လောင်းလုံးက ပျူစောထီးစခန်းတိုက်ခိုက်ခံရ၊ သေနတ် လေးလက်ရပြီး စစ်ကောင်စီဘက် တဒါဇင် သေဆုံးတယ်လို့ဆို

စက်တင်ဘာ ၊ ၁၂ 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှာအခြေစိုက်တဲ့ ပျူစောထီးနဲ့ စစ်ကောင်စီတပ် ပူး ပေါင်းစခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးပြီး သေနတ် လေး လက်ကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ကျောင်းသားတော်လှန်ရေးတပ်က ထုတ်ပြန်ပါတယ်။ 

“ထိပြီးရေထဲကျသွားတဲ့ သူတွေလည်းရှိတယ်၊ကျွန်တော်တို့ဝင်ပစ်တော့ သူတို့ ​လှေထဲဆင်းပြေးတာ၊ သူတို့ဆီက တော့ သေနတ်မရလိုက်ဘူး၊ ရွာလမ်းဆုံမှာလည်း အလောင်းနှစ်လောင်း” လို့ ကျောင်းသားတော်လှန်ရေး တပ် (SRF) တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။ 

အင်အား သုံးဆယ်ထက်မနည်းရှိနိုင်တဲ့ အဲဒီ တပ်စခန်းကို စက်တင်ဘာ ၉ ရက်နေ့၊ နေ့လယ် ၁ နာရီလောက်မှာ တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လေးနာရီဝန်းကျင် အပြန်အလှန် တိုက်ပွဲပြင်းထန်ခဲ့ တာလို့ သိရပါတယ်။ 

“ကင်းထောက်လေယာဥ်လည်း နှစ်ခါလောက်လာဝဲတယ်၊ ပင်လယ်ထဲမှာရှိတဲ့ စစ်သင်္ဘောကနေလည်း လက်နက် ကြီးတွေပစ်တာ တော်တော်များတယ်”လို့လည်း SRF တာဝန်ရှိသူက ပြောပါတယ်။ 

စခန်းနေရာ သုံးခုရှိတဲ့ အဲဒီပူးပေါင်းတပ်စခန်းမှာ ဒေသအခေါ် မိုက်ခရိုဝေ့ တောင်ပေါ်စခန်းနေရာတခုကလွဲလို့ ကျန်တဲ့ နေရာတွေကို သိမ်းပိုက်နိုင်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း သူကပြောပါတယ်။ 

တိုက်ပွဲအတွင်း M16 သေနတ်တလက်၊ ကာဘိုင်သေနတ်သုံးလက်အပြင် လက်ကိုင်ဖုန်းလေးလုံး၊ စကားပြော စက်၊ အဝေးကြည့်မှန်ပြောင်း စတာတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီတပ်စခန်းကို SRF အပါအဝင် ဖက်ဒရယ်ဓဝံကြယ်တပ်ဖွဲ့၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ကျားသစ်နက်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကာကွယ်ရေး တပ် တွေဘက်ကလည်း တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ 

ထားဝယ်-ရှင်မော် ကားလမ်းမပေါ်ရှိ ပင်လယ်ကမ်းနားရွာတရွာဖြစ်တဲ့ ကျောက်နီမော်ရွာမှာ စစ်အာဏာသိမ်းပြီး လပိုင်းလောက်အကြာမှာပဲ ရွာခံ ပျူစောထီးတချို့နဲ့ စစ်ကောင်စီတပ်က ပူးပေါင်းတပ်ချထားပြီး ရေတပ်စစ်သ င်္ဘောတွေလည်း မကြာခဏ အဝင်အထွက်ရှိနေပါတယ်။ 

အဲဒီပူးပေါင်းတပ်စခန်းကို အရင်ကလည်း ကာကွယ်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ဖူးပြီး လက်နက်နဲ့ စစ်သုံး ပစ္စည်းတချို့ သိမ်းဆည်းရမိတာတွေလည်း ရှိခဲ့ပါတယ်။ 

“အခုတော့ရေလမ်းကနေ အင်အားဖြည့်ပြီး စစ်ကြောင်းထိုးလာနေတယ်”လို့SRF တာဝန်ရှိသူက ပြောပါတယ်။ 

စခန်းတိုက်ခိုက်ခံရပြီး နောက်တရက်လောက်မှာပဲ ရေလမ်းကနေတဆင့် ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီ တပ်တွေ အင်အားဖြည့်တင်းလာခဲ့ပြီး အနီးအနားတဝိုက်ကို စစ်ကြောင်းထိုးရှာဖွေတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ 

မနေ့ကအထိတော့ အဲဒီစစ်ကောင်စီတပ်တွေဟာ ဇလွတ်ကျေးရွာတဝိုက်ကိုရောက်ရှိနေပြီး ဇလွတ်အပါအဝင် အနီးအနားတဝိုက် ကျေးရွာတွေကတော့ ရွာလုံးကျွတ် ကြိုတင်တိမ်းရှောင်နေကြရပါတယ်။