် ပျောက်ဆုံးသွားရသူတွေနောက်ထပ် အများအပြားရှိနေနိုင်တယ်ဆိုတာ အဲ့ဒီဖြစ်ရပ်က သက်သေခံပါတယ်။
ဒီလိုဖြစ်ရပ်တွေရှိနေတဲ့တိုင် ၂၀၂၁ဖေဖော်ဝါရီကစလို့ လက်ရှိအချိန်အထိ ရည်ရွယ်ချက်ရှိရှိ အတင်းအဓမ္မ ပျောက်ဆုံးစေမှုကျူးလွန်ခံရမှုတွေဟာ စစ်ကောင်စီနဲ့သူ့ရဲ့လက်အောက်ခံတွေမှာသာ တာဝန်ရှိနေတယ်လို့ ယူဆလို့မရပါဘူး။
စစ်အုပ်စုဘက်က ကျူးလွန်ခဲ့သလိုမျိုး လူဦးရေထောင်သောင်းချီအထိမဟုတ်ရင်တောင် တော်လှန်ရေးအင်အားစုတွေဘက်က တာဝန်ခံရမယ့် အတင်းအဓမ္မပျောက်ဆုံးစေမှုတွေနဲ့ဖမ်းဆီးပြီးနောက် သတ်ဖြတ်မှုတွေဟာလည်း အတိုင်းအတာတခုအထိ ရှိနေပါတယ်။
အာဏာသိမ်းပြီးနောက် လပိုင်းအကြာ ၂၀၂၁ခုနှစ် မေလကုန်ပိုင်းက ကရင်ပြည်နယ်၊ မြဝတီမြို့ခရိုင် ဝေါလေ ဒေသမှာဖြစ်ခဲ့တဲ့ အစုအပြုံလိုက်သတ်ဖြတ်ခံရမှုဟာ လက်ရှိအာဏာသိမ်းကာလအတွင်း တော်လှန်ရေးအင် အားစုတွေနဲ့ပတ်သက်လို့ အစောဆုံးပေါ်ပေါက်ခဲ့တဲ့ လူသိထင်ရှားအငြင်းပွားစရာဖြစ်ရပ်ပါ။
အဲ့ဒီအချိန်တုန်းက ဝေါလေမြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ ကရင် အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ အဲ့ဒီနောက် ဝေါလေမြို့နယ် အူးဟူချောင်းတံတားလုပ်ငန်းခွင်က အမျိုးသား ၃၁ဦး၊ အမျိုးသား ခြောက်ဦးနဲ့ ကလေးဆယ်ဦး စုစုပေါင်း ၄၇ဦးကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဖမ်းဆီးခဲ့ပါတယ်။
သူတို့အထဲက ကလေးဆယ်ဦးနဲ့ အမျိုးသားခြောက်ဦး၊ အမျိုးသမီးခြောက်ဦး ပြန်လွတ်ခဲ့ကြပေမယ့် ၂၅ဦးက တော့ သတ်ဖြတ်ခံခဲ့ရပါတယ်။ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို စစ်ကောင်စီဘက်က ပြန်လည်တူးဖော် ရှာဖွေတွေ့ ရှိခဲ့တာဖြစ်ပြီး ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) ကအရပ်သားတွေကို အစုအပြုံလိုက်သတ်ဖြတ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။
အဲ့ဒီဖြစ်စဉ်ကြောင့် KNDO ခေါင်းဆောင်ဗိုလ်မှူးချုပ်စောနယ်ဒါးမြကို KNU ကရာထူးကနေ ရပ်ဆိုင်းခဲ့ပါတယ်။ စောနယ်ဒါးမြကိုယ်တိုင်ကတော့ ဝေါလေမှာသေဆုံးသွားသူ ၂၅ဦးဟာ အရပ်သားတွေမဟုတ်ဘဲ စစ်ကောင် စီတပ်ဖွဲ့ ဝင်တွေသာဖြစ်တယ်လို့ဆိုကာ ရာထူးဆိုင်းငံ့ခံရမှုကိုလက်မခံဘဲ ကိုယ်တိုင်နှုတ်ထွက်ကာ ကရင့်ပြည်သူ့တပ်မတော် (KTLA) တပ်ဖွဲ့ကိုဦး ဆောင်တည်ထောင်ခဲ့ပါတယ်။
ဒီလိုအငြင်းပွားမှုတွေရှိခဲ့ပေမယ့် အဲ့ဒီဖြစ်စဉ်မှာ သေဆုံးခဲ့သူ ၂၅ဦးကိုယ်တိုင်ကတော့ သူတို့ဟာ အရပ်သားတွေ လား၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလားဆိုတာ လူသိရှင်ကြားမဖြေရှင်းနိုင်တော့သလို ဒီဖြစ်စဉ်ဟာလည်းအခုအချိန် မှာတော့ မှေးမှိန်ပျောက်ကွယ်သွားပါပြီ။
အလားတူ လက်ရှိအချိန်အထိ တော်လှန်ရေးကာလတလျှောက် အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ PDF ၊ပကဖ၊ပအဖအဖွဲ့တွေအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးသွားသူတွေရဲ့ နောက်ဆက်တွဲ အခြေ အနေကို မိသားစုကမသိရတော့တဲ့ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။
ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေကြား အချင်းချင်း ဖမ်းဆီးသွားတာ၊စစ်ကောင်စီတပ်ဖွဲ့ဝင် ဒါမှမဟုတ် စ စ် ကောင် စီထောက်တိုင်ဌာနဆိုင်ရာဝန်ထမ်း၊ သတင်းပေး၊ ပျူစောထီးအဖြစ် သတ်မှတ်ဖမ်းဆီးခံရမှုတွေဟာ လည်း ဆက်တိုက်ရှိနေပြီး အဲ့ဒီအထဲက တချို့ဖြစ်စဉ်တွေဟာ ဝေါလေအစုအပြုံလိုက်သတ်ဖြတ်မှုလိုပဲ အငြင်း ပွားစရာတွေရှိနေတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ စစ်သုံ့ပန်းဆိုင်ရာမူဝါဒတွေထဲမှာတော့ ဖမ်းမိသုံ့ပန်းတွေရဲ့အချက်အလက်တွေကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ကိုဆက်သွယ်သတင်းပေးဖို့ဆိုတဲ့အချက်ပါဝင်ပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနက လက်အောက်ခံ တပ်ဖွဲ့တွေဆီညွှန်ကြားထားတဲ့ သုံ့ပန်းထိန်းသိမ်းရေးဆိုင်ရာ လမ်းညွှန်ချက်တွေအရ ဒဏ်ရာနဲ့ဖြစ်စေ၊ပကတိအတိုင်းဖြစ်စေ ဖမ်းမိတာ၊လက်နက်ချတာတွေလုပ်တဲ့ စစ်သား ၊ရဲ၊ပြည်သူ့စစ်၊ပျူစောထီးတွေကို သုံ့ပန်းဒါမှမဟုတ် စစ်အကျဉ်းသားအဖြစ်သတ်မှတ်ထားပါတယ်။
