စစ်တွေမြို့အနီး နောက်ထပ်ရွာနှစ်ရွာကပြည်သူတွေကို စစ်ကောင်စီ အတင်းအကြပ် နှင်ထုတ်ပြန်

Photo Credit – Social Media

စက်တင်ဘာ၊ ၁၆

စစ်တွေမြို့နဲ့ ကပ်လျက် ဆတ်ရိုးကျချောင်းတဖက်ကမ်းရှိ ကျေးတော(ရွာမ)နဲ့ ရွှေပြည်သာကျေးရွာတို့မှာ နေထိုင်တဲ့ပြည်သူတွေအားလုံးကို တယောက်မကျန် ရွာထဲကနေ ထွက်ကြဖို့ စစ်ကောင်စီတပ်က အင်အားသုံးခြိမ်းခြောက်နှင်ထုတ်ခဲ့တယ်လို့ အဲဒီရွာသားတွေက ပြောပါတယ်။

မနေ့က စက်တင်ဘာလ ၁၅ ရက်နေ့မှာ အင်အား တရာ၀န်းကျင်ရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ အဲဒီရွာတွေထဲ လက်နက်အပြည့်အစုံနဲ့ ၀င်ရောက်ကာ ရွာသားတွေကို အတင်းအကြပ်နှင်ထုတ်ခဲ့ကြတာလို့ ဆိုပါတယ်။

“ပြေးစရာမရှိ၊ ပိုက်ဆံလည်း ဘယ်လိုမှ မတတ်နိုင်တဲ့ မိသားစုတွေပဲ နည်းနည်း ကျန်နေတာ၊ အဲဒါကို အကုန်နှင်ထုတ်တယ်၊ မထွက်ရင် သေမယ် အဲလို ခြိမ်းခြောက်တာ”လို့ ရွှေပြည်သာရွာသားတဦးက DNA ကို ပြောပါတယ်။

ရွှေပြည်သာနဲ့ ကျေးတောကျေးရွာတို့မှ ရွာသားအများစုဟာ ပြီးခဲ့တဲ့ နွေရာသီကတည်းက စစ်ကောင်စီ တပ်သားတွေ ရွာထဲ၀င်ဖမ်းတာ၊ စခန်းနေထိုင်တာတို့ကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နေခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် နေရပ်စွန့်ခွာကာ တခြားတနေရာဆီ တိမ်းရှောင်ဖို့ ငွေကြေးမတတ်နိုင်သူမိသားစုအချို့ကတော့ သူတို့ရွာတွေထဲ ကျန်နေခဲ့ကြတာဖြစ်ပါတယ်။ အခုအခါ အဲဒီမိသားစုတွေအားလုံး နှင်ထုတ်ခံရတာဖြစ်ပြီး နှစ်ရွာပေါင်း လူနှစ်ရာကျော်လောက် ရှိနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုပါတယ်။

 ကျေးတော(ရွာမ)နဲ့ ရွှေပြည်သာကျေးရွာတို့မှ ရွာသားတွေကို စစ်တွေမြို့တွင်းသို့ ကိုယ့်အစီအစဥ်နဲ့ကိုယ် ရွေ့ပြောင်းခိုင်းတာဖြစ်ပြီး နေထိုင်စရာ နေရာစီစဉ်ပေးတာမျိုးလည်း မရှိဘူးလို့ ပြောပါတယ်။

“သူတို့မှာ နေစရာမပြောနဲ့ အိမ်က ပစ္စည်းတွေ ပြောင်းဖို့တောင် စရိတ်မရှိကြဘူး၊ တော်တော်ဒုက္ခရောက်ကြတယ်”လို့ အာရက္ခတပ်တော်(AA) ထိန်းချုပ်နယ်မြေတခုဆီ နွေရာသီတုန်းက တိမ်းရှောင်လာတဲ့ ကျေးတောရွာသားတဦးက ပြောပြပါတယ်။

