ပေါက်တောက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ၀မ်းရောဂါကြောင့် သေဆုံးသူဆယ်ဦးကျော်ရှိလာ

Photo – The Akyab Post Facebook

စက်တင်ဘာ၊ ၂၂

ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ်အတွင်းက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ၀မ်းရောဂါဖြစ်ပွားသူတွေအများအပြားရှိနေပြီး ရက်ပိုင်းအတွင်း သေဆုံးသူ ဆယ်ဦးကျော်ရှိသွားပြီလို့ စခန်းနေသူတွေက ပြောကြပါတယ်။

ပေါက်တောမြို့နယ်အတွင်းရှိ ဆင်တက်မော်၊ အနောက်ရဲ၊ ကြိမ်နီပြင်၊ ငှက်ချောင်းစခန်းတို့မှာ ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက ၀မ်းရောဂါစဖြစ်ခဲ့တာဖြစ်ပြီး အခုအခါ သေဆုံးမှုတွေပါ ရှိလာတာပါ။

“အန်တယ်၊ ၀မ်းသွားတယ်၊ ဗြုန်းခနဲ(ရုတ်တရက်) သေသွားတယ်၊ သေတာ လေးယောက်ရှိပြီ၊ ကလေးတွေချည်းပဲ”လို့ လူဦးရေ သုံးထောင်၀န်းကျင်ရှိတဲ့ ဆင်တက်မော်စခန်းမှ ရိုဟင်ဂျာဒုက္ခသည်တဦးက DNA ကို ပြောပါတယ်။

ဒါ့အပြင် အနောက်ရဲရိုဟင်ဂျာဒုက္ခ သည်စခန်းမှာလည်း ၀မ်းရောဂါကြောင့် သေဆုံးရသူ ခုနစ်ဦးထက်မနည်းရှိပြီဖြစ်ပြီး စိုးရိမ်ရသူတွေ ထပ်ရှိနေတယ်လို့ စခန်းနေသူတွေက ပြောကြပါတယ်။

ဆင်တက်မော်နဲ့ အနောက်ရဲစခန်းတို့မှာ လက်ရှိ ၀မ်းရောဂါဖြစ်နေသူ ငါးရာနီးပါးရှိနေပြီး ငှက်ချောင်းနဲ့ ကြိမ်နီပြင်စခန်းတို့မှာတော့ ဝမ်းရောဂါဖြစ်နေသူ ဆယ်ဂဏန်းရှိကာ သေဆုံးသူတွေ မရှိဘူးလို့ ပြောကြပါတယ်။

“၀မ်းရောဂါနဲ့ သေတာတော့ မရှိဘူး၊ ဒါပေမယ့် ဖျားတာနာတာ၊ နာတာရှည် ရောဂါတွေဖြစ်တာ အများကြီး ရှိနေတယ်”လို့ ငှက်ချောင်းစခန်းမှ ရိုဟင်ဂျာဒုက္ခသည်တဦးက ပြောပါတယ်။

ရိုဟင်ဂျာစခန်းတွေမှာ ၀မ်းရောဂါဖြစ်တာဟာ သောက်သုံးရေမသန့်ရှင်းတာ၊ အပူချိန်ပြင်းတာ၊ လူဦးရေထူထပ်တာတို့ကြောင့်ဖြစ်နိုင်တယ်လို့ စခန်းနေသူတွေက ပြောကြပါတယ်။

အဲဒီလို ၀မ်းရောဂါကြောင့် လူသေဆုံးမှုတွေ ရှိနေပေမယ့် သွားရောက်ကုသ‌မယ့် ဆေးရုံ၊ ဆေးခန်းမရှိတာကြောင့် ဒေသတွင်း ကျန်းမာရေးမှူးတွေအကူအညီနဲ့ ဆေး၀ယ်တိုက်နေကြရတယ်လို့ ပြောကြပါတယ်။

“ဆေးရှားတယ်၊ ပိုက်ဆံလည်း မတတ်နိုင်ကြဘူး၊ နည်းနည်းတတ်နိုင်တဲ့သူတွေ  ပိုက်ဆံစုပြီး ဆေး၀ယ်တိုက်နေတယ်၊ ကျန်းရေးမှူးအဆင့်လောက် ရမ်းကုတွေနဲ့ ကုနေရတယ်၊ ဆရာ၀န်လည်း မရှိဘူး”လို့ ဆင်တက်မော်စခန်းမှ ရိုဟင်ဂျာဒုက္ခသည်က ပြောပါတယ်။

ဒါပေမယ့် ၀မ်း‌ရောဂါကြောင့် သေဆုံးမှုတွေ ရှိလာပြီးနောက်ပိုင်းမှာတော့ အာရက္ခတပ်တော်(AA)ရဲ့ ဆေးအဖွဲ့က ရိုဟင်ဂျာစခန်းတွေဆီ ဆေးလာကုပေးတာတွေ ရှိနေတယ်လို့ ပြောကြပါတယ်။