အဲ့ဒီသုံ့ပန်းတွေ သူတို့မိသားစုနဲ့ အဆက်အသွယ်လုပ်ခွင့်ပေး၊မပေးဆိုတဲ့ ကိစ္စကတော့ သီးခြားဖော်ပြမထားပါ ဘူး။ဒါပေမယ့် ICRC လမ်းကြောင်းကိုတရားဝင်သတ်မှတ်ထားတာကြောင့် NUG ကာကွယ်ရေးဝန်ကြီးရဲ့ စစ် သုံ့ပန်းအဖြစ် စာရင်းသွင်းခံရသူတွေကတော့ မိသားစုတွေနဲ့အဆက်အသွယ်ရနိုင်တယ်လို့ ယူဆရပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကနေ လက်ရှိအထိ ထိုးစစ်နှစ်ကြိမ်အတွင်း တအောင်းဒေသနဲ့ ရှမ်း-မန္တလေးအစပ်မြို့တချို့ကို သိမ်းပိုက်နိုင်ခဲ့တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကတော့ ဖမ်းမိသုံ့ပန်းတွေကို မိသား စုဒါမှမဟုတ် ကာယကံရှင်တွေဆက်သွယ်လိုတဲ့ နီးစပ်သူတွေဆီ ဆက်သွယ်ခွင့်ပေးတဲ့ မူဝါဒရှိတယ်လို့ အဲ့ဒီတပ် ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက DNAကိုပြောပါတယ်။
“သုံ့ပန်းတွေကို သူတို့မိသားစုနဲ့ ဆက်သွယ်ဖို့ဆိုရင် နီးစပ်ရာတော့ ကျွန်မတို့ပေးဆက်သွယ်တာမျိုးတွေရှိပါတယ်” လို့ လွေးယေဦးကပြောပါတယ်။တိုက်ပွဲအတွင်းဖမ်းမိသူတွေကိုရောလက်နက်ချသူတွေကိုပါ TNLA က သုံ့ပန်း အဖြစ် သတ်မှတ်ပြီး လက်ရှိမှာ စစ်သုံ့ပန်း တရာကျော်ကို လုံခြုံရာမှာထိန်းသိမ်းထားတယ်လို့ သူကဆက် ပြော ပါတယ်။
ဝါရင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအပြင် ဒေသအနှံ့က MOD လက်အောက်ခံPDF တပ် ဖွဲ့တွေရော သီးခြားတော်လှန်ရေးတပ်ဖွဲ့တွေကပါ သုံ့ပန်းဖမ်းဆီးရရှိတဲ့ အခြေအနေအများစုကို သတင်းထုတ်ပြန် လေ့ရှိပါတယ်။
ဒါပေမယ့် ထူးခြားဖြစ်စဉ်တချို့ကလွဲလို့ ဖမ်းမိထားသူရဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ ဆက်လက် ထုတ်ပြန်တာမျိုးပြုလုပ်လေ့မရှိပါဘူး။
မကွေးတိုင်း မြိုင်မြို့နယ်နဲ့ ထိစပ်ဒေသတွေအတွင်း အခြေပြုလှုပ်ရှားပြီး MOD လက်အောက်ခံ မဟုတ်တဲ့ အညာမြေတပ်ပေါင်းစုတပ်ဖွဲ့ကတော့ သူတို့အနေနဲ့ သုံ့ပန်းတွေဖမ်းမိတဲ့အခါ လုံခြုံရေးအရ ပိုပြီးဆောင်ရွက်နိုင်တဲ့ NUG လက်အောက်ခံအဖွဲ့တွေဆီ လွှဲပေးလိုက်လေ့ရှိတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ကတော့ ဖမ်းမိရင် အစွန်းအထင်းမရှိအောင် ဆောင်ကြဉ်းပြီး သက်ဆိုင်ရာကိုပို့လိုက်တာပဲခင်ဗျ” လို့အညာမြေတပ်ပေါင်းစုတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်ကရှင်းပြပါတယ်။
ကရင်ပြည်နယ်အတွင်း အခြေစိုက်တဲ့ Justice Soldier PDF တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံကလည်း အလားတူ ပဲရှင်းပြပါတယ်။
“ကျွန်မတို့က EAO နယ်မြေမှာနေရတော့ သုံ့ပန်းမိရင် KNU ရုံးကိုပို့ရတာ၊KNU ရဲ့ သုံ့ပန်းလက်ခံတဲ့ဌာနလိုဟာမျိုးပေါ့၊အဲ့ကိုပို့ရတာ၊ပို့ပြီးတော့မှ သူတို့ NUG နဲ့ချိတ်ဆက်ပြီးသွားကြတာ”လို့ Justice Soldier PDF တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
ရခိုင်ပြည်နယ်တွင်း မြို့နယ်ထက်ဝက်ကျော်အထိ သိမ်းပိုက်ထားနိုင်ပြီး စစ်သုံ့ပန်းထောင်ချီ ဖမ်းမိထားတဲ့ အာရက္ခတပ်တော် AA ကတော့ သုံ့ပန်းတွေထဲက ရာဇဝတ်မှုကျူးလွန်သူတွေကို စစ်ဆေးဖော်ထုတ်ပြီး အရေးယူတာတွေလုပ်နေပေမယ့် အများစုကိုတော့ လူ့အခွင့်အရေးနဲ့အညီထိန်းသိမ်းစောင့်ရှောက်ပေးနေတယ်လို့ဆိုထားပါတယ်။
