စက်တင်ဘာ ၂၁
မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက သရက်ကန်ရွာအခြေစိုက် ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တလ အတွင်း လက်နက်ချဖို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်တွေကသတိပေးပြီးနောက် အဲ့ဒီရွာအခြေပြုထားတဲ့ စစ်အုပ်စုကအင်အားလျော့ချလိုက်သလို ရွာခံလေးဆယ်ကျော်လည်း တော်လှန်ရေးတပ်တွေဆီခိုလှုံလာတယ်လို့သိရပါတယ်။
“အခုထိထွက်လာကြတာတော့ ပြည်သူတွေပါ၊ အခုကတော့ နေစရာစီစဉ်ပေးနေပါတယ်၊ လောလောဆယ်စားဖို့ လည်းကူညီပေးနေပါတယ်”လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီခိုလှုံလာတဲ့ သရက်ကန်ရွာဒေသခံတွေနဲ့ပတ်သက်ပြီး အညာမြေတပ်ပေါင်းစု တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က DNAကိုပြောပါတယ်။
ရွာထဲကနေ ထွက်ပြေးခိုလှုံလာသူတွေထဲ ကလေးသူငယ်၊သက်ကြီးရွယ်အိုတွေလည်းပါဝင်တယ်လို့သိရပါတယ်။ ထွက်ပြေးလာတဲ့ မိသားစုတွေကို လတ်တလော နေထိုင်၊ စားသောက်ရေးကူညီပေးနေသလို ရေရှည်လုပ်ကိုင်စ ားသောက်နိုင်ဖို့အတွက် လယ်ယာမြေငှားပေးတာ၊ ထန်းပင် ငှားပေးတာမျိုးတွေကူညီပေးဖို့ စီစဉ်နေတယ်လို့ ကိုဘိုဘိုသန့်ဇင်က ရှင်းပြပါတယ်။
“အဲ့ဒါတွေနဲ့လုပ်စားပေါ့၊ နေစရာကတော့ ရွာဆိုတော့ နေစရာပေါပါတယ်၊လူလွတ်တဲ့အိမ်၊ ခြံအဆင်ပြေရာ တမိသားစုစီ နေကြမှာပါ”လို့ သူကဆိုပါတယ်။
သရက်ကန်ရွာက ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်သားတွေအောက်တိုဘာလ ၆ရက် နောက်ဆုံးထားပြီး တလ အတွင်းလက်နက်မချရင် တိုက်ခိုက်တော့မယ်လို့ အညာမြေတပ်ပေါင်းစုနဲ့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ တခုဖြစ်တဲ့ TYK ပြောက် ကျားတပ်ဖွဲ့တို့က အခုလ ပထမပတ်အတွင်းထုတ်ပြန်သတိပေးခဲ့တာပါ။
သရက်ကန်ရွာကို တိုက်ခိုက်တော့မယ့်အကြောင်း ကြိုတင်သတိပေးထုတ်ပြန်ရာမှာ ရွာခံပြည်သူတွေပါထွက် လာကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက ထည့်သွင်းဖော်ပြသတိပေးထားတာဖြစ်ပါတယ်။ ဒါပေမယ့် ရွာထဲ အခြေ ပြုထားတဲ့ စစ်အုပ်စုက ပြည်သူတွေထွက်မသွားအောင် ခြိမ်းခြောက်ဟန့်တားတာတွေရှိနေတယ်လို့ဆိုပါတယ်။
“အခက်ကြုံကြရပါတယ်၊ထွက်မရအောင် ပျူတွေနဲ့စခတွေက ဟန့်တားတာ၊ ခြိမ်းခြောက်တာနဲ့ကန့်ကွက်တာတွေ လုပ်တယ်၊ ထွက်သွားရင် နင်တို့ကို PDF တွေက ဘယ်လိုလုပ်မှာဘာညာတွေပေါ့”လို့ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။
တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမပြုမီ စစ်ကောင်စီကိုစွန့်ခွာပြီး လက်နက်ချပူးပေါင်း လာတဲ့ စစ်သား၊ရဲနဲ့ ပျူစောထီးတွေကို ဂျနီဗာကွန်ဗင်းရှင်းဥပဒေအရ အကာအကွယ်ပေးမှာဖြစ်သလို လက်နက် နဲ့တကွ ဘက်ပြောင်းလာသူတွေကိုတော့ ဆုကြေးနဲ့တခြားခံစားခွင့်တွေပါပေးမယ်လို့ ကြေညာထားပေမယ့် ဒီက နေ့အထိ တော့ အဲ့ဒီရွာအခြေစိုက် စစ်အုပ်စုဘက်ကပူးပေါင်းလာသူမရှိသေးဘူးလို့လည်းသိရပါတယ်။
