စစ်ကောင်စီက မီတာခတွေ တိုးမြှင့်သတ်မှတ်၊ အမြင့်ဆုံးအိမ်သုံးမီတာခ နှစ်ဆခွဲလောက်မြင့်တက်၊ လုပ်ငန်းသုံး မီတာခ သုံးဆနီးပါးမြင့်တက်

ဩဂုတ်၊ ၃၀

အိမ်သုံးမီတာတွေအပါအဝင် စက်မှု၊စီးပွားရေးလုပ်ငန်းတွေနဲ့တခြား မီတာသုံးစွဲမှုတွေအားလုံးကို စစ်ကောင်စီက တိုးမြှင့်ပြင်ဆင်လိုက်ပြီး အခုပြင်ဆင်လိုက်တဲ့နှုန်းထားတွေအရ အိမ်သုံးမီတာခအများဆုံး ကျပ်သုံးရာ၊လုပ်ငန်းသုံး မီတာခ အများဆုံး ကျပ်ငါးရာအထိ ဖြစ်လာပါတယ်။

အိမ်သုံးမီတာခကို တယူနစ်ကနေ ငါးဆယ်ယူနစ်အထိ ကျပ် ၅၀၊ ယူနစ် ငါးဆယ်ကျော်ကနေ ယူနစ် ၁၀၀အထိ ကျပ် ၁၀၀၊ယူနစ်တရာအထက်ကနေ နှစ်ရာယူနစ်အထိ ကျပ်၁၅၀၊ယူနစ်နှစ်ရာကျော်ရင်တော့ ကျပ် သုံးရာအထိ ကောက်ခံမယ်လို့ စစ်ကောင်စီကပြင်ဆင်လိုက်တာပါ။

NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်မှာ တိုးမြှင့်ပြင်ဆင်ခဲ့ပြီး လက်ရှိအထိကောက်ခံနေတဲ့နှုန်းထားတွေအရ အိမ် သုံးမီတာတွေကို အနိမ့်ဆုံး တယူနစ် ၃၅ကျပ်ကနေ အများဆုံး ၁၂၅ကျပ်အထိ ကောက်ခံနေတာဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီက အိမ်သုံးမီတာအမြင့်ဆုံးနှုန်းထားကို လက်ရှိထက်နှစ်ဆခွဲလောက်အထိ တိုးမြှင့်လိုက်တာ ဖြစ်သလို အရင်က အိမ်သုံးမီတာ တယူနစ်ကနေ ယူနစ်နှစ်ရာအထိ နှုန်းထားခုနစ်မျိုးနဲ့ ပိုင်းခြားသတ်မှတ်ပေးခဲ့ ပေမယ့် လက်ရှိမှာတော့ နှုန်းထားလေးမျိုးသာခွဲခြားပေးထားပါတယ်။

အခုလို မီတာခတွေတိုးမြှင့်လိုက်တာကြောင့် အိမ်သုံးမီတာ ယူနစ် သုံးရာလောက်သုံးစွဲသူတွေအနေနဲ့ ကျပ် ၅၂၅၀၀ အထိ ကျသင့်မှာဖြစ်ပြီး အရင်နှုန်းထားအရဆိုရင်တော့ အဲ့ဒီပမာဏ အိမ်သုံးမီတာယူနစ်သုံးစွဲမှုအတွက် ကျပ် ၃၀,၀၅၀ သာကျသင့်မှာဖြစ်ပါတယ်။

အိမ်သုံးမီတာ ယူနစ်တရာအထိ သုံးစွဲသူတွေဟာ အရင်မီတာခနှုန်းထားဟောင်းအရ ကျပ် ၆၀၅၀သာကျသင့်ပြီး နှုန်းထားသစ်အရ ကျပ်၇၅၀၀၊ ယူနစ် နှစ်ရာအထိ သုံးစွဲသူတွေဟာ အရင်နှုန်းထားနဲ့ ကျပ် ၁၇,၅၅၀ ကျသင့်ရာက အခုနှုန်းထားသစ်အရ ကျပ် ၂၂,၅၀၀အထိ ကျသင့်မှာပါ။

အလားတူ အရင်က သုံးစွဲမှုပမာဏအလိုက်အနိမ့်ဆုံး ၁၂၅ကျပ်ကနေ အမြင့်ဆုံး ကျပ်၁၈၀အထိ နှုန်းထားခုနစ်မျိုးနဲ့ သတ်မှတ်ကောက်ခံခဲ့တဲ့ လုပ်ငန်းသုံးမီတာခကိုလည်း စစ်ကောင်စီက နှုန်းထားသုံးမျိုးသာခွဲခြားကာ အနိမ့်ဆုံး ကျပ် ၂၅၀ကနေ ကျပ် ငါးရာအထိ တိုးမြှင့်လိုက်ပါတယ်။

လုပ်ငန်းသုံးမီတာ တယူနစ်ကနေ ယူနစ် ၅၀၀၀အထိ ကျပ် ၂၅၀၊ယူနစ်ငါးထောင်ကျော်ကနေ ယူနစ်နှစ်သောင်း အထိ ကျပ်လေးရာ၊ယူနစ်နှစ်သောင်းနဲ့အထက်ကိုတော့ ကျပ်ငါးရာကောက်ခံမယ်လို့ စစ်ကောင်စီကပြင်ဆင် သတ်မှတ်ထားတာပါ။

အခုတိုးမြှင့်သတ်မှတ်လိုက်တဲ့ မီတာခ နှုန်းထားသစ်တွေဟာ အခုလကုန် စက်တင်ဘာ ၁ရက် မှာ စတင်အကျိုး သက်ရောက်မယ်လို့လည်း စစ်ကောင်စီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီလက်ထက် နိုင်ငံတဝန်းမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေနဲ့ ဓာတ်အားမတည် ငြိမ်မှုတွေဆိုးဆိုးရွားရွားဖြစ်လာပေမယ့် မီတာခနှုန်းထားတွေကိုတော့ တိုးမြှင့်သတ်မှတ်လိုက်တာလည်း ဖြစ်ပါ တယ်။

လျှပ်စစ်ဓာတ်အားသုံးစွဲသူတွေအတွက် တည်ငြိမ်တဲ့ လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်ဖြန်ဖြူးပေးနိုင်ရေး ဆောင် ရွက်ရာမှာ ဘဏ္ဍာရေးနှစ်အလိုက် ထုတ်လုပ်မှုစရိတ်မြင့်တက်လာတာကြောင့် ဓာတ်အားခနှုန်းထားတွေ ပြင်ဆင် သတ်မှတ်တာဖြစ်တယ်လို့ စစ်ကောင်စီကဆိုပါတယ်။