ခင်ဦးမှာစစ်ကောင်စီက တမနက်တည်း ဂျက်ဖိုက်တာနဲ့ ကိုးကြိမ်တိုက်ခိုက်၊ ရေဦး၊ ခင်ဦးနဲ့ဒီပဲယင်း ဒေသခံ သောင်းချီတိမ်းရှောင်နေရ

ဩဂုတ် ၊ ၃၁

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ စစ်ကောင်စီက ဒီကနေ့တမနက်တည်းတိုက်ပွဲမရှိတဲ့ရွာတွေကို ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု ကိုး ကြိမ်ပြုလုပ်ခဲ့ပြီး အခုလအတွင်း နေ့စဉ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် ခင်ဦး၊ရေဦးနဲ့ ဒီပဲယင်း မြို့နယ်တွေက ဒေသခံသောင်းချီတိမ်းရှောင်နေရတယ်လို့ ဒေသတွင်းသတင်းရင်း မြစ်တွေဆီကသိရပါတယ်။

“စစ်ရှုံးကောင်စီက  အောက်တန်းကျ လူမဆန်စွာ အပြစ်မဲ့ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ သတ်ဖြတ်ကျူးလွန်နေတာပါ၊ကျွန်တော်တို့ရဲဘော်တွေနဲ့ မြေပြင်မှာ ထိတွေ့မှုဖြစ်တာက ဖြစ်တာပဲ ၊ဘာမှမဆိုင် တဲ့ ပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို စစ်ရေးပစ်မှတ်မှမဟုတ်တာဗျာ”လို့ ရေဦးမြို့နယ်အခြေစိုက် People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က DNAကိုပြောပါတယ်။

စစ်ကော်စီက ဒီကနေ့မနက်ပိုင်းမှာ ခင်ဦးမြို့နယ် မြောက်ခြမ်း ကျေးရွာတွေဘက်ကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေတာလို့သိရပြီး လူနဲ့ အဆောက်အအုံ ထိခိုက်မှုအခြေအနေတွေကိုတော့မသိရ သေးပါဘူး။

စစ်အုပ်စုရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေကတော့ ခင်ဦးနဲ့ ကန့်ဘလူမြို့နယ် ဇီးကုန်းတိုက်နယ်ကြားက မဒေါင်းလှပျူစောထီးကျေးရွာကို တော်လှန်ရေးတပ်တွေက အင်အားအလုံးအရင်းနဲ့တိုက်ခိုက်နေတယ်လို့ ရေးသား ဖော်ပြကြပါတယ်။

အဲ့ဒီလိုတိုက်ခိုက်ဖို့ အတွက် တော်လှန်ရေးအင်အားစုတွေက အနီးပတ်ဝန်းကျင်ကျေးရွာတွေမှာ ခြေကုပ်ယူတာ၊ ဒဏ်ရာရသူတွေကို ဆေးကုသတာတွေရှိနေတာကြောင့် လေကြောင်းကနေတိုက်ခိုက်သင့်တယ်လို့ စစ်အုပ်စု လော်ဘီတွေက လှုံ့ဆော်ရေးသားကြပေမယ့် ကိုထူးခန့်ဇော်ကတော့ တိုက်ပွဲမရှိတဲ့ ဒေသခံတွေနေထိုင်ရာရွာတွေ သာဖြစ်တယ်လို့ ဆိုပါတယ်။

ခင်ဦးနဲ့ ကန့်ဘလူမြို့နယ်အစပ် ခင်ဦးမြို့မြောက်ဘက် ခုနစ်မိုင်ဝန်းကျင်အကွာက မဒေါင်းလှပျူစောထီးကျေးရွာ ကို အခုလလယ်ပိုင်းကတည်းက တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတာရှိပေမယ့် လက်ရှိ တိုက်ပွဲဖြစ်နေတာရှိမရှိကိုတော့ ဒေသခံတော်လှန်ရေးအင်အားစုတွေက DNAကိုအတည်ပြုတာမရှိသေးပါဘူး။