အခု နှင်ထုတ်ခံရတဲ့ ရွှေပြည်သာနဲ့ ကျေးတော(ရွာမ)တို့ဟာ စစ်တွေမြို့ရဲ့ မြောက်ဘက်မှာရှိပြီး ဆတ်ရိုးကျချောင်းတခုသာ ခြားတာပါ။ အဲဒီရွာတွေနဲ့ ကပ်ရပ်မှာ ရွာလုံးကျွတ် ဖမ်းဆီးခံရပြီး လူရှစ်ဆယ်နီးပါး အစုလိုက်အပြုံသတ်ဖြတ်ခံခဲ့ရတဲ့ ဗျိုင်းဖြူရွာ တည်ရှိပါတယ်။

စစ်ကောင်စီဟာ ရွှေပြည်သာနဲ့ ကျေးတောရွာတို့အပြင် မြို့နီးပတ်လည်မှာရှိတဲ့ ဗျိုင်းဖြူရွာအပါအ၀င် လူနေရွာပေါင်းတဆယ်ကျော်ကိုလည်း ပြီးခဲ့တဲ့ လတွေတုန်းက အတင်းအကြပ်နှင်ထုတ်ခဲ့ပြီး အဲဒီရွာတွေအားလုံးမှာ စစ်စခန်းတွေချထားခဲ့ပါတယ်။

“အခုလည်း စခန်းတိုးချဖို့လုပ်တာပဲနေမှာ၊ အဲလိုကြားတယ်၊ ဆတ်ရိုးကျတံ တားဟိုဖက်ကိုတောင် မဖြတ်ရတော့ဘူး၊ သူတို့(စစ်ကောင်စီတပ်)ရှိနေတော့ ဘယ်သူ့မှ သွားလည်း မသွားရဲပါဘူး”လို့ စစ်တွေမြို့မှာ နေထိုင်သူတဦးက ပြောပါတယ်။

မြို့ပတ်လည်ရွာတွေမှ ပြည်သူတွေကို နှင်ထုတ်၊ မြို့တွင်းပို့ထားတဲ့ စစ်ကောင်စီဟာ စစ်တွေမြို့ အ၀င်အထွက်လမ်းတွေ(လေကြောင်းကလွဲ)အားလုံးကိုလည်း လုံး၀ပိတ်ထားပါတယ်။

“မြို့ထဲ နေနေရတာ အားလုံးကို စိုးရိမ်ရတာပဲ၊ လမ်းတွေ မဖွင့်တာ တမျိုး၊ တခုခုဖြစ်လာရင် ထွက်လမ်းမရှိ၊ လှောင်ထားတဲ့ ကြက်လိုပဲ”လို့ ရွာမှ နှင်ထုတ်၊ စစ်တွေမြို့တွင်းသို့ အတင်းအကြပ်ပို့၊ ပိတ်လှောင်ခံထားရတဲ့ ဗျိုင်းဖြူရွာမှ အမျိုးသမီးတဦးက ပြောပါတယ်။

စစ်ကောင်စီဟာ ရခိုင်ဒေသတွင်း တိုက်ပွဲတွေစကတည်းက စစ်တွေမြို့ကို အဝင်အထွက် ကန့်သတ်ခဲ့တာဖြစ်ပြီး မြို့တွေတခုပြီးတခုလက်လွှတ်လာရချိန်မှာတော့ ဝင်ထွက်ခွင့်လုံး၀မပေးတော့ဘဲ ပိတ်ထားခဲ့တာဖြစ်ပါတယ်။ 

ချင်းပြည်နယ် ပလက်၀နဲ့ ရခိုင်မြို့နယ် ဆယ်ခုကို သိမ်းထားပြီး ပြည်နယ်တခုလုံးကို ထိန်းချုပ်သွားမယ်လို့ ကြေငြာထားတဲ့ AA ဟာ နယ်စပ်ဒေသမောင်တောမြို့ကို အပြီးသတ်သိမ်းနိုင်ဖို့ ကြိုးစားနေပါတယ်။

ဒါ့အပြင် ပြည်နယ်တောင်ပိုင်း တောင်ကုတ်၊ ဂွ၊ အမ်းမြို့နယ်တို့မှာ ထိုးစစ်တပြိုင်တည်း လုပ်နေပြီး စစ်တွေမြို့နယ်မှာလည်း တိုက်ပွဲအချို့ စရှိနေပြီဖြစ်ပါတယ်။