“မနေ့က တပ်တော်(AA)က ဆေးလာကုပေးတယ်၊ သူတို့ ဆေးမှူးတွေ၊ ဆရာမတွေနဲ့ လာတာ၊ ဆေးတွေလည်း ပေးသွားတယ်”လို့ ရိုဟင်ဂျာဒုက္ခသည်တဦးက ပြောပါတယ်။

အရင်တုန်းကတော့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ နယ်စည်းမခြားဆရာ၀န်များအသင်း(MSF)က နှစ်ပတ်တကြိမ် ဆေးခန်းလာဖွင့်ပေးပေမယ့် ရခိုင်ဒေသတိုက်ပွဲတွေဖြစ်ပြီးနောက်ပိုင်းမှာတော့ ဆေး ခန်းလာမဖွင့်တော့ဘူးလို့ ဆိုကြပါတယ်။

ဒါ့ကြောင့် နဂိုကတည်းက မြို့ပေါ်နဲ့ အလှမ်းဝေးတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာနေထိုင်သူတွေဟာ ‌ဒေသတွင်း ဆေးဝါး၊ ဆရာ၀န် ရှားပါးချိန်မှာ ကျန်း မာရေးအခက်အခဲတွေ ပိုကြုံလာနေရတာဖြစ်ပါတယ်။

“ရောဂါဖြစ်ရင် တောဆေးတောင်ဆေးပဲ သောက်နေရတယ်၊ ကံကောင်းရင် ကောင်းသွားတယ်၊ သေတာတွေလည်း အများကြီး”လို့ ပေါက်တောမြို့နယ် ငှက်ချောင်းစခန်းမှ ရိုဟင်ဂျာတဦးက ပြောပါတယ်။

ရခိုင်‌ဒေသတိုက်ပွဲစဖြစ်ခဲ့တဲ့ ၂၀၂၃ နို၀င်ဘာလက တည်းက လေကြောင်းကလွဲလို့ရခိုင်နဲ့ ပြည်မဆက်သွယ်ရေးလမ်းကြောင်းအားလုံးဖြတ်တောက်ထားခဲ့တဲ့ စစ်ကောင်စီဟာ ကုန်စည်၊ ဆေးဝါးတင်သွင်းခွင့်ကိုလည်း ပိတ်ပင်ထားခဲ့ပါတယ်။

အဲဒီလို ဆေးဝါးတင်သွင်း၊ သယ်ယူခွင့် ပိတ်ထားတာကြောင့် ရခိုင်ပြည်နယ်အတွင်းက ကိုယ်၀န်ဆောင်တွေ၊ ဆေးပုံမှန်သောက်နေရတဲ့ နာတာရှည်ရောဂါသည်တွေအပါအ၀င် လူနာအများအပြားဟာ မသေသင့်ဘဲ သေဆုံးနေကြရတယ်လို့ ကျန်းမာရေး၀န်ထမ်းတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။

“စစ်တပ်ရှိတုန်းကဆိုရင် ဆေးခန်းသွားမပြရ၊ လမ်းမှာ စစ်တပ်က တားထားလို့ အချိန်မမီဘဲ သေကြတယ်၊ အခု ဆေးမရှိလို့ အခက်အခဲ”လို့ ရခိုင်မြောင်ပိုင်းမှ ကျန်းမာရေး၀န်ထမ်းဟောင်းတဦးက ပြောပါတယ်။

လက်ရှိမှာ ရခိုင်ပြည်တွင်းသို့ အိန္ဒိယနဲ့ ပြည်မဘက် မှောင်ခိုလမ်းကြောင်းအချို့ကနေ ဆေးဝါးတင်သွင်းမှုအချို့ရှိနေပေမယ့် ဈေးအလွန်ကြီးတာ၊ လိုအပ်တဲ့ဆေးဝါး မရတာ စတဲ့ အခက်အခဲတွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။

အာရက္ခတပ်တော်(AA)ကတော့ ရခိုင်ပြည်တွင်းသုံးဖို့ ဆေးဝါးတွေ ရရှိရေး ကြိုးပမ်းနေတယ်လို့ ပြောထားပါတယ်။ လက်ရှိရခိုင်မှာ ဆယ်လုံးပါ ပါရာစီတမော (Paracetamol) တကဒ်ကို ကျပ်တစ်ထောင့်ငါးရာကနေ နှစ်ထောင် ၀န်းကျင်၊ ဒီကိုဂျင် တကဒ်ကို ခြောက်ထောင်ကနေ ရှစ်ထောင်၀န်းကျင်၊ ဘိုင်အိုဂျက်ဆစ်တကဒ်ကို ငါးထောင်၀န်းကျင်ထိ ရှိနေပါတယ်။