ရက်ပိုင်းပဲခြားပြီး တိုင်ဖွန်းမုန်တိုင်း နှစ်ခု ရှန်ဟိုင်းမြို့ကို ဝင်ရောက်တိုက်ခတ်

စက်တင်ဘာ၊ ၂၀

တရုတ်နိုင်ငံရဲ့ စီးပွားရေးမြို့တော် ရှန်ဟိုင်းဟာ စက်တင်ဘာ ရက်ပိုင်းအတွင်း ဒုတိယမြောက် တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုနဲ့ ကြုံခဲ့ရပါတယ်။

၇၅ နှစ်တာအတွင်း ပထမဆုံး တိုင်ဖွန်းမုန်တိုင်း ဝင်ရောက် တိုက်ခတ်မှုကို စက်တင်ဘာ ၁၆ ရက်နေ့မှာ ကြုံတွေ့ခဲ့တဲ့နောက် ၄ ရက်အကြာမှာ ဒုတိယ တိုင်ဖွန်းကပါ နောက်ဆက်တွဲ ပါလာခဲ့တာ ဖြစ်ပါတယ်။

တိုင်ဖွန်းမုန်တိုင်း ဘီဘင်ကာ ဝင်ရောက်အပြီး အပျက်အစီးတွေကို ရှင်းလင်းနေဆဲ အချိန်မှာပဲ စက်တင်ဘာ ၂၀ ရက်နေ့မှာ တိုင်ဖွန်း ပူလာဆန်က ရှန်ဟိုင်းကို ကုန်းတွင်းဝင်ရောက်လာခဲ့တာပါ။

ပူလာဆန်ရဲ့ လေတိုက်နှုန်းဟာ အမြင့်ဆုံး အချိန်မှာ တနာရီကို ၈၃ ကီလိုမီတာလောက်ထိ ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။ ကုန်းတွင်းဝင်ရောက်ပြီးတဲ့နောက် မုန်တိုင်းရဲ့ အရှိန်ဟာ သိသိသာသာ အားလျော့သွားခဲ့တယ်လို့လည်း သိရပါတယ်။ 

ပူလာဆန်ကြောင့် ရှန်ဟိုင်းမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး လမ်းတွေနဲ့ မြေနိမ့်ပိုင်း ဧရိယာတွေ ရေဖုံးခဲ့ပါတယ်။ ရှန်ဟိုင်းဟာ ၁၉၄၉ ခုနှစ်ကစလို့ တိုင်ဖွန်းအဆင့် မုန်တိုင်းတွေ တိုက်ရိုက် ဝင်ရောက်တဲ့ အခြေအနေမျိုး မကြုံဖူးခဲ့ရာကနေ အခုတော့ ၄ ရက်ပဲခြားပြီး တိုင်ဖွန်းနှစ်ခုဆင့် တိုက်ခတ်တာမျိုး ရင်ဆိုင်လာရတာ ဖြစ်ပါတယ်။

ရှန်ဟိုင်းရဲ့ အစိတ်အပိုင်း အများစုဟာ စက်တင်ဘာ ၁၉ ရက်နေ့၊ မုန်တိုင်း ချဉ်းကပ်လာစဉ် အတောအတွင်းမှာတင် ရာသီဥတု အခြေအနေ အရေးပေါ် သတိပေးချက်တွေ ထုတ်ပြန်ထားရပါတယ်။ ပြီးတော့ ကျောင်းတွေကို ပိတ်ထားရသလို သယ်ယူပို့ဆောင်ရေး ကွန်ရက်တချို့ကို ဆိုင်းငံ့ထားစေခဲ့ပါတယ်။

ဘီဘင်ကာ တိုက်ခတ်ချိန်တုန်းက ရှန်ဟိုင်းမှာ သစ်ပင် ၁၈၀၀ လောက် ပြိုလဲပြီး အိမ်ခြေ ၃၀၀၀၀ လောက် လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခဲ့ပေမယ့် ပူလာဆန်ကြောင့်တော့ ဆိုးရွားတဲ့ ပျက်စီးမှုတွေ မရှိခဲ့ဘူးလို့ ကနဦး ယူဆရပါတယ်။

ဒါပေမဲ့လည်း အနိမ့်ပိုင်း နေရာတချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ရှန်ဟိုင်း မြို့သူမြို့သားတွေက ဒူးလောက်ထိ နစ်တဲ့ ရေထဲမှာ သွားလာနေတာတွေကို တွေ့ရပါတယ်။

ရှန်ဟိုင်းဟာ ပုံမှန်အားဖြင့် အားပြင်းတဲ့ မုန်တိုင်းတွေ ဦးတည်တဲ့ လမ်းကြောင်းမှာ ရှိမနေပေမယ့်လည်း ကမ္ဘာ့ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှု ဖြစ်စဉ်တွေနဲ့အတူ မုန်တိုင်းတွေရဲ့ ပြင်းအားက ပိုဆိုးလာပြီး လားရာကလည်း ခန့်မှန်းဖို့ ပိုခက်လာကြောင်း သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။

Ref: CNA