ရှန်ဟိုင်းမြို့ တည့်တည့်ကို တိုင်ဖွန်း ဘီဘင်ကာ ကုန်းတွင်းဝင်ရောက် တိုက်ခတ်

စက်တင်ဘာ၊ ၁၆

တရုတ်နိုင်ငံရဲ့ ရှန်ဟိုင်းမြို့ကို တိုင်ဖွန်းမုန်တိုင်း ဘီဘင်ကာက တည့်တည့်မတ်မတ် ကုန်းတွင်းဝင်ရောက် တိုက်ခတ်ခဲ့ပါတယ်။

စက်တင်ဘာ ၁၆ ရက် မနက်အစောပိုင်းက ဘီဘင်ကာဟာ Category 1 အဆင့် မုန်တိုင်း တခုရဲ့ ပြင်းအားမျိုးနဲ့ တရုတ်နိုင်ငံ အရှေ့ဖက် ကမ်းရိုးတန်းမှာရှိတဲ့ စီးပွားရေး မြို့တော်ကို ဖြတ်သန်း ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ၁၉၄၉ ခုနှစ်နောက်ပိုင်း ရှန်ဟိုင်းမှာ အင်အားအပြင်းဆုံး မုန်တိုင်းဒဏ်ကို ခံစားရခြင်းလည်း ဖြစ်လာပါတယ်။ ဘီဘင်ကာ ကုန်းတွင်း​ဝင်ရောက်ချိန်တုန်းက မုန်တိုင်းမျက်စိ တဝိုက်မှာ လေတိုက်နှုန်းဟာ တနာရီကို ၁၅၁ ကီလိုမီတာ နှုန်းလောက်ထိ ပြင်းထန်ခဲ့ပါတယ်။

မုန်တိုင်း မဝင်ရောက်ခက် စက်တင်ဘာ ၁၅ ရက်နေ့ မွန်းလွဲပိုင်း ကတည်းက ရာသီဥတု အခြေအနေ အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားခဲ့ပြီး ကမ်းရိုးတန်း ဧရိယာတွေမှာ နေထိုင်သူ တချို့ကို ကြိုတင် ပြောင်းရွှေ့ထားစေခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ကူးတို့ရေယာဉ်နဲ့ ရထားခရီးစဉ် အများအပြားကိုလည်း ဆိုင်းငံ့ထားစေခဲ့ပြီး လေဆိပ်နှစ်ခုမှာလည်း ရာနဲ့ချီတဲ့ ခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ရပါတယ်။ ပြီးတော့ ယန်ဇီ မြစ်ဝက ကျွန်းတကျွန်းပေါ်မှာ ရေလွှမ်းမိုးနိုင်ခြေကြောင့် လူပေါင်း ၉၀၀၀ လောက်ကို ကြိုတင် ရွှေ့ပြောင်းပေးထားရပါတယ်။

များသောအားဖြင့်တော့ တိုင်ဖွန်းမုန်တိုင်းတွေဟာ လူပေါင်း ၂၅ သန်း နေထိုင်ရာ ရှန်ဟိုင်းမြို့ တည်ရှိရာ တရုတ်ကမ်းရိုးတန်း အထက်ပိုင်းထိ ရောက်လာလေ့ မရှိဘဲ တောင်ပိုင်း ကမ်းခြေတွေကိုသာ ဝင်ရောက်လေ့ ရှိပါတယ်။

ဘီဘင်ကာ ဝင်ရောက် တိုက်ခတ်ခဲ့တဲ့အတွက် ရှန်ဟိုင်းမှာ ထိခိုက်ပျက်စီးမှုနဲ့ အသေအပျောက်တွေ ဘယ်လောက် ရှိခဲ့သလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ ကမ်းရိုးတန်း နေရာတချို့မှာ ရေလွှမ်းမိုးတဲ့ ပြဿနာတွေ ကြုံခဲ့တယ် ဆိုတာကိုတော့ ကနဦး သတင်းတွေက ဖော်ပြထားပါတယ်။ ပြီးတော့ သစ်ပင်နဲ့ ကြော်ငြာဆိုင်းဘုတ်တွေ ကျိုးကျတဲ့ သတင်းတွေ ရရှိထားတယ်လို့ မြို့ရဲ့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဌာနက ထုတ်ပြန်ထားပါတယ်။

မုန်တိုင်း မဝင်ရောက်ခင် ကတည်းက မြို့တဝိုက်မှာရှိတဲ့ အဝေးပြေးလမ်းတွေ အားလုံးကို ယာယီ ပိတ်ထားခဲ့သလို မြို့တွင်း လမ်းတွေမှာလည်း တနာရီ ၄၀ ကီလိုမီတာနှုန်းထက် ပိုပြီး မြန်နှုန်းမြင့် မမောင်းနှင်ဖို့ ညွှန်ကြားထားပါတယ်။

Ref: AFP