ဓားစာခံတွေ လွတ်မြောက်ရေး ဦးစားပေး လုပ်ဆောင်ဖို့ အစိုးရကို အစ္စရေး ပြည်သူတွေ ဆန္ဒပြ

စက်တင်ဘာ၊ ၂

ဟားမားစ်တွေ ဖမ်းဆီးထားတဲ့ အစ္စရေး ဓားစာခံတွေထဲက ၆ ဦး အသတ်ခံလိုက်ရတဲ့ ဖြစ်စဉ်အပြီး အစ္စရေးမှာ ဓားစာခံတွေ လွတ်မြောက်ရေး ဦးစားပေး ဆောင်ရွက်ဖို့ အစိုးရကို ဖိအားပေး ဆန္ဒပြမှုတွေ ပေါ်ပေါက်လာပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်တုန်းက ဂါဇာတောင်ပိုင်း၊ ရာဖာမြို့မှာ အစ္စရေး နိုင်ငံသား ဓားစာခံ ၆ ဦးရဲ့ ရုပ်အလောင်းတွေကို ရှာတွေ့ခဲ့ကြောင်း အစ္စရေး စစ်တပ်က အတည်ပြု ကြေညာခဲ့ပါတယ်။ အဲဒီ ဓားစာခံတွေကို ဟားမားစ်တွေက အနီးကပ် သေနတ်နဲ့ တေ့ပစ်ပြီး သတ်ဖြတ်ခဲ့တာလို့ အစ္စရေး ကျန်းမာရေး ဝန်ကြီးဌာနက သေမှုသေခင်း စစ်ဆေးမှုတွေကို ကိုးကားပြီး ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ တဲလ်အဗစ်၊ ဂျေရုဆလင်စတဲ့ အစ္စရေး မြို့ကြီးတွေမှာ စက်တင်ဘာ ၁ ရက်နေ့တုန်းက စုစုပေါင်း လူသိန်းနဲ့ချီ ပါဝင်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာပြီး ဝန်ကြီးချုပ် ဘင်ယာမင် နေတန်ယာဟူ ဦးဆောင်တဲ့ အစိုးရကို ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက လက်ရှိ ဟားမားစ်အဖွဲ့ ဖမ်းဆီးထားဆဲဖြစ်တဲ့ ဓားစာခံ ၁၀၀ ကျော်လောက် လွတ်မြောက်ရေးကို ဦးစားပေး ဆောင်ရွက်ဖို့၊ ဂါဇာမှာ အပစ်အခတ် ရပ်စဲရေး ကိစ္စကို အလေးထား စဉ်းစားဖို့ အစိုးရကို တောင်းဆိုနေပါတယ်။

နေတန်ယာဟူဟာ ဟားမားစ်တွေနဲ့ အပစ်အခတ် ရပ်စဲရေး ကိစ္စအပေါ် ခေါင်းမာမာနဲ့ ဆိုင်းငံ့ထားဆဲ ဖြစ်ပေမယ့် အခုတော့ ဖိအားတွေ အရမ်းတိုးလာနေပါပြီ။ ဟားမားစ်တွေကလည်း အစ္စရေး ဓားစာခံတွေ သေရခြင်းဟာ နေတန်ယာဟူက ညှိနှိုင်းမှုတွေ လက်မခံခြင်းရဲ့ ရလဒ်ဖြစ်ပြီး နေတန်ယာဟူမှာ အဓိက တာဝန်ရှိတယ်လို့ စွပ်စွဲ ဝေဖန်ထားပါတယ်။

နေတန်ယာဟူ ကိုယ်တိုင်ကတော့ ဓားစာခံတွေကို သွေးအေးအေးနဲ့ သတ်ပစ်ခဲ့တဲ့ ဟားမားစ်တွေဟာ ညှိနှိုင်းမှု လမ်းကြောင်းကို လိုလားတယ်ဆိုတာ သူမယုံကြည်ဘူးလို့ ပြောကြားထားပါတယ်။

