စက်တင်ဘာ၊ ၅
မကွေးတိုင်း၊ပခုက္ကူမြို့မြောက်ဘက် ပခုက္ကူလေဆိပ်အနီးက မြောက်လူးကန်ကျေးရွာမှာ ဒီကနေ့ မနက် ၁၁နာရီ ကျော်က စစ်ကောင်စီနဲ့ ဒေသခံ PDF တွေတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ကိုးဦးသေဆုံးကာ PDF ဘက်က နှစ်ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်လို့ Southern YSO PDF တပ်ဖွဲ့ကပြောပါတယ်။
လေဆိပ် အနောက်ဘက် ကပ်လျက်မှာရှိနေတဲ့ မြောက်လူးကန်ကျေးရွာဘုန်းကြီးကျောင်းထဲ အင်အားရာဂဏန်းနဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ်တွေဘက်က စတင်ပစ်ခတ်တိုက်ခိုက်တာလို့ သိရပါတယ်။
“ကျွန်တော်တို့ပစ်လိုက်တဲ့ ေ-ွးတွေက တိုက်ပေါ်ကတောင်မှ ပြုတ်ကျတဲ့အဆင့်၊နှစ်ယောက်လောက်ပြုတ် ကျတယ်၊အပြန်အလှန်ပစ်တယ်၊ေ-ွးကိုးလောက်တော့မျက်မြင်သေတယ်၊ခြောက်ကောင်ကတော့ ပခုက္ကူဆေးရုံကို အားချင်းသယ်သွားတယ်”လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ Southern YSO PDF တပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်းက DNA ကိုပြောပါတယ်။
အဲ့ဒီတိုက်ပွဲကို စခန်းသိမ်းတိုက်ပွဲအနေနဲ့ တိုက်ခိုက်ဖို့ PDF ပူးပေါင်းတပ်တွေဘက်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ တာ ဖြစ်ပေမယ့် တိုက်ပွဲတွင်းအခြေအနေအရ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့လည်းဆိုပါတယ်။ ဆုတ်ခွာခဲ့တဲ့အကြောင်း အရင်းနဲ့ပတ်သက်လို့ DNA ကမေးမြန်းရာမှာစစ်ရေးဗျူဟာအရဆောင်ရွက်ချက်ဖြစ်တယ်လို့ ကိုအောင်မောင်းက ပြောပါတယ်။
Southern YSO PDF၊ ဒေါင်းညီနောင်၊Yesagyo Revolution Group(YRG)၊ဒေါင်းသွေးနီ၊ပြည်သူ့အားမာန်၊King Cobra စတဲ့ ဒေသခံ တော်လှန်ရေးပူးပေါင်းတပ်တွေက နတ်မိချောင်း စစ်ဆင်ရေးအဖြစ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ တာလို့ သိရပါတယ်။
တိုက်ပွဲအတွင်း လက်နက်ခဲယမ်းသိမ်းဆည်းရရှိတာတော့မရှိဘူးလို့ ကိုအောင်မောင်းကပြောပါတယ်။
“တပ်ဘက်က တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းတံတိုင်းကျော်ပြီး အတွင်းထဲဝင်ကောက်မှရမှာလေ ၊တိုက်ပွဲက လည်း ပြင်းထန်နေတဲ့အချိန် သွားကောက်မယ်ဆိုလည်းကျွန်တော်တို့ဒီတိုင်းပဲကျမှာ”လို့သူကပြောပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက် မြောက်လူးကန်ရွာအခြေစိုက် စစ်ကောင်စီတပ်က စစ်ကြောင်းပြန်ထိုးပြီး တုံ့ပြန်တာမျိုး မရှိပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေရှိနိုင်မယ်လို့ ထင်တဲ့နေရာတွေကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုတော့ရှိ နေတယ်လို့ ကိုအောင်မောင်းကဆက်ပြောပါတယ်။
ဒီကနေ့ တိုက်ပွဲဖြစ်ခဲ့တဲ့ မြောက်လူးကန်ကျေးရွာဟာ ပခုက္ကူလေဆိပ်တိုးချဲ့ရေးစီမံကိန်းအတွက်လို့ဆိုကာ စစ် ကောင်စီက ပြီးခဲ့တဲ့နှစ်လလောက်ကစပြီးတပ်စွဲလာတာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာတိမ်းရှောင်နေကြတဲ့ ကျေးရွာဖြစ်တယ်လို့ သိရပါတယ်။
ပခုက္ကူရေစကြိုလမ်းအနောက်ဘက် ပခုက္ကူမြို့နဲ့ နှစ်မိုင်ခွဲဝန်းကျင်လောက်အကွာက ပခုက္ကူလေဆိပ်အနီးမှာ စစ် ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ မကြာမကြာတိုက်ပွဲဖြစ်လေ့ရှိပြီး ပြီးခဲ့တဲ့ မေလအတွင်းကလည်း အဲ့ဒီ လေဆိပ်အနီး ပန်းတိုင်းခြုံရွာမှာ ကင်းလှည့်နေတဲ့ ရဲနဲ့ပျူစောထီးတွေတိုက်ခိုက်ခံရလို့ ခုနစ်ဦးထက်မနည်းသေ ဆုံးခဲ့ပါသေးတယ်။
(ဖြည့်စွက်ချက်)
နောက်ဆက်တွဲစုံစမ်းအတည်ပြုချက်တွေအရ ဒီကနေ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စုစုပေါင်း ၁၇ဦးသေ ဆုံးကာ ခြောက်ဦးဒဏ်ရာရလို့ ဆေးကုသမှုခံယူနေတယ်လို့ Southern YSO PDF တပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်းက DNAကိုထပ်ပြောပါတယ်။