လားရှိုးကို စစ်ကောင်စီတပ်က ဗုံးထပ်ကြဲ၊မြို့ခံ တဒါဇင်ထက်မနည်း ဒဏ်ရာရ

Photo – MNDAA

စက်တင်ဘာ၊ ၉ 

ကိုးကန့်တပ်(MNDAA) ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီတပ်က ဒီကနေ့ မနက် ဆယ်နာရီခွဲလောက်မှာ လေယာဥ်နဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။ 

“ထွေအုပ်ရုံးမှာ နှစ်လုံးကြဲတယ်တဲ့၊ ဗျူဟာလမ်းမှာက တလုံး လမ်းပေါ်ကျတာ၊ အဲတလုံးက မကွဲဘူးကြားတယ်၊ လမ်းပေါ်ပဲထိတာပေါ့” လို့ လားရှိုးမြို့ခံတဦးက DNA ကို ပြောပါတယ်။ 

ရုပ်သံမှတ်တမ်းနဲ့ ဓာတ်ပုံတွေအရတော့ ဗုံးထိမှန်လို့ ထွေအုပ်ရုံး အဆောက်အအုံနဲ့ နေအိမ်တချို့ ပျက်စီးနေတာတွေ့ရပြီး ထိခိုက်ဒဏ်ရာရလို့ ဆေးရုံတင်ပို့ထားရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

MNDAA ဘက်ကတော့ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာတဲ့သူ ၁၂ ဦးထက်မနည်းကို ဆေးရုံတင်ပို့ထားပြီး ပျက်စီးဆုံးရှုံးမှုနဲ့ ထိခိုက်သေဆုံးမှုတွေကို ဆက်လက်စုံစမ်းနေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ 

စစ်ကောင်စီတပ်က မနေ့ မနက်အစောပိုင်းကလည်း လားရှိုးမြို့၊ ရပ်ကွက် (၁၂)ထဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုမှာတော့ လူထိခိုက်မှု မရှိခဲ့ပါဘူး။ 

အလားတူပဲ သြဂုတ်လ ၃၀ ရက်နေ့ကလည်း လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။ 

စစ်ကောင်စီတပ်ဟာ အခု ရက်ပိုင်းအတွင်းမှာပဲ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ 

အခု စက်တင်ဘာလ ၅ ရက်ကနေ ၉ ရက်အထိ ငါးရင်အတွင်းမှာ TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့၊ စစ်ကိုင်းတိုင်းထဲက မြိုင်မြို့နယ်၊ ချင်းပြည်နယ်က မင်းတပ်မြို့နယ်၊ ကရင်နီနဲ့ ရှမ်းပြည်နယ်အစပ်က ဖယ်ခုံမြို့နယ်နဲ့ ဒီးမောဆိုမြို့နယ်ထဲက နန်းမယ်ခုံမြို့တို့က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေအတွင်း သေဆုံးခဲ့တဲ့ အရပ်သား သုံးဆယ်ဝန်းကျင်အထိ ရှိနေပြီဖြစ်ပါတယ်