နွေဦးတော်လှန်ရေးအတွင်း ပါဝင်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့အားလုံးက သူတို့ဖမ်းမိတဲ့ စစ်ဘက်၊ အရပ်ဘက် အကျဉ်းသားတွေနဲ့ပတ်သက်လို့ ICRC လို နိုင်ငံတကာ ကြားခံအဖွဲ့တွေ နဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေရှိမရှိ ဆိုတာကိုတော့ DNA အနေနဲ့အတည်မပြုနိုင်ပါဘူး။
ဒီလိုရှုပ်ထွေးမှုတွေကြားက အကြောင်းတခုခုကြောင့်ပျောက်ဆုံးသွားသူတွေ သက်ဆိုင်ရာမိသားစုတွေနဲ့ ပြန် လည်ချိတ်ဆက်မိစေဖို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)ကကူညီပေးနေတာကြောင့် DNAက ICRC မြန်မာနိုင်ငံကိုယ်စားလှယ်ရုံးကိုလည်း ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
ICRC မြန်မာနိုင်ငံကိုယ်စားလှယ်ရုံးကတော့ သူတို့အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်အတွင်း လူပေါင်း ၃၁၄ဦး ဘယ်လို အခြေအနေ၊ ဘယ်နေရာမှာရှိနေတယ်ဆိုတာ သူတို့ရဲ့မိသားစုဝင်တွေသိရှိနိုင်ဖို့ ကူညီပေးနိုင်ခဲ့တယ်လို့ ပြောပါတယ်။
၂၀၂၂ခုနှစ်တုန်းက လူပေါင်း ၈၅၉ဦးရဲ့ မိသားစုဝင်တွေဟာ ICRC ရဲ့ အထောက်အပံ့တွေကိုရခဲ့ကြတယ်လို့လည်း ပြောပေမယ့် ပျောက်ဆုံးသွားတဲ့အကြောင်း ဆက်သွယ်ကူညီတောင်းခံရတဲ့ အရေအတွက် ဘယ်လောက်အထိရှိ နေသလဲဆိုတဲ့ မေးမြန်းမှုကိုတော့ ဖြေကြားဖို့ငြင်းဆန်ပါတယ်။
“ပဋိပက္ခကြောင့် ထိခိုက်ခံစားရသည့် ရပ်ရွာလူထုအသိုက်အဝန်းနှင့် ပြောဆိုဆွေးနွေးရာတွင် ကျွန်ုပ်တို့သည် ရပ်ရွာလူထုထံမှ ရရှိသော သတင်းအချက်အလက်များနှင့် အကူအညီတောင်းဆိုမှုများကို အတွင်းရေးအဖြစ်သာ ထိန်းသိမ်းထားရှိပါသည်။”လို့ ICRC ကတုံ့ပြန်ပါတယ်။
ကမ္ဘာတဝန်းက ICRC ရုံးတွေရဲ့ လုပ်ငန်းစဉ်အတိုင်း မိသားစုပြန်လည်ဆက်သွယ်ပေးရေးအစီအစဉ်ကိုတော့ ဆက်လက်ဆောင်ရွက်နေပြီး တစုံတဦးပျောက်ဆုံးသွားတဲ့အခါ ICRCမြန်မာနိုင်ငံရုံးရဲ့ အရေးပေါ်ဖုန်းနံပါတ် 09 77 666 2 555 ကိုဆက်သွယ်အကြောင်းကြားနိုင်တယ်လို့လည်း ရှင်းပြပါတယ်။
အဲ့ဒီလိုအကြောင်းကြားလာတဲ့အခါ ICRC ဘက်ကရှာဖွေမှုလုပ်ငန်းစဉ်တွေဆောင်ရွက်တာရှိပြီး ရလဒ်ကိုတော့ သက်ဆိုင်တဲ့ မိသားစုဝင်တွေဆီ အတွင်းရေးကိစ္စအနေနဲ့ နှစ်ဦးနှစ်ဖက်တွေ့ဆုံ အကြောင်းကြားပေးနေတယ်လို့ လည်းပြောပါတယ်။
ICRC ရဲ့ ရှာဖွေရေးလုပ်ငန်းစဉ်အောင်မြင်ရင်တော့ မိသားစုဝင်တွေကို သူတို့ရှာဖွေနေသူ ဘယ်မှာရှိနေတယ်ဆိုတာ အကြောင်းကြားပေးတဲ့အပြင် ဖြစ်နိုင်ချေရှိတဲ့ အခြေအနေမှာဆိုရင် မိသားစုဝင်တွေ ပြန်လည်ပေါင်းစုံနိုင်ဖို့ကိုပါ ကူညီပေးနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်အင်အားလိုအပ်ချက်အတွက် သားကောင်ဖြစ်ရသူတွေ
“ပေါ်တာဆွဲခံရတော့(စိတ်)ပူတာပေါ့၊ ရင်ထဲပူလောင်နေတာပဲ၊ အရူးဖြစ်တော့မလိုခံစားရတာပေါ့။ ထမင်းတောင် မစားနိုင်ကြဘူး၊ ငိုငိုရီရီပေါ့၊ သူမရှိတော့ ခက်ခဲတယ်”လို့ DNAကို ရင်ဖွင့်လာသူက စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ဒေသခံအသက်နှစ်ဆယ်ကျော်အရွယ်ကလေးတယောက် မိခင်အိမ်ထောင်ရှင်မတဦးဖြစ်တဲ့ မအေးမြ (အမည်လွှဲ) ဖြစ်ပါတယ်။
သူ့ရဲ့ခင်ပွန်းသည်ဟာ ကိုယ်တိုင်ဆန္ဒမပါဘဲ စစ်ကောင်စီတပ်က တပ်သားသစ်အဖြစ် စစ်မှုထမ်း ဥပဒေနဲ့ အကျပ်ကိုင်စုဆောင်းခံရတာကြောင့် အခုတော့ စစ်ကောင်စီတပ်သားတဦးအဖြစ်ရှိနေတယ်လို့ DNAကို ပြောပြပါတယ်။