မြိုင်မြို့တောင်ဘက် ၁၄မိုင်ဝန်းကျင်အကွာ မြိုင်-ကမ္မလမ်းပေါ်မှာရှိပြီး ပုသိမ်-မုံရွာလမ်းမ နဲ့ နှစ်မိုင်လောက် သာ ဝေးကာ အိမ်ခြေခုနစ်ရာလောက်ရှိတဲ့ သရက်ကန်ကျေးရွာဟာ မြိုင်မြို့နယ်အတွင်း အင်အားအကြီးဆုံး ပျူရွာတွေ ထဲက တရွာဖြစ်တယ်လို့ ဒေသအခြေစိုက်တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။
၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ထောက်ခံသူတွေ အင်အားကောင်းတဲ့ ကျေးလက်ဒေသ ကျေးရွာ တချို့ဟာ ပျူစောထီးရွာတွေဖြစ်လာကြပြီး မြိုင်မြို့နယ်မှာလည်း အလားတူကျေးရွာတွေရှိနေပါတယ်။
သရက်ကန်ကျေးရွာကတော့ ၂၀၂၀ ရွေးကောက်ပွဲကလွဲလို့ တခြားရွေးကောက်ပွဲတွေမှာ ပြည်ခိုင်ဖြိုး ပါတီအနိုင် ရခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီနဲ့ စစ်တပ်ထောက်ခံသူတွေအားကောင်းတဲ့ရွာလို့ ဒေသခံတော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
မြိုင်မြို့နယ် ပျူစောထီးကျေးရွာငါးရွာလောက်မှာနေထိုင်တဲ့ ဒေသခံအရပ်သားတွေဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ရွာကနေ ကိုယ့်အစီအစဉ်နဲ့ကိုယ် ထွက်ပြေးပြောင်းရွှေ့သွားကြတာတွေရှိသလို တော်လှန်ရေးတပ်တွေဆီ ခိုလှုံ လာကြသူလည်း ထောင်ချီရှိတယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက DNAကို ၂၀၂၃ခုနှစ် အတွင်း ပြောထားပါတယ်။
အဲ့ဒီလိုထွက်ပြေးလာကြသူတွေထဲက သရက်ကန်ရွာခံ အမျိုးသားတဦးကတော့ သူတို့အနေနဲ့ နှစ်ဖက် ပဋိပက္ခ တွေအတွင်း ဝင်မပါဘဲ ကြားနေသူတွေသာဖြစ်တာကြောင့် ပျူစောထီးတွေကြီးစိုးလာတဲ့ရွာမှာဆက်လက် နေထိုင် ပေမယ့် အဆင်မပြေခဲ့ဘူးလို့ ၂၀၂၃ နှစ်ကုန်ပိုင်းမှာDNA ကို ပြောပါတယ်။
“ကျွန်တော်တို့ စားရေးသောက်ရေးကအစဘာမှအဆင်မပြေဘူးလေနော့်၊သူတို့ရိက္ခာဆိုလည်း သူတို့မလိုချင်မှ၊ သူတို့မကုန်မှသာကျွန်တော်တို့ကိုခွဲပေးတာ”လို့ သရက်ကန်ရွာကနေထွက်ပြေးလာခဲ့တဲ့ ဒေသခံအမျိုးသားက ပြောပါတယ်။
ပြီးခဲ့လပိုင်းတွေအတွင်းမှာတော့ မြိုင်မြို့နယ်ထဲက လူသိများတဲ့ ပျူစောထီးရွာတွေဖြစ်တဲ့ ကိုင်းတောမ၊ဝက်ပုတ်၊ ရွာသစ်စတဲ့ ရွာတွေကို တော် လှန်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့လပိုင်းအတွင်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး သရက်ကန်ရွာကိုလည်း ကြိုတင်သတိပေးမှုလုပ်လာတာပါ။
သရက်ကန်ရွာက စစ်အုပ်စုကို သတိပေးစာစတင်ထုတ်ပြန်ချိန်က အဲ့ဒီရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူစောထီး အင်အား ၁၅၀လောက်ရှိခဲ့ပြီး လက်ရှိမှာတော့ သူတို့ထဲက အင်အားငါးဆယ်ဝန်းကျင်လောက်သရက်ကန်ရွာ တောင်ဘက်က တွင်းမရွာကိုသွားရောက်ပူးပေါင်းကြတယ်လို့ ကိုဘိုဘိုသန့်ဇင်ကပြောပါတယ်။