ဆီယာလီယွန်မှာ တိုက်ပြိုကျပြီး ကလေးတွေ အပါအဝင် ရှစ်ဦးထက်မနည်းသေဆုံး

စက်တင်ဘာ၊ ၁၇

ဆီယာလီယွန် နိုင်ငံမှာ လူနေတိုက်တလုံး ရုတ်တရက် ပြိုကျမှုကြောင့် လူ ၈ ဦးထက်မနည်း သေဆုံးပြီး ပျောက်ဆုံးနေသူတွေလည်း ဒါဇင်နဲ့ချီ ရှိနေပါတယ်။

အနောက်အာဖရိက ဒေသတွင်း နိုင်ငံရဲ့ အရေးပေါ် ကယ်ဆယ်တုံ့ပြန်ရေး အေဂျင်စီဖြစ်တဲ့ (NDMA)က မြို့တော် ဖရီးတောင်းမှာရှိတဲ့ အဆောက်အအုံ ပြိုကျမှုအပြီး အပျက်အစီးတွေ အောက်ကနေ လူ ၆ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

ပြိုကျခဲ့တာဟာ ၇ ထပ်တိုက် တလုံးဖြစ်ပြီး အပျက်အစီးပုံ အောက်ထဲမှာ နောက်ထပ် ပိတ်မိနေသူတွေ ရှိသေးတယ်လို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။ တချို့တွေကတော့ သူတို့ရဲ့ တည်နေရာကို ကယ်ဆယ်ရေးတွေဆီ ဆက်သွယ် အတည်ပြုပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဆောက်အအုံ ပြိုကျမှုကြောင့် သေဆုံးခဲ့သူတွေထဲမှာ ၅ နှစ်အောက် ကလေး ၃ ဦးလည်း ပါဝင်ခဲ့ပါတယ်။ ကယ်ဆယ်ရေးတွေဟာ အပျက်အစီးတွေကို ရှင်းလင်းဖို့ ကရိန်းကား နှစ်စီးကို ခေါ်ယူထားသလို လက်ချည်းသက်သက်နဲ့လည်း ရှင်းလင်းမှုတွေကို လုပ်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်နေပါတယ်။

အဆောက်အအုံ ရုတ်တရက် ပြိုကျရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပါဘူး။ အဲဒီ အဆောက်အအုံကို လူနေဖို့ရော၊ ရုံးခန်းတွေ ဖွင့်လှစ်ဖို့ အတွက်ပါ အသုံးပြုထားပါတယ်။

ကနဦး စစ်ဆေးချက်တွေ အရတော့ အဆောက်အအုံ တည်ဆောက်မှု အပိုင်းမှာ သတ်မှတ် စံချိန်စံနှုန်း မမီတဲ့ ပြဿနာမျိုးတွေ ရှိခဲ့တယ်လို့ ယူဆရကြောင်း ဖရီးတောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။

NDMA အကြီးအကဲ ဘရိုင်မီ ဆစ်ဆေးက လူထု အနေနဲ့ အရည်အသွေးပိုင်း ပြဿနာရှိတဲ့ အဆောက်အအုံ တည်ဆောက်မှုတွေရဲ့ အန္တရာယ်ကို ပိုပြီး အလေးထား အာရုံစိုက်သင့်ကြောင်း အကြံပြုခဲ့ပါတယ်။

ဆီယာလီယွန်ဟာ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံး စာရင်းဝင် နိုင်ငံတခုဖြစ်ပြီး အဆောက်အအုံ အများအပြားဟာ အရည်အသွေး ဆန်းစစ်မှုအပိုင်း အားနည်းတဲ့ ပစ္စည်းတွေကို အသုံးပြု ဆောက်လုပ်ထားကြောင်း သိရပါတယ်။

Ref: BBC