“ဖမ်းပြီးပြီးချင်း လဝကထဲတညအိပ်ပြီး ရောက်တာနဲ့ ဖောင်တွေဖြည့်ခိုင်းတာ၊အကုန်လုံးကို ဖမ်းခံရတဲ့သူအကုန်လုံးကို၊ချက်ချင်းဖြည့်ခိုင်းပြီးဖမ်းလိုက်တာ”လို့ မအေးမြကပြောပါတယ်။
ကုန်အရောင်းအဝယ်လုပ်ကိုင်ရင်း သုံးနှစ်ဝန်းကျင်အရွယ် ကလေးတဦးနဲ့အတူ ရိုးရိုးရှင်းရှင်းဖြတ်သန်းနေတဲ့ သူတို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ဘဝဟာ ၂၀၂၄ခုနှစ် ဧပြီလအတွင်း စစ်ကောင်စီကြောင့် တကွဲတပြားစီဖြစ်ဖို့ အကြောင်းဖန်ခဲ့တာပါ။
မအေးမြတို့ ဇနီးမောင်နှံဟာသူတို့နေထိုင်ရာရွာနဲ့ ကိုးမိုင်လောက်ဝေးတဲ့မုံရွာမြို့ပေါ်ကိုတက် ကုန်စိမ်းအပါအဝင် စားသောက်ကုန်တွေကိုဝယ်ယူကာ ရွာစဉ်လှည့်ပြီးပြန်လည်ရောင်းချအသက်မွေးနေသူတွေဖြစ်ပါတယ်။
မုံရွာမြို့ပေါ်ဈေးတက်ဝယ်တဲ့အခါ အဒေါ်ဖြစ်သူ ငှားနေတဲ့ အိမ်မှာပဲ ခေတ္တ တည်းခိုနေထိုင်လေ့ရှိပါတယ်။
အခုနှစ်ဧပြီလအတွင်းတညမှာတော့ သူတို့တည်းခိုတဲ့နေအိမ်ကို ဧည့်စာရင်းစစ်တယ်ဆိုကာ စစ်ကောင်စီ တပ်ဖွဲ့ တွေရောက်လာပြီး မအေးမြရဲ့အမျိုးသားကို ဖမ်းခေါ်သွားခဲ့ပါတယ်။
“ဧည့်စာရင်းစစ်ရင်းဖမ်းသွားတာ၊ သူတို့ကပြောသွားသေးတယ်၊ ဗိုလ်ကြီးကပြောသွားတာ ၉၂၉ ထဲလာတွေ့ လှည့်လို့”လို့ အဲ့ဒီညကအခြေအနေကို မအေးမြက ပြန်ပြောင်းပြောပြပါတယ်။
သူပြောတဲ့ ၉၂၉ ဆိုတာကတော့ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ်(၉၂၉)ထောက်ပို့တပ်ရင်းဖြစ်ပါတယ်။
အဲ့ဒီထောက်ပို့တပ်ကနေ အရာတော်မြို့နယ်မှာရှိတဲ့ အမှတ်(၁၀)စစ်ရေးလေ့ကျင့်တပ်ဆီ စစ်သင်တန်း သားသစ်တွေပို့ဖို့ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ၂၀၂၄ ဧပြီလလယ်ပိုင်းမှာ တော်လှန်ရေးတပ်တွေ ဝိုင်းဝန်း တိုက်ခိုက်လို့ စစ်ကောင်စီဘက်က အထိနာခဲ့ဖူးပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း ယာဉ်တန်းနဲ့လိုက်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဆယ်လောက်သေဆုံးကာ ၁၅ဦးဒဏ်ရာရပြီး ၄၉ဦးကိုတော့ စစ်သုံ့ပန်းတွေအဖြစ် ဖမ်းမိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ကထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီစစ်သုံ့ပန်းတွေထဲက အများစုဟာ စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် စုဆောင်းလာတဲ့ စစ်သင်တန်းသား အသစ်တွေဖြစ်ပါတယ်။ မအေးမြရဲ့ ခင်ပွန်းကတော့ အဲ့ဒီဖြစ်စဉ်နဲ့ မကြုံခဲ့ရဘဲ ရှမ်းပြည်နယ်တောင်ပိုင်း ဗထူး၊ ရပ်စောက်ဘက်ရောက်နေကြောင်းသိရတယ်လို့ ဆိုပါတယ်။
“ရှမ်းတောင်ပိုင်းဆိုတော့ နည်းနည်း(စိတ်)ပူတယ်၊ စစဖြစ်တုန်းကလိုက်သေးတယ်၊ ဘုန်းကြီးတွေနဲ့ရော စစ်ဗိုလ်တွေနဲ့ရောလိုက်သေးတယ်”လို့ ခင်ပွန်းသည်ဖြစ်သူ စစ်မှုထမ်းရမယ့်အခြေအနေက ကင်းလွတ်ခွင့်ရအောင် ကြိုးစားခဲ့တဲ့အခြေအနေကို မအေးမြကပြောပြပါတယ်။
အသက် ၂၄နှစ်အရွယ် တက္ကသိုလ် ပထမနှစ်ကျောင်းသား ခင်ပွန်းသည်ကို စစ်မှုထမ်းရမယ့် အခြေအနေကနေ ပြန်ဆွဲထုတ်နိုင်ဖို့ မအေးမြတယောက်တတ်နိုင်သမျှကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့နောက် အခုတော့ ကလေးတဖက်နဲ့ ကိုယ့်ဝမ်းကိုယ်ကျောင်းနေရတော့တယ်လို့ ညည်းတွားဖွင့်ဟပါတယ်။
အာဏာသိမ်းပြီးချိန်ကစလို့ နိုင်ငံတဝှမ်းခုခံတိုက်ခိုက်မှုတွေကြောင့် တိုက်ခိုက်ရေးအင်အား လျော့ကျလာတာအပြင် တပ်သားသစ်စုဆောင်းရေးဟာ အရင်ကထက်ပိုခက်ခဲလာတဲ့အခြေအနေတွေရှိပေမယ့် သုံးနှစ်နီးပါးလောက်အထိ စစ်ကောင်စီက ပျူစောထီးတွေ၊ ပြည်သူ့စစ်အဖွဲ့တွေနဲ့ကျားကန်ပြီး ဟန်မပျက် ရှေ့ဆက်ခဲ့ပါတယ်။
ဒါပေမယ့် MNDAA၊ TNLA၊ AA ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးပေါ်ပေါက်လာပြီး ရှမ်းမြောက်က ကိုးကန့်၊ တအောင်းဒေသတွေနဲ့ ရခိုင်ပြည်နယ်အတွင်းမြို့နယ်တချို့လက်လွှတ်ခဲ့ရတဲ့နောက် အရွယ်ရောက်သူ တွေ မဖြစ်မနေစစ်မှုထမ်းရမယ့်ဥပဒေကို ၂၀၂၄ ဖေဖော်ဝါရီလဆန်းမှာ အသက်သွင်းခဲ့ပါတယ်။