စက်တင်ဘာ ၁ ရက်နေ့က အစ္စရေးရဲ့ မြို့ကြီးတွေမှာ ချီတက် ဆန္ဒပြခဲ့သူ ဦးရေဟာ ၅ သိန်းလောက်ထိ များပြားခဲ့တယ်လို့ အစ္စရေး မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အစ္စရေး စစ်တပ်ဟာ သေဆုံးသူ ဓားစာခံ ၆ ဦးရဲ့ ရုပ်အလောင်းတွေကို ရာဖာကနေ ပြန်လည် သယ်ယူလာခဲ့ပြီး ဖြစ်တယ်လို့ ပြောပါတယ်။ အောက်တိုဘာ ၇ ရက်နေ့တုန်းက ဟားမားစ်တွေဟာ အစ္စရေး နယ်စပ်ကို အလစ်အငိုက် ဖြတ်ကျော် စီးနင်းခဲ့ပြီး လူပေါင်း ၁၂၀၀ လောက်ကို သတ်ဖြတ်ခဲ့သလို အစ္စရေး ဓားစာခံ ၂၅၀ လောက်ကို ဖမ်းဆီးသွားခဲ့ပါတယ်။ အဲဒီထဲက ဓားစာခံ ၁၀၀ လောက်ဟာ ဟားမားစ်တွေရဲ့ လက်ထဲမှာ ရှိနေဆဲဖြစ်ပြီး သုံးပုံတပုံထက်မနည်း သေဆုံးခဲ့ပြီး ဖြစ်လိမ့်မယ်လို့ အစ္စရေး ထောက်လှမ်းရေးက ခန့်မှန်းထားပါတယ်။

အစ္စရေးနဲ့ ဟားမားစ်တို့ကြား အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုတွေဟာ လပေါင်း တော်တော်များများ ကြာမြင့်တဲ့ထိ မအောင်မြင်ဘဲ ကြန့်ကြာနေခဲ့ပါတယ်။ နေတန်ယာဟူက သူ့ရဲ့ အစိုးရဟာ ဟားမားစ်တွေအပေါ် ရာနှုန်းပြည့် အနိုင်ယူဖို့ မဟာဗျူဟာတွေကို ဦးစားပေး စဉ်းစားနေပြီး ဓားစာခံတွေအရေး ညှိနှိုင်းမှုကိုတောင် လိုအပ်လာရင် ဆိုင်းငံ့ထားမယ် ဆိုတာမျိုး ပြောထားခဲ့ပါတယ်။ စက်တင်ဘာ ၁ ရက်နေ့ ဆန္ဒပြပွဲတွေမှာတော့ လူထုက အပစ်အခတ် ရပ်စဲရေးကို ချက်ချင်းလက်ငင်း အကောင်အထည်ဖော်ဖို့ ဟစ်ကြွေးပြီး တောင်းဆိုခဲ့ကြပါတယ်။

ဂျေရုဆလင်မှာတော့ ငိုယိုနေသူတွေ အပါအဝင် ထောင်နဲ့ချီ များပြားတဲ့ ဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ် နေတန်ယာဟူရဲ့ ရုံးနားမှာ စုဝေးခဲ့ကြတာကို တွေ့ရပါတယ်။ တဲလ်အဗစ်မှာလည်း သေဆုံးသူတွေရဲ့ မိဘဆွေမျိုးတွေ ကိုယ်တိုင် ဦးဆောင်ပြီး ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

နေတန်ယာဟူအတွက် ပိုပြီး ဘေးကျပ်နံကျပ် ဖြစ်စေတာက သေဆုံးသူ ၆ ဦးထဲမှာ အပါအဝင် ဖြစ်တဲ့ အစ္စရေး-အမေရိကန်နွယ်ဖွား တဦးအပါအဝင် စုစုပေါင်း ၃ ယောက်ဟာ ဇူလိုင်လတုန်းက​ ဆွေးနွေးပြီး မအောင်မြင်ခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းမှုမှာ ပြန်လွှတ်ပေးဖို့ အဆိုပြုထားသူတွေ ဖြစ်ခဲ့ခြင်းပါ။ တကယ်လို့ အဲဒီတုန်းက ဆွေးနွေးမှု ရလဒ်တွေ အဆင်ပြေခဲ့မယ်ဆိုရင် အဲဒီ ဓားစာခံတွေဟာ အသက်ရှင် လွတ်မြောက်ခဲ့ပြီး ဖြစ်နေမယ်ဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။

အခုဆိုရင် ၁၁ လနီးပါး ကြာမြင့်လာတဲ့ ဂါဇာစစ်ပွဲတလျှောက် ပါလက်စတိုင်းဖက်မှာလည်း အရပ်သား အများစု အပါအဝင် လူပေါင်း ၄ သောင်းကျော် သေဆုံးခဲ့သလို လူပေါင်း ၂ သန်းကျော် နေရပ်စွန့်ခွာခဲ့ရကြောင်း သိရှိရပါတယ်။

Ref: