ယူကရိန်း အလယ်ပိုင်းမှာ ရုရှားဒုံးကျည် တိုက်ခိုက်မှုကြောင့် လူငါးဆယ်ကျော် သေဆုံး

စက်တင်ဘာ၊ ၄

ယူကရိန်းနိုင်ငံ အလယ်ပိုင်းက စစ်ရေး ဌာနတခုကို ရုရှားက ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် လူ ၅၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။ 

ပိုလ်တာဗာမြို့မှာရှိတဲ့ ဆက်သွယ်ရေးတပ် စခန်းတခုကို စက်တင်ဘာ ၃ ရက်နေ့တုန်းက ရုရှားဒုံးကျည်နှစ်စင်း ထိမှန်ခဲ့တာ ဖြစ်ပါတယ်။ အစောပိုင်းမှာ အသေအပျောက် ၄၀ ဝန်းကျင်လို့ ကြေညာထားရာကနေ စက်တင်ဘာ ၄ ရက် နေ့လယ်ပိုင်းမှာ ၅၁ ဦးထိ များပြားလာသလို ဒဏ်ရာရသူ ၂၇၁ ဦးထိ စာရင်း ရရှိထားပါတယ်။ ဒါဟာ အခုနှစ်အတွင်း ယူကရိန်းမှာ တိုက်ခိုက်မှု တခုတည်းကြောင့် အသေအပျောက် အများဆုံး ဖြစ်စဉ်အနေနဲ့လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

လူမှုကွန်ရက် မီဒီယာတွေပေါ် ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေမှာတော့ လူငယ်တချို့ဟာ အပျက်အစီးတွေ၊ ဖုံတွေနဲ့ ဖုံးလွှမ်းနေတဲ့ မြေပြင်ပေါ်မှာ လဲကျသေဆုံးနေတာ တွေ့ရပါတယ်။

ဒီတိုက်ခိုက်မှုမျိုးအတွက် ရုရှား လူရမ်းကားတွေဟာ သေချာပေါက် တာဝန်ယူရ၊ ပေးဆပ်ရမယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လူအများအပြား သေဆုံးစေတဲ့ တိုက်ခိုက်မှုကို ရုရှားက ဘာကြောင့် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခဲ့သလဲ ဆိုတဲ့အပေါ် လုံခြုံရေး ရှုထောင့်ကနေ ဆန်းစစ်ဖို့လည်း ဇီလန်စကီးက အမိန့်ပေးထားပါတယ်။

သူက အသေအပျောက် ၅၁ ဦးထိ စာရင်းရထားပေမယ့် အပျက်အစီးတွေအောက်မှာ နောက်ထပ် ပိတ်မိနေသူတွေ ရှိနေသေးတယ် ဆိုတာ သဘောပေါက်ထားကြောင်းလည်း ဆက်ပြောပါတယ်။ လောလောဆယ်မှာတော့ ရနိုင်သမျှကို ကယ်ဖို့ကိုပဲ ဦးစားပေး ကြိုးစားနေတယ်လို့ ဇီလန်စကီးက ဝန်ခံသွားပါတယ်။

ပိုလ်တာဗာ အုပ်ချုပ်ရေးမှူး ဖိလစ် ပရိုနင်က အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူ ဦးရေဟာ နောက်ထပ် အနည်းဆုံး ၁၅ ယောက်လောက် ရှိနိုင်သေးတယ် မှတ်ချက်ပေးထားပါတယ်။

သေဆုံးသူတွေထဲမှာ စစ်မှုထမ်းတွေ ပါဝင်တယ်လို့ ယူကရိန်း ကြည်းတပ်က ပြောပေမယ့် အရေအတွက် အတိအကျကိုတော့ မထုတ်ပြန်ပါဘူး။

ရုရှားဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ယူကရိန်းရဲ့ မြို့ကြီးတွေကို ဒုံးကျည်တွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ အရှိန်အဟုန်မြှင့် လုပ်ဆောင်လာပါတယ်။ အဲဒီအခြေအနေကို တုံ့ပြန်ဖို့အတွက် ဇီလန်စကီးဟာ အနောက်မဟာမိတ် နိုင်ငံတွေဆီကနေ လေကြောင်းကာကွယ်ရေး စနစ်တွေ ပိုမို ထောက်ပံ့ပေးဖို့ တောင်းဆိုထားပါတယ်။

Ref: Reuters