ရုရှားပိုင်နက်ထဲမှာ ပိုပြီး နက်နက်ရှိုင်းရှိုင်း ထိုးဖောက် တိုက်ခိုက်နိုင်ရေးအတွက် မဟာမိတ်တွေကို ယူကရိန်း တောင်းဆို

စက်တင်ဘာ ၊ ၇

ရုရှား ပိုင်နက်ထဲ ပိုပြီး နက်နက်ရှိုင်းရှိုင်း ထိုးဖောက်တိုက်ခိုက်ခွင့် ရရေးအတွက် ယူကရိန်း သမ္မတက အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေကို ဖိအားပေး တောင်းဆိုလိုက်ပါတယ်။

စက်တင်ဘာ ၆ ရက်နေ့တုန်းက ဂျာမနီနိုင်ငံ၊ ရမ်စတိန်း လေတပ်စခန်းမှာ ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေရဲ့ စစ်ခေါင်းဆောင်တွေ တွေ့ဆုံကြရာမှာ ဇီလန်စကီးက အခုလို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အထူးသဖြင့် အမေရိကန်နဲ့ အနောက်နိုင်ငံတွေဟာ ရုရှားပိုင်နက်ထဲက ရုရှားစစ်စခန်းတွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ အနောက်နိုင်ငံတွေ ထောက်ပံ့ပေးထားတဲ့ စစ်လက်နက်တွေ အသုံးပြုခွင့်ကို အဆင့်တွေ အများကြီး ကန့်သတ်ထားတဲ့အပေါ် ဖြေလျှော့ပေးဖို့ ဇီလန်စကီးက တိုက်တွန်းခဲ့ပါတယ်။

ဒါပေမဲ့ စစ်ပွဲမှာ ယူကရိန်းအတွက် စစ်လက်နက်တွေ ထောက်ပံ့ပေး ညှိနှိုင်းဆောင်ရွက်မှုအတွက် တွေ့ဆုံကြတဲ့ အစည်းအဝေးမှာ ဇီလန်စကီးဟာ မဟာမိတ်တွေဆီက အရမ်း လိုလိုလားလား သဘောထားပြောင်းလဲ ခွင့်ပြုလာအောင် ဆွဲဆောင်နိုင်ဟန်တော့ မရှိခဲ့ပါဘူး။

အမေရိကန် ကာကွယ်ရေး ဝန်ကြီး လွိုက်ဒ်အော်စတင်က မဟာမိတ်တွေရဲ့ တာဝေးပစ် စစ်လက်နက်တွေကို ရုရှားပိုင်နက်ထဲမှာ ပိုမို အသုံးပြုခွင့် ပေးလိုက်ရုံနဲ့ စစ်ပွဲအတွက် အလှည့်အပြောင်းကြီးတွေ ဖြစ်လာမယ်လို့ မယုံကြည်ကြောင်း၊ သူဟာ ဒီသဘောထားကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားမှာဖြစ်ကြောင်း အော်စတင်က ဆိုပါတယ်။

အခုသီတင်းပတ်ထဲမှာ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်ပိုမြင့်လာပြီး ယူကရိန်းရဲ့ မြို့တမြို့မှာ လူပေါင်း ၅၀ ကျော် သေဆုံးခဲ့တဲ့ အခြေအနေတွေအပြီး ဇီလန်စကီးက အနောက်နိုင်ငံတွေ ထောက်ပံ့ပေးထားတဲ့ စစ်လက်နက်တွေကို ရုရှားပိုင်နက်ထဲမှာ ပိုမို အသုံးပြုခွင့်ရရေး တွန်းအားပေး တောင်းဆိုလာတာ ဖြစ်ပါတယ်။

ရုရှား မြို့တွေနဲ့ ရုရှားစစ်သားတွေ ကိုယ်တိုင် သူတို့နိုင်ငံ ပိုင်နက်ထဲမှာ ထိခိုက်ခံစားရတာမျိုးတွေ မရှိသေးသ၍ ငြိမ်းချမ်းရေးအတွက် အမှန်တကယ် တောင်းဆိုလာမှာ မဟုတ်ဘူးလို့ ဇီလန်စကီးက ပြောပါတယ်။

လက်ရှိ အခြေအနေမှာတော့ ယူကရိန်းအတွက် စစ်လက်နက်တွေ အဓိက ထောက်ပံ့နေတဲ့ အမေရိကန်ဟာ ယူကရိန်း အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ အခြေအနေမျိုးတွေ အတွက်သာ အမေရိကန်လုပ် တာဝေးပစ် စစ်လက်နက်တွေ အသုံးပြုဖို့ ခွင့်ပြုထားပါတယ်။

ဂျာမနီမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေး အပြီးမှာတော့ အမေရိကန်ဟာ ယူကရိန်းအတွက် ဒေါ်လာ သန်း ၂၅၀ ဖိုး စစ်လက်နက်တွေ ထပ်မံဖြည့်တင်း ပေးပို့မယ်လို့ ကြေညာခဲ့ပြီး အဲဒီထဲမှာ လေယာဉ်ပစ် ဒုံးကျည်တွေနဲ့ လက်နက်ကြီး ယူနစ်တွေလည်း ပါဝင်မယ်လို့ သိရပါတယ်။

 Ref: CNN