ပေါက်တောမှာစစ်တပ်လေကြောင်းဗုံးကြဲလို့ လူနှစ်ဆယ်၀န်းကျင်သေဆုံးပြီး နှစ်ဆယ်နီးပါး ဒဏ်ရာရ

Photo Credit – ABN

စက်တင်ဘာ၊ ၉

အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပေါက်တောမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ ဒေသခံအရပ်သားတွေအပါအ၀င် လူနှစ်ဆယ်၀န်းကျင် သေဆုံးပြီး နှစ်ဆယ်နီးပါး ဒဏ်ရာရသွားခဲ့တယ်လို့ နီးစပ်သူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

မနေ့က စက်တင်ဘာလ ၈ ရက် ညနေပိုင်းမှာ ပေါက်တောမြို့နယ်အတွင်းရှိ AA လက်အောက်ခံ အကျဉ်းသားဆေးကုသပေးရေးစင်တာတခုကို ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ် ဗုံးလာကြဲခဲ့တာလို့ ဆိုပါတယ်။

“အချုပ်သားတွေကို ဆေးကုပေးနေတဲ့နေရာပါ၊ အဲနားမှာ အရပ်သားတွေ၊ ကလေးတွေလည်း အများကြီး ရှိတယ်၊ အရပ်ဖက် ကျန်းမာရေး၀န်ထမ်းတွေလည်း ရှိတယ်”လို့ ဒေသခံသတင်းရင်းမြစ်တဦးက DNA ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စက်တင်ဘာလ ၈ရက်ညနေခြောက်နာရီကျော်အချိန်မှာ ဗုံးကြဲခဲ့တာဖြစ်ပြီး ဗုံး ရှစ်လုံး ထက်မနည်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရခဲ့သူတွေထဲမှာ အချုပ်ကာလအတွင်း နာမကျန်းလို့ ဆေးကုသမှုခံယူနေရတဲ့ အကျဉ်းသားတွေ၊ ကျန်းမာရေး ၀န်ထမ်းတွေ၊ ဆေးပေးခန်း တာ၀န်ရှိသူတွေနဲ့ ဆေးပေးခန်း၀န်းကျင်ရှိ အရပ်သားပြည်သူတွေ ပါ၀င်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ သုံ့ပန်းတွေထဲက ကျန်းမာရေးဆိုးရွားပြီး ဆေးကုသဖို့လိုနေတဲ့ အရာရှိကြီးအချို့လည်း ပါ၀င်တယ်လို့ AA ပြောရေးဆိုခွင့်ရှိသူက ခိုင်သုခက ရခိုင်အခြေစိုက် သတင်းဌာနအချို့ကို ဖြေကြားထားပါတယ်။

“ရွာသားကလေးသုံးလေးယောက် ဒဏ်ရာရတယ်၊ အချုပ်သားမဟုတ်တဲ့ သာမာန် အရပ်သားတွေလည်း အများကြီး ပါတယ်”လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံး၊ ဒဏ်ရာရသူ အရေအတွက်နဲ့အသေး စိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

စစ်ကောင်စီတပ်ဟာ ၎င်းတို့ လက်လွှတ်ထားရတဲ့ ပေါက်တောမြို့နယ်ကို လေကြောင်းဗုံးကြဲတာ၊ စစ်တွေကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တာတွေ မကြာခဏ လုပ်နေပြီး အရပ်သားထိခိုက် သေဆုံးရမှုတွေလည်း အများအပြား ရှိခဲ့ပါတယ်။

နိုင်ငံအဝှန်း မြို့နဲ့ နယ်မြေအများအပြား လက်လွှတ်ထားရပြီဖြစ်တဲ့ စစ်ကောင်စီတပ်ဟာ အခုရက်ပိုင်းအတွင်း သူတို့ လက်လွှတ်ထားရတဲ့ မြို့၊ ရွာတွေကို လေကြောင်းဗုံးကြဲတာတွေ ဆက်တိုက်လုပ်နေပြီး ဒီနေ့ မနက်ကလည်း ကိုးကန့်တပ်(MNDAA)သိမ်းပိုက်ထားတဲ့ လားရှို့မြို့ကို ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၁၂ ဦး ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ရက်နေ့ကလည်း AA ထိန်းချုပ်ထားတဲ့ ရခိုင် ပြည်နယ် သံတွဲမြို့ကို လေကြောင်းဗုံးကြဲခဲ့လို့ အရပ်သားတဦး သေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရခဲ့ပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့ကလည်း တအာင်းတပ် (TNLA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ကို လေကြောင်းဗုံးကြဲခဲ့တာကြောင့် ကလေးငယ်နှစ်ဦး၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးအပါအဝင် အရပ်သား ၁၁ ဦး သေဆုံးခဲ့ကာ ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စက်တင်ဘာ ၅ ရက်နေ့ကလည်း ကရင်နီပြည် ဖယ်ခုံမြို့နယ်ရှိ ဘန်ကောက်စစ်ဘေးရှောင်စခန်းကို  ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်အပါအဝင် ၉ ဦးသေဆုံးပြီး၂၀ ဝန်းကျင် ဒဏ်ရာများရခဲ့ပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့မြို့ရွာတွေမှာ သတင်းရရှိတဲ့အပေါ်မူတည်ပြီး လိုအပ်သလို တုန့်ပြန်ဆောင်ရွက်သွားမယ်လို့ စစ်ခေါင်းဆောင်ကပြောဆိုပြီးနောက်ပိုင်း အခုလို လေကြောင်းဗုံးကြဲတာတွေ ဆက်တိုက်လုပ်လာနေတာဖြစ်ပါတယ်။ စစ်ခေါင်းဆောင်ရဲ့ အဲဒီပြောဆိုချက်ကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဝါဒဖြန့်သတင်းစာတွေမှာလည်း ရက်ဆက်ဖော်ပြ၊ ခြိမ်းခြောက်နေတာ တွေ့ရပါတယ်။

“လက်နက်ကိုင်သောင်းကျန်းသူများ၏ သတင်းရရှိမှုနှင့် အခြေအနေ အရပ်ရပ်အပေါ် မူတည်၍ လိုအပ်သလို တုန့်ပြန်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ၎င်းတို့ အဓမ္မ၀င်ရောက်နေထိုင်လျက်ရှိသည့် မြို့ရွာများရှိ ပြည်သူများအနေဖြင့် အသုံးချမှု မခံရစေရေးနှင့် ဘေးကငါးလုံခြုံမှုရှိစေရေးတို့အတွက်  သတိပြုရန် လိုအပ်ကြောင်း”စစ်ခေါင်းဆောင်က စက်တင်ဘာ ၃ ရက် တောင်ကြီးမြို့မှာဌာနဆိုင်ရာများနဲ့တွေ့ဆုံစဉ် ပြောကြားခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်အနေနဲ့ စစ်ဖက်၊ အရပ်ဖက် မခွဲခြားဘဲ အခုလိုလေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်နေတာဟာ စစ်ရာဇ၀တ်မှုနဲ့ နိုင်ငံတကာဥပဒေတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာဖြစ်တယ်လို့ ရခိုင်ဒေသခံလူ့အခွင့်အရေးလှုပ်ရှားသူတဦးက ထောက်ပြပါတယ်။