အခုနှစ် ဧပြီ ၈ရက်မှာ အဲ့ဒီဥပဒေအရ ဖွင့်လှစ်တဲ့ ပထမဆုံး စစ်သင်တန်းအပတ်စဉ်တွေကိုစတင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ အပတ်စဉ်(၅)သင်တန်းတွေစတင်နေပါပြီ။
သင်တန်းအပတ်စဉ်တခုစီမှာ သင်တန်းသား ငါးထောင်လောက်ခေါ်ယူစုဆောင်းဖို့ စစ်ကောင်စီကစီစဉ်ထားတာ ဖြစ်လို့ စစ်မှုထမ်း ဥပဒေအသက်သွင်းမှုကနေ တပ်သားသစ် နှစ်သောင်းခွဲဝန်းကျင်လောက်စု ဆောင်းထားနိုင် ပြီလို့ မှန်းဆနိုင်ပါတယ်။
အဲ့ဒီအထဲမှာ ကိုယ်တိုင်ဆန္ဒမပါ၊ မိသားစုကမသိရဘဲ စစ်ကောင်စီတပ်သားအဖြစ် စုဆောင်းခံလာရသူတွေ ဘယ်လောက်အထိ ပါနေမယ်ဆိုတာကိုတော့ စစ်ကောင်စီတပ်ကိုယ်တိုင်ပဲ သိနိုင်ပါလိမ့်မယ်။
စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် စစ်ကောင်စီဟာ သူတို့အတွက် တပ်သားအင်အားလို အပ်ချက်ကို ဖြည့်တင်းနိုင်ဖို့ နည်းမျိုးစုံနဲ့ ပေါ်ပေါ်တင်တင်စုဆောင်းမှုတွေ လုပ်နေတာကြောင့်ပါ။
စစ်ကောင်စီတာဝန်ရှိသူတွေဟာ စစ်မှုထမ်းဥပဒေကိုအသုံးပြုပြီး အရပ်သားတွေကိုအတင်းအကျပ်ပေါ် တာဆွဲ ကာ စစ်တပ်ထဲသွတ်သွင်းနေတယ်လို့ မဘသဘုန်းတော်ကြီးတပါးဖြစ်တဲ့ ပေါက်ကိုယ်တော်ကိုယ်တိုင်က လူသိ ရှင်ကြား ထုတ်ဖော်ဝေဖန်လာတာကိုကြည့်ရင် အဲ့ဒီအခြေအနေကို မြင်သာပါတယ်။
အာဏာသိမ်းစစ်ကောင်စီကိုထောက်ခံသူဖြစ်သလို စစ်တပ်ဆန့်ကျင်သူတွေကို ရက်ရက်စက်စက်နှိမ်နင်းဖို့ ဟော ပြောမှုတွေလည်း လုပ်နေတဲ့ အဲ့ဒီဆရာတော်က သူနဲ့သိကျွမ်းသူတွေအပါအဝင် ဆယ်နဲ့ချီတဲ့ အရပ်သားတွေတပ် သားသစ်အဖြစ်စုဆောင်းခံရတဲ့အပေါ် လူသိရှင်ကြားမေးခွန်းထုတ်ဝေဖန်ခဲ့ပါတယ်။
အဲ့ဒီလိုစုဆောင်းခံရတဲ့ လူငယ်အမျိုးသားတချို့ဟာ မိသားစုကလည်း မသိရဘဲ အတင်းအကျပ် တပ်သားသစ်အဖြစ် သွတ်သွင်းခံရပြီး လပိုင်းကြာစစ်သင်တန်းတက်ပြီးတဲ့နောက် တိုက်ပွဲပြင်းထန်ရာ ရှေ့တန်းစစ်မြေပြင်တွေအထိ စေလွှတ်အသုံးပြုခံနေရပါတယ်။
အခုလအတွင်းဖြစ်ပွားခဲ့တဲ့ စစ်မှုထမ်းစုဆောင်းခံရသူတွေက သင်တန်းကျောင်းရှိရာဆီလိုက်ပို့တဲ့ စစ်ကောင်စီ တပ်သားကို ပစ်သတ်ထွက်ပြေးတဲ့ဖြစ်စဉ်ဟာ အတင်းအဓမ္မတပ်သားစုဆောင်းခံရသူတွေရှိကြောင်း ပေါ်လွင်တဲ့ ဖြစ်စဉ်တခုပါ။
စစ်မှုထမ်းခိုင်းဖို့ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ အမျိုးသား ၂၇ ဦးဟာ အခုလ ၈ ရက်နေ့ညက တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ခန္တီရွာအနီးမှာ စစ်ကောင်စီတပ်သားနှစ်ဦးကိုပစ်ခတ်ပြီး KNU တပ်မဟာ(၄)ဆီထွက်ပြေးခိုလှုံခဲ့ကြတာ ပါ။
“လှေတစီး သူတို့ ၂၉ ယောက်ပါတယ်၊ စစ်သားက နှစ်ယောက်၊ အဲဒီလှေမှာပဲ စစ်သားဆီက သေနတ်လုပြီးတော့ သူတို့ပစ်သတ်လိုက်တယ်၊ ပစ်သတ်ပြီးတော့ အဲဒီလှေတစီးနဲ့ သူတို့ထွက်ပြေးလာတာ” လို့ KNU တပ်မဟာ (၄) အတွင်းရေးမှူး ပဒို စောအယ်နားက DNA ကို ပြောပါတယ်။
အဲ့ဒီလူငယ်အမျိုးသား၂၇ ဦးဟာ ထိုင်းနိုင်ငံဘက်ခြမ်းမှာ အဖမ်းခံရပြီးနောက် ရနောင်းကနေတဆင့် ကော့သောင်းဘက်ခြမ်းမှာရှိတဲ့ စစ်ကောင်စီထံ လွှဲပြောင်းခြင်းခံခဲ့ရသူတွေဖြစ်ပါတယ်။
သူတို့ကိုစစ်ကောင်စီကနေရပ်ပြန်ခွင့်မပေးဘဲ တပ်သားသစ်အဖြစ်စုဆောင်းလိုက်ပြီးစစ်သင်တန်းပေးဖို့အတွက် မြိတ်မြို့ကနေတဆင့် ပလောက်မြို့အခြေစိုက် အမှတ် (၁၂) တိုင်း ဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို ရေလမ်းကနေ ပို့ဆောင်ချိန်မှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြတာပါ။
