စက်တင်ဘာ၊ ၅
ပြည်တွင်းမှာ အစိုးရ ဆန့်ကျင်ရေး အုံကြွ ဆန္ဒပြပွဲတွေ အရှိန်တက်နေခဲ့ချိန်တုန်းက လုယက်ခံရတဲ့၊ ဒါမှမဟုတ် ပျောက်ဆုံးသွားတဲ့ လက်နက်တွေကို ပြန်လည် ရှာဖွေ သိမ်းယူဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက အပူတပြင်း လုပ်ဆောင်နေပါတယ်။
ဇူလိုင်လတုန်းက ဘင်္ဂလားဒေ့ရှ်မှာ တက္ကသိုလ် ကျောင်းသားတွေ ဦးဆောင်တဲ့ အုံကြွ ဆန္ဒပြမှုတွေကြောင့် ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာဟာ ၁၅ နှစ်ကြာ တာဝန်ယူခဲ့တဲ့ ရာထူးကို စွန့်ခွာပြီး အိန္ဒိယ နိုင်ငံဆီ ကတိုက်ကရိုက် ထွက်ပြေးခဲ့ရပါတယ်။
အဲဒီတုန်းက ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ဟာ ဆန္ဒပြ ကျောင်းသားတွေကို ပစ်ခတ် နှိမ်နင်းပြီး အင်အားသုံး ဖြိုခွင်းခဲ့တာကြောင့် သေဆုံးသူ ရာနဲ့ချီ ရှိခဲ့ပါတယ်။ ဒါ့အပြင် ဆန္ဒပြသူတွေကလည်း ရဲစခန်းတွေကို ဝင်ရောက်စီးနင်း ထိန်းချုပ်ခဲ့ပြီး လက်နက်တွေကို သိမ်းဆည်း ယူဆောင်သွားခဲ့ကြတာပါ။
အခုတော့ ဘင်္ဂလားဒေ့ရှ်မှ ဆန္ဒပြ ကျောင်းသားတွေ တောင်းဆိုတဲ့အတိုင်း နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မူဟာမက် ယူနွတ်စ် ဦးဆောင်တဲ့ ကြားကာလ အစိုးရ တာဝန်ယူထားပြီး အခြေအနေတွေကို အတော်လေး တည်ငြိမ်အောင် ထိန်းချုပ်ထားပြီ ဖြစ်ပါတယ်။
အဲဒီနောက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ ပျောက်ဆုံး လက်နက်တွေ ပြန်ရရေးကို ပိုမို အာရုံစိုက်လာကြပါတယ်။ မူလတုန်းက ယူဆောင်သွားတဲ့ စစ်လက်နက်တွေကို ဘာအရေးယူ အပြစ်ပေးမှုမှ မခံရဘဲ ပြန်လည် အပ်နှံဖို့ အခွင့်အရေး ပေးထားခဲ့ပြီး အဲဒီ သတ်မှတ်ချက် ကာလဟာ စက်တင်ဘာ ၃ ရက်နေ့မှာ ပြီးဆုံးသွားခဲ့ပါတယ်။
အဲဒီအတောအတွင်း လက်နက်ပေါင်းစုံ စုစုပေါင်း ၃၇၀၀ ကျော်လောက်ကို ပြန်လည်လာရောက် အပ်နှံခဲ့ကြတာ ရှိပေမယ့် ရိုင်ဖယ်တွေ၊ ပစ္စတိုတွေ အပါအဝင် လက်နက် ၂၀၀၀ ကျော်လောက် စာရင်းပျောက်နေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ထောင်နဲ့ချီတဲ့ ကျည်ဆန် အမျိုးမျိုး၊ မျက်ရည်ယိုဗုံးနဲ့ အမြင်အာရုံကို ပြာဝေသွားစေတဲ့ အလင်းဗုံးတွေ ရာနဲ့ချီပြီးလည်း ပြန်မရသေးပါဘူး။
အဲဒီ ပျောက်ဆုံး လက်နက်တွေကို သတ်မှတ်ကာလ အတောအတွင်း ရဲစခန်းတွေဆီ လာမအပ်နှံသူတေဟာ လက်နက်တွေကို တရားမဝင် ခိုးယူသိုမှီးထားတယ်လို့ ယူဆရတော့မှာဖြစ်ကြောင်း ရဲတပ်ဖွဲ့ အကြီးတန်း အရာရှိ တဦးဖြစ်တဲ့ အီနာမူလ် ဟာကေ ဆာဂိုက သတိပေးခဲ့ပါတယ်။
လက်နက်တွေ ပြန်လည် ရှာဖွေ သိမ်းဆည်းတဲ့ အစီအစဉ်တွေကို စစ်တပ်၊ ရဲတပ်ဖွဲ့၊ အရန်တပ်တွေ စုပေါင်းပြီး လုပ်ဆောင်နေတာပါ။ ခွင့်ပြုကာလ နောက်ပိုင်း ရှာတွေ့တဲ့ လက်နက်တွေကို သိုမှီးထားသူတွေဟာ ဥပဒေကြောင်းအရ အရေးယူမှုတွေလည်း ကြုံရနိုင်ခြေ ရှိနေပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြပွဲတွေ အရှိန်မြင့်တက်ခဲ့တဲ့ ကာလအတွင်း စုစုပေါင်း သေဆုံးသူ ၆၀၀ ကျော်လောက်ထိ များပြားခဲ့ပြီး အများစုဟာ ရဲတွေက ပစ်ခတ်လို့ သေဆုံးခဲ့တဲ့ တက္ကသိုလ် ကျောင်းသားတွေလို့ သိရပါတယ်။
Ref: CNA