“ကန့်ဘလူဝါသဝရဲ့ လက်အောက်ခံပျူရွာလို့လည်းပြောလို့ရတယ်၊ရွာကကြီးတယ်၊စစ်ကောင်စီဘက်ကတော့ အရေးပါတဲ့ရွာပေါ့ဗျာ၊ပြည်သူတွေအနေနဲ့ကတော့ချဉ်ဖတ်ရွာတရွာပါပဲ”လို့  People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က မဒေါင်းလှရွာနဲ့ပတ်သက်ပြီး ပြောပါတယ်။

စစ်ကောင်စီဟာ အခုလလယ်ပိုင်းကနေ ဒီကနေ့အထိ ခင်ဦးမြို့နယ် အနောက်မြောက်ခြမ်းနဲ့ မြောက်ဘက်ခြမ်းက မဒေါင်းကြီး၊ရွှေကာ၊ဗအိုး၊မုံလှစံပြကျေးရွာ၊စည်ပုတ္တရာ၊သေနပ်စိန်စတဲ့ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှု တွေဆက်တိုက်လုပ်နေတာလို့ People’s Defense Comrade တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။

အဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေအတွင်း အနည်းဆုံးအရပ်သားတဦးသေဆုံးကာ ၁၁ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ People’s Defense Comradeရဲ့ မှတ်တမ်းတွေမှာဖော်ပြထားပါတယ်။

ဒါ့အပြင် ရေဦးနဲ့ ဒီပဲယင်းမြို့နယ်တွေမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားထိခိုက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။စစ်ကောင်စီဟာ မနေ့ ညနေက ရေဦးမြို့နယ် မုတ်ဆီကျေးရွာထဲကို ဒရုန်းနဲ့ ဗုံးသီး ချတိုက်ခိုက်တာကြောင့် ဒေသခံလေးဦးလောက် ထိခိုက်မှုရှိတယ်လို့ ဒေသခံသတင်းရင်း မြစ်တွေက ပြောပါ တယ်။

စစ်ကိုင်းတိုင်းအောက်ပိုင်းက ဒီပဲယင်းမြို့နဲ့ ခင်ဦးမြို့နယ် မြောက်ဘက်ကမဒေါင်းလှပျူစောထီးကျေးရွာတို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ ဩဂုတ် လလယ်ပိုင်းကစလို့ ဒီကနေ့ အထိ ခင်ဦး၊ ရေဦးနဲ့ ဒီပဲယင်းနယ်တွေထဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေတာလို့ဆိုပါတယ်။

မြို့တွင်းက စစ်ကောင်စီတပ်စွဲရာနေရာတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့် နေ့တွင်းချင်းပြန်လည်ဆုတ်ခွာခဲ့ရတဲ့ ဒီပဲယင်းမြို့နယ်မှာလည်း စစ်အုပ်စုက စစ်ကြောင်းထိုးတာ၊မီးရှို့ဖျက်ဆီး တာ တွေအပြင် လေကြောင်းတိုက်ခိုက်မှုလုပ်တာ၊ အင်အားထပ်ဖြည့်တာတွေရှိနေတယ်လို့ ကိုထူးခန့်ဇော်ကပြော ပါတယ်။

“မနေ့ကတရက်တည်း နမခတက် MI-17 လေးစီးနဲ့ အင်အားဖြည့်တင်းတာတွေလုပ်ဆောင်ထားတယ်၊MI-17 လေး စီး ဆင်းသက်နေချိန် MI-35 နဲ့ကျေးရွာတွေပေါ်ပတ်ဝဲပြီး လုံခြုံရေးယူပေးခဲ့တယ်၊ပစ်ခတ်မှုလုပ်မသွားဘူး” လို့ ဒီပဲ ယင်းမြို့နောက်ဆုံးအခြေအနေကို ကိုထူးခန့်ဇော်ကပြောပါတယ်။

လက်ရှိ စစ်ရေးတင်းမာမှုတွေရှိရာ အဲ့ဒီမြို့နယ်တွေက နေရပ်စွန့်ခွာတိမ်းရှောင်နေရတဲ့ ဒေသခံသောင်းချီဟာ ဖြစ်သလို နေထိုင်၊စားသောက်နေကြရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကိုကူညီပေးနေ သူတွေကပြောပါတယ်။