အခုလိုထွက်ပြေးလွတ်မြောက်တဲ့ဖြစ်စဉ်သာမရှိခဲ့ရင်တော့ သူတို့တွေ စစ်ကောင်စီတပ်ထဲ ရောက်နေကြတယ်ဆိုတာကို သက်ဆိုင်တဲ့ မိသားစုတွေသိခွင့်ရဖို့မသေချာတဲ့အခြေအနေပါ။
စစ်ကောင်စီဟာအာဏာသိမ်းမှုဆန့်ကျင်သူတွေကိုနိုင်ငံရေးပုဒ်မတွေတပ်ဖမ်းဆီးပြီးတဲ့နောက် အတင်းအဓမ္မ ပျောက်ဆုံးစေမှုတွေ ကျူးလွန်နေတယ်လို့ စွပ်စွဲခံထားရသလို တချိန်တည်းမှာပဲ သူတို့တပ်အင်အားအတွက် အတင်းအဓမ္မ တပ်သားသစ်စုဆောင်းရာမှာလည်း အတင်းအဓမ္မပျောက်ဆုံးစေမှုတွေကို ကျုးလွန်နေပြန်ပါတယ်။
ဒီအခြေအနေတွေဟာ နေ့စဉ်လူမှုဘဝကို စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေခံစားရစေတယ်လို့ ရန်ကုန်မြို့ မှာအလုပ်လုပ်နေတဲ့ မွန်ပြည်နယ်ဒေသခံလူငယ်အမျိုးသားတဦးက DNAကိုပြောပါတယ်။
“ရဲ၊ စစ်သားဝတ်စုံတွေ့ရင်ကို ငါ့ကို ပေါ်တာဆွဲသွားမလားဆိုပြီး စိုးရိမ်နေရတယ်၊ ညဘက်တွေဆိုလည်း အပြင် ထွက်ဖို့ မပြောနဲ့ ညပိုင်း ဧည့်စာရင်းလာစစ်တယ်ဆိုတဲ့ အသံကြားတာနဲ့စိတ်ထဲမှာ လန့်နေသလိုမျိုးခံစားနေရ တယ်” လို့ သူက ဆိုပါတယ်။
လူငယ်တွေကြားအဲ့ဒီလို စိုးရိမ်ပူပန်မှုတွေရှိနေကြသလို သူတို့ရဲ့မိဘတွေဟာလည်း ရတက်မအေးနိုင်ကြပါဘူး။
စစ်မှုထမ်းအင်အားဖြည့်တင်းဖို့အတွက် စစ်ကောင်စီကပေါ်တာဆွဲတယ်ဆိုတဲ့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာတတ်တာကြောင့် ရန်ကုန်ရောက်နေတဲ့သားဖြစ်သူအတွက် အချိန်ပြည့်ပူပန်သောကဖြစ်နေရတယ် လို့ ထားဝယ်ဒေသခံ မိခင်တဦးက ရင်ဖွင့်ပါတယ်။
ထိုင်းနိုင်ငံမှာနေထိုင်အလုပ်လုပ်ကိုင်ခဲ့ဖူးတဲ့ သားဖြစ်သူအတွက် ရေခြားမြေခြားမှာတုန်းက မပူပင်ခဲ့ရသလောက် ဂျပန်နိုင်ငံကိုသွားရောက်အလုပ်လုပ်ကိုင်ဖို့ သင်တန်းတက်ရင်းရန်ကုန်မြို့မှာ နေထိုင်နေချိန်မှာတော့စိတ်မအေး နိုင်အောင်ဖြစ်နေရတယ်လို့ သူကပြောပါတယ်။
“ပေါ်တာဆွဲနေတယ်ဆိုပြီးကြားကြားရတော့ ပိုဆိုးတာပေါ့၊ နေ့တိုင်းဖုန်းဆက်နေရတယ်၊ ရွာမှာလည်း မအေး (မတည်ငြိမ်)တော့ စိတ်ပူပူနဲ့ပဲ ရန်ကုန်မှာနေခိုင်းတာ၊ မြန်မြန်ပဲ(ဂျပန်ကို) ထွက်ခိုင်းချင်ပြီ”လို့ ထားဝယ်ဒေသခံ လူငယ်အမျိုးသားတဦးရဲ့မိခင်ဖြစ်သူကပြောပါတယ်။
တိုက်ပွဲတွေနဲ့ရာဇဝတ်မှုတွေကြောင့်ပျောက်ဆုံးရသူတွေ
နိုင်ငံအနှံ့ ကျယ်ပြန့်ရှည်ကြာတဲ့ စစ်မက်တွေနဲ့ ပဋိပက္ခတွေကြား အထက်ပါ အခြေအနေတွေကြောင့် လူပျောက် ဆုံးမှုတွေ ရှိနေသလို တိုက်ပွဲတွေအတွင်း မိသားစုတွေကွဲကွာသွားတာ၊လုယက်ခံရမှုနဲ့ လူကုန်ကူးဖို့ဖမ်းဆီးခံရတာ စတဲ့အကြောင်းတွေကြောင့်လည်း လူတွေပျောက်ဆုံးနေရပါသေးတယ်။
ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးကာလတွေနဲ့ ရခိုင်ပြည်နယ်တိုက်ပွဲတွေအတွင်း မိသားစုဝင်တွေတကွဲတပြားဖြစ် အဆက်အသွယ်ပြတ်သွားကြသူတွေအများအပြားရှိခဲ့ပါတယ်။ သူတို့အထဲက တချို့ဟာ အခုအချိန်အထိ အ ဆက်အသွယ်ပြန်မရကြသေးပါဘူး။
ရခိုင်ပြည်နယ် သံတွဲမြို့နယ်တခုတည်းမှာပဲ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA တို့တိုက်ပွဲပြင်းထန်နေကြချိန် လပိုင်းအတွင်း မိသားစုဝင်တွေနဲ့ အဆက်အသွယ်ပြတ်ပျောက်ဆုံးသွားသူ သုံးရာဝန်းကျင်အထိ ရှိခဲ့ပြီး ၂၄ဦး ကတော့ အဆက်အသွယ်ပြန်ရခဲ့ကြတယ်လို့ Lay Waddy FM တာဝန်ရှိသူတွေကပြောပါတယ်။
Lay Waddy FM ဟာ ရခိုင်ဒေသသတင်းတွေကိုဖော်ပြနေတဲ့ သတင်းဌာနတခုဖြစ်ပြီး သံတွဲတိုက်ပွဲပြင်းထန်ပြီး ဖုန်းလိုင်း နဲ့အင်တာနက်လိုင်းတွေပြတ်တောက်နေချိန် ပျောက်ဆုံးသွားတဲ့မိသားစုဝင်တွေကိုရှာဖွေပေးဖို့ ဆက်သွယ်အကူအညီတောင်းခံမှုရှိလာတာကြောင့် လူပျောက်ရှာဖွေရေးကို ကဏ္ဍတခုအနေနဲ့ ဖော်ပြပေးခဲ့ပါတယ်။
