ဖိလစ်ပိုင်မှာ မုန်တိုင်းနဲ့ ဆက်စပ်တဲ့ ရေကြီး မြေပြိုမှုတွေကြောင့် လူတဒါဇင်ကျော် သေဆုံး

စက်တင်ဘာ၊ ၃

မုန်တိုင်းတခုနဲ့ ဆက်စပ်တဲ့ ရေကြီးမှုတွေ၊ မြေပြိုမှုတွေကြောင့် ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းမှာ လူတဒါဇင်ကျော် သေဆုံးခဲ့သလို ကျောင်းတွေနဲ့ ရုံးတွေကိုလည်း ပိတ်ထားရပါတယ်။

အပူပိုင်းမုန်တိုင်း ယာဂီဟာ စက်တင်ဘာ ၂ ရက်နေ့တုန်းက ဖိလစ်ပိုင်နိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ ကာဆီဂူရန် မြို့ကို ကုန်းတွင်းဝင်ရောက် တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ မုန်တိုင်းရဲ့ အရှိန်ဟာ ဖိလစ်ပိုင်ရဲ့ မြို့တော် မနီလာ ဝန်းကျင်ကိုလည်း ထိခိုက် သက်ရောက်စေခဲ့ပြီး ကျောင်းတွေ၊ ရုံးတွေကို ပိတ်ထားဖို့ အာဏာပိုင်တွေက ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

မုန်တိုင်းဟာ ကမ်းရိုးတန်းကို ဝင်ရောက် တိုက်ခတ်ချိန်မှာ ပျမ်းမျှ လေတိုက်နှုန်း တနာရီ ၈၅ ကီလိုမီတာလောက်ထိ ပြင်းထန်နေခဲ့သလို အားအကောင်းဆုံး အချိန်မှာတော့ တနာရီ ၁၀၅ ကီလိုမီတာနှုန်းထိ ရောက်ရှိခဲ့တယ်လို့ ဖိလစ်ပိုင် မိုးလေဝသ အေဂျင်စီက ပြောပါတယ်။

မုန်တိုင်းကြောင့် ဖိလစ်ပိုင် မြောက်ပိုင်း မြေနိမ့်ဒေသတွေမှာ ရေကြီးသလို တောင်စောင်းဒေသတွေမှာ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး စုစုပေါင်း လူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

မနီလာမြို့ အနောက်ဖက် မနီးမဝေးမှာ တည်ရှိတဲ့ အန်တီပိုလိုမြို့မှာလည်း မြေပြိုမှုတွေ ဖြစ်ရာက ကိုယ်ဝန်ဆောင် တဦးအပါအဝင် စုစုပေါင်း ၃ ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ဒေသတွင်းက ကျေးရွာတခုမှာလည်း ရွာဘေးကချောင်း ရေကြီးပြီး ၄ ဦး ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖိလစ်ပိုင် အရှေ့မြောက်ပိုင်းက နာဂါမြို့မှာလည်း နှစ်ဦး ရေနစ်သေဆုံးပြီး နောက်တဦးက ဓာတ်လိုက် သေဆုံးခဲ့ပါတယ်။

အာဏာပိုင်တွေဟာ ကျွန်းစုနိုင်ငံ ဖိလစ်ပိုင်ရဲ့ ပင်မ ကျွန်းကြီးဖြစ်တဲ့ လူဇုန်ရဲ့ အစိတ်အပိုင်း အတော်များများမှာ စက်တင်ဘာ ၁ ရက်နေ့ ကတည်းက မုန်တိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားခဲ့ပါတယ်။

ဖိလစ်ပိုင်ဟာ နှစ်စဉ် တိုင်ဖွန်းအဆင့် အားပြင်းတဲ့ မုန်တိုင်းတွေ အပါအဝင် ပျမ်းမျှ မုန်တိုင်း ၂၀ လောက် တိုက်ခတ်မှုနဲ့ ကြုံရလေ့ ရှိပါတယ်။ ၂၀၁၃ ခုနှစ်တုန်းက နိုင်ငံသမိုင်းမှာ အားအပြင်းဆုံး စာရင်းဝင် တိုင်ဖွန်းတခုဖြစ်တဲ့ ဟိုင်ယန် တိုက်ခတ်ခဲ့တာကြောင့် လူပေါင်း ၇၃၀၀ ကျော် သေဆုံးခဲ့ပြီး လူပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ အဲဒီတုန်းက ဟိုင်ယန်ရဲ့ အရှိန်ကြောင့် တချို့နေရာတွေမှာ ရွာလုံးကျွတ် ပျောက်ကွယ်တဲ့ထိ ပျက်စီးမှုတွေလည်း ကြုံတွေ့ခဲ့ပါတယ်။

Ref: PBS