ယူကရိန်းကို တာဝေးပစ် လက်နက်တွေ အသုံးပြုခွင့်ပေးရေးကိစ္စ အမေရိကန်နဲ့ ဗြိတိန်ကြား သဘောတူညီမှုမရ

 စက်တင်ဘာလ ၊ ၁၄

ယူကရိန်းအတွက် စစ်လက်နက်တွေ ပိုပြီး လွတ်လွတ်လပ်လပ် အသုံးပြုခွင့်နဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဗြိတိန် ခေါင်းဆောင်တွေ ဆွေးနွေးမှုဟာ အရေးပါတဲ့ ဘယ်လို ဆုံးဖြတ်ချက်မျိုးမှ မချမှတ်နိုင်ဘဲ ပြီးဆုံးခဲ့ပါတယ်။

ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာဟာ ဝါရှင်တန်ကို သွားရောက်ပြီး အိမ်ဖြူတော်မှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဆွေးနွေးခဲ့တာပါ။ ဒါပေမဲ့လည်း အနောက် မဟာမိတ် နှစ်နိုင်ငံရဲ့ စက်တင်ဘာ ၁၃ ရက်နေ့ တွေ့ဆုံမှုဟာ ခိုင်မာတဲ့ ဘယ်လို သဘောတူညီမှုမျိုးမှ မရဘဲ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။

ဘိုင်ဒန်နဲ့ စတာမာ တွေ့ဆုံမှုဟာ ယူကရိန်းကို ထောက်ပံ့ထားတဲ့ တာဝေးပစ် စစ်လက်နက်တွေကို ရုရှားပိုင်နက်ထဲ နက်နက်ရှိုင်းရှိုင်း ထိုးဖောက် တိုက်ခိုက်မှုတွေမှာ အသုံးပြုခွင့် ပေးသင့် မပေးသင့် တိုင်ပင်ညှိနှိုင်းဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဆွေးနွေးပွဲအပြီး ထုတ်ပြန်ချက်တွေမှာတော့ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဘာမှ ထူးခြားတာမျိုး မရှိခဲ့ပါဘူး။

အမေရိကန်နဲ့ ဥရောပ မဟာမိတ်တွေဟာ ယူကရိန်းကို တာဝေးပစ် စစ်လက်နက်တွေ ထောက်ပံ့ထားပေမယ့်လည်း နယ်စပ်နားမှာရှိတဲ့ ရုရှား စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ဖို့ အတွက်သာ အဲဒီ လက်နက်တွေကို အသုံးပြုခွင့် ပေးထားပါတယ်။ ယူကရိန်း အစိုးရကတော့ ရုရှားရဲ့ ကျူးကျော်မှုကို ထိထိရောက်ရောက် တွန်းလှန်ဖို့အတွက် အဲဒီလက်နက်တွေကို ပိုပြီး အနှောင်အဖွဲ့ကင်းကင်း အသုံးပြုခွင့်ရဖို့ တိုက်တွန်း တောင်းဆိုနေပါတယ်။

အိမ်ဖြူတော် တွေ့ဆုံပွဲအပြီးမှ သတင်းထောက်တွေက ဗြိတိန် အနေနဲ့ ယူကရိန်းဆီ ထောက်ပံ့ထားတဲ့ Storm Shadow တာဝေးပစ် ဒုံးကျည်တွေကို ရုရှားပိုင်နက်ထဲမှာ နက်နက်ရှိုင်းရှိုင်း အသုံးပြု တိုက်ခိုက်ခွင့် ပြုမှာလားလို့ မေးမြန်းခဲ့တဲ့အခါ ဗြိတိန် ဝန်ကြီးချုပ်က သူနဲ့ ဘိုင်ဒန်တို့ဟာ ယူကရိန်း ကိစ္စသာ မကဘဲ အရှေ့အလယ်ပိုင်း၊ အင်ဒို-ပစိဖိတ် အရေးကိစ္စတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့်နဲ့ အပြုသဘောဆန်ဆန် ဆွေးနွေးခဲ့ကြတယ်လို့သာ ရှောင်လွှဲ ဖြေကြားသွားခဲ့ပါတယ်။

အခုဆွေးနွေးပွဲ မတိုင်ခင်မှာ ရုရှားက တကယ်လို့ ယူကရိန်းသာ အနောက်နိုင်ငံတွေက ထောက်ပံ့တဲ့ စစ်လက်နက်တွေကို အသုံးပြုပြီး ရုရှားပိုင်နက်ထဲ နက်နက်ရှိုင်းရှိုင်း တိုက်ခိုက်လာမယ်ဆိုရင် ရုရှားက အမေရိကန်၊ ဥရောပသမဂ္ဂ၊ NATO စစ်မဟာမိတ် အဖွဲ့တွေနဲ့ပါ စစ်ဖြစ်နေတယ်လို့ သတ်မှတ် ယူဆရလိမ့်မယ်လို့ ခြိမ်းခြောက် သတိပေးခဲ့ပါသေးတယ်။ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းသာ အနောက်နိုင်ငံလုပ် စစ်လက်နက်တွေ သုံးပြီး ရုရှားနိုင်ငံ အတွင်းပိုင်း ဒေသတွေကို တိုက်ခိုက်လာမယ် ဆိုရင် စစ်ပွဲမှာ အနောက်နိုင်ငံတွေက တိုက်ရိုက် ပါဝင်ပတ်သက်နေပြီလို့ ယူဆမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

တဖက်မှာတော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အနောက်မဟာမိတ် နိုင်ငံတွေ အနေနဲ့ ရုရှားရဲ့ ကျူးကျော်စစ်ကို ထိထိရောက်ရောက် တုံ့ပြန်စေလိုတယ်ဆိုရင် ယူကရိန်းဆီ ထောက်ပံ့ထားတဲ့ တာဝေးပစ် စစ်လက်နက်တွေ လွတ်လပ်စွာ အသုံးပြုနိုင်ရေးကို အဆောတလင် ခွင့်ပြုသင့်ပြီလို့ တိုက်တွန်း တောင်းဆိုထားပါတယ်။

Ref: PA