“မိသားစုတွေက သူတို့မိသားစုဝင်တွေ သေသွားလား၊ ရှင်သွားလား၊ ဘယ်လိုလဲဆိုတာကိုသိချင်ကြတာ”လို့ သံတွဲ ဒေသမှာတိုက်ပွဲပြင်းထန်နေချိန် လူပျောက်ရှာဖွေရေးအစီအစဉ်ဖော်ပြပေးခဲ့တဲ့ Lay Waddy FM အယ်ဒီတာ ကိုတေဇာအောင်က ပြောပြပါတယ်။
လက်ရှိမြန်မာနိုင်ငံဒေသအများအပြားမှာ စစ်ကော်စီက ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေဖြတ်တောက်ထား သလို တိုက်ပွဲပြင်းထန်ရာဒေသတွေမှာ ပစ်ခတ်မှုတွေကြောင့် တာဝါတိုင်တွေထိခိုက်ပျက်စီးတာ၊ဆက်သွယ်ရေး တာဝါတိုင်တွေမှာ စက်သုံးဆီမဖြည့်ပေးနိုင်တာကြောင့် အဆက်အသွယ်ပြတ်တောက်သွားတာမျိုးတွေ ကြုံနေကြရပါတယ်။
နောက်ထပ်လူပျောက်ဆုံးမှုတွေကတော့ လူကုန်ကူးမှုနဲ့ ပြန်ပေးဆွဲလုယက်သတ်ဖြတ်မှုလို အမှုအခင်းတွေကြောင့် ဖြစ်လာတာပါ။
တရုတ်နိုင်ငံမှာလစာကောင်းတဲ့အလုပ်ရမယ်ဆိုတဲ့ ပွဲစားတွေခေါ်ရာနောက်လိုက်သွားရင်းက တရုတ်အမျိုးသားတဦးရဲ့ ဇနီးမယားအဖြစ် ရောင်းစားခံလိုက်ရတဲ့ အသက် ၁၉နှစ်အရွယ် မူဆယ်ဒေသခံမြန်မာအမျိုးသမီးငယ် တဦး က အခုနှစ် ဖေဖော်ဝါရီ လအတွင်း DNA ကိုဆက်သွယ်အကူအညီတောင်းခဲ့ဖူးပါတယ်။
“ပွဲစားတွေလိမ်တာ၊ အိမ်ဖော်အလုပ်ရမယ်ဆိုပြီးပြောတာ၊ ညီမတယောက်တည်းကူညီပါဦးအမရယ်၊ ညီမ ကြောက်တယ်” လို့ ရင်ဖွင့်ခဲ့တဲ့ အဲ့ဒီအမျိုးသမီးဟာ သူကြုံနေရတဲ့အခြေအနေကို အပြည့်အစုံပြောပြလို့မ ဆုံးခင်မှာပဲ DNA နဲ့အဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်။
မူဆယ်ဒေသခံအမျိုးသမီးငယ်လိုပဲ “ဝ”ဒေသ ပန်ဆန်းမြို့မှာ အလုပ်ကောင်းရမယ်ဆိုပြီး တရုတ်မယားအဖြစ် ရောင်းစားခံလိုက်ရတဲ့ ရန်ကုန်မြို့က အသက် ၂၃ နှစ်အရွယ် အမျိုးသမီးငယ်တဦးရဲ့ အမဖြစ်သူနဲ့လည်း DNA က အဆက်အသွယ်ရခဲ့ပါတယ်။
“ဟိုမှာ အလုပ်ရမယ် အဆင်သင့်ပဲ တလ(ယွမ်)၃၀၀၀ ဆိုပြီး ခေါ်တာကို ကလေးက မက်ပြီးတော့ အိမ်ကို သေချာမပြောဘဲ သွားတာ” လို့ ရောင်းစားခံလိုက်ရတဲ့ ညီမဖြစ်သူအတွက် စိုးရိမ်နေတဲ့ အမဖြစ်သူ မအေးအေး (အမည်လွှဲ) က ပြောပြပါတယ်။
ညီမဖြစ်သူကို ပန်ဆန်းမှာနေတဲ့ မမွှေးဆိုတဲ့ အမျိုးသမီး၊ တရုတ်-မြန်မာနယ်စပ် လန်ချန်းမြို့က လားဟူလူမျိုး အ မျိုးသားတဦးနဲ့ တရုတ်အမျိုးသား တဦးတို့က တရုတ်ငွေ ယွမ်ခြောက်သောင်းနဲ့ ရောင်းစားသွားကြောင်း ဝယ်ယူခဲ့တဲ့ တရုတ်အမျိုးသားဆီက သိထားရတယ်လို့ မအေးအေးက ရှင်းပြပါတယ်။
ဒီအခြေအနေတွေကို တရုတ်နိုင်ငံထဲရောက်နေတဲ့ညီမဖြစ်သူက မအေးအေးကို ဆက်သွယ်အသိပေးနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ညီအမနှစ်ဦးအဆက်အသွယ်မရတော့တာကြောင့် ညီမဖြစ်သူရဲ့ ကံကြမ္မာကို မသိရတော့ပါဘူး။
“လူကုန်ကူးကိုလည်း တိုင်တယ် အဆင်မပြေပါဘူး၊ အဲ့ဒါကြောင့် လိုင်းပေါ်တင်ပြီး ကိုယ့်ဟာကိုယ်ပဲ လုပ်တော့ တာ။ မကောင်းပါဘူး၊ပြောရရင်လည်း ကိုယ့်ပေါင် ကိုယ်လှန်ထောင်းနေသလိုဖြစ်နေတယ်” လို့မအေးအေးက ညည်းတွားပြောဆိုပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်မှု၊ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ စီးပွားရေးကျပ်တည်းမှုတွေကြောင့် နေရပ်ရွှေ့ပြောင်းရတဲ့ ဒုက္ခသည်အရေအတွက် သန်းချီ တိုးပွားလာပြီး လူကုန်ကူးခံရနိုင်ချေဟာလည်း အရင်ကထက် ပိုပြီးမြင့်တက်လာပါတယ်။
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ လူကုန်ကူးမှုတိုက်ဖျက်ရေး ကြိုးပမ်းမှုတွေ သိသိသာသာကျဆင်းသွားပြီး ဒေသတွင်းမှာ လူကုန်ကူးမှုအန္တရာယ် အများဆုံးနိုင်ငံ ဖြစ်လာတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့လူ ကုန်ကူးမှုဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။
လူပျောက်မှုတွေဖြစ်စေတဲ့ နောက်ထပ်အကြောင်းအရာတွေထဲမှာတော့ လက်နက်ကိုင်အဖွဲ့တွေနဲ့မပတ်သက်ဘဲ လုယက်အနုကြမ်းစီးပြန်ပေးဆွဲမှုဆန်တဲ့ဖြစ်ရပ်တွေလည်း အတိုင်းအတာတခုအထိရှိနေပါတယ်။
မြို့ပြတွေအထိ နေရာဒေသမရွေး လက်နက်ကိုင်ပဋိပက္ခတွေရဲ့ရိုက်ခတ်မှုရှိနေတဲ့ အခုလိုကာလအတွင်း ဘာအတွက်အသတ်ခံရတယ်ဆိုတာ မသိရတဲ့ ပိုင်ရှင်မဲ့ အလောင်းတွေ့ရှိမှုတွေဟာလည်း ဒေသအနှံ့မှာရှိနေပါတယ်။
ယဉ်ကျေးမှုမြို့တော်မန္တလေးမှာ အာဏာသိမ်းပြီးကတည်းက လုယက်၊အနုကြမ်းစီးမှုတွေတိုးပွားလာသလို ပုံစံမျိုးနဲ့ ပိုင်ရှင်မဲ့အလောင်းတွေ့ရှိမှုတွေဟာလည်း ခပ်စိတ်စိတ်ဖြစ်နေပါတယ်။၂၀၂၃ခုနှစ်တုန်းကတော့ သွေးသောက်အဖွဲ့လည်ဆွဲတပ်ပြီး သတ်ဖြတ်စွန့်ပစ်ထားတဲ့ရုပ်အလောင်းတွေကို ဆက်တိုက်ဆိုသလို တွေ့ခဲ့ကြရပါတယ်။
မန္တလေးဒေသခံ ပရဟိတအဖွဲ့တွေက ကောက်ယူသင်္ဂြိုလ်ပေးခဲ့ရတဲ့ ပိုင်ရှင်မဲ့အလောင်းတွေထဲက တချို့ဟာ ကိုယ်ခန္ဓာတခုလုံး ခြေလက်အစိတ်အပိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ အနေအထားနဲ့ပါ။
မန္တလေးမြို့က မြို့ နယ်လေးခုကိုဖြတ်သန်းစီးဆင်းတဲ့ ဆည်တော်ကြီးဆည်မြောင်းထဲမှာ အခုနှစ် မတ်လတလ တည်းအတွင်း ပိုင်ရှင်မဲ့အလောင်းဆယ်လောင်းလောက်အထိ မျောပါလာခဲ့တယ်လို့ ဒေသခံပရဟိတအဖွဲ့တွေရဲ့ မှတ်တမ်းတွေအရသိရပါတယ်။
လက်ရှိမြန်မာနိုင်ငံဟာစစ်ကောင်စီဘက်ကရော တော်လှန်ရေးအင်အားစုတွေဘက်ကပါ စစ်ပွဲအနိုင်ရရေး အဓိ က ဦးတည်တိုက်ခိုက်နေကြတာကြောင့် အရပ်သားပြည်သူတွေဟာ အကာအကွယ်မဲ့နေပြီး အဘက်ဘက်က လုံ ခြုံမှု မရှိဖြစ်နေကြပါတယ်။
“ရဲတွေကလည်းအမှုအခင်းတခုလာတိုင်ရင်တောင်မှပဲသိပ်ဖိဖိစီးစီးလုပ်မပေးနိုင်ဘူး၊သူတို့မှာအင်အားမရှိဘူး၊သူတို့လုံခြုံမှုကလည်းမရှိဘူး”လို့ CDM ရဲအရာရှိက ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC မြန်မာနိုင်ငံကိုယ်စားလှယ်ရုံးကတော့ လက်ရှိပဋိပက္ခတွေအတွင်း ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းအားလုံးအနေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပျောက်ဆုံးသွား သူတွေအတွက် ဖြစ်နိုင်သမျှအစီအမံတွေအားလုံးကို ဆောင်ရွက်ပေးဖို့လိုတယ်လို့ထောက်ပြပါတယ်။
“ပဋိပက္ခတွင် ပါဝင်နေသည့်အဖွဲ့အစည်းများသည် ပျောက်ဆုံးနေသူများ၏ ကံကြမ္မာနှင့် ဘယ်ဆီဘယ်ဝယ်တွင် ရောက်ရှိ နေသည်ကိုရှင်းလင်းပြောကြားရမည် ဖြစ်သည့်အပြင် မိသားစုဝင်များအား ရရှိနိုင်သမျှ သတင်းအချက်အလက်များကို ပေးရမည်”လို့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကိုကိုးကားပြီး ICRC ကိုယ်စားလှယ်ရုံးက DNA ကိုပြောပါတယ်။
ပဋိပက္ခအခြေအနေတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေပြဌာန်းချက်တွေ၊ ပြည်တွင်း လူ့အသိုက်အဝန်းကြားလိုက်နာရမယ့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းတွေမျိုးစုံရှိနေတဲ့တိုင်အောင် အာဏာသိမ်းမှုကာလထဲက မြန်မာပြည်သူတွေကတော့ “ကျီးလန့်စာစား”နေ့ရက်တွေကို ဖြတ်သန်းနေကြရပါတယ်။
စစ်မက်ပြင်းထန်ရာဒေသတွေမှာ လူအစုလိုက်အပြုံလိုက်သေဆုံးထိခိုက်မှုတွေနဲ့ စစ်ဘေးရှောင်လူအုပ်စုကြီးတွေ ပေါ်ပေါက်လာသလို စစ်မက်မရှိသေးတဲ့ မြို့ပြအရပ်ဒေသတွေမှာလည်း အန္တရာယ်အငွေ့အသက်တွေ အချိန် ပြည့် လွှမ်းမိုးနေပါတယ်။
အင်္ဂလိပ်စာဆရာမတဦးအဖြစ် နေထိုင်ရပ်တည်နေတဲ့ ရန်ကုန်မြို့ခံအသက် ၂၅အရွယ် လူငယ်အမျိုးသမီးရဲ့ လက်ရှိအခြေအနေတွေအပေါ် ရှုမြင်ခံယူချက်က မြန်မာလူထုရင်ဆိုင်နေရတဲ့ အခြေအနေကို ကောင်းကောင်းလှစ်ဟပြနိုင်ပါတယ်။
“တခုခုဖြစ်ရင်ကိုယ်အရင်ခံရမယ်၊ နောက်မှာလည်း တရားဥပဒေကောင်းကောင်းမရှိဘူး”