ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းပေါ်မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ နှစ်ဆယ်ကျော်သေဆုံး

Photo – ပေးပို့

ဩဂုတ် ၃၀

ကရင်ပြည်နယ် ၊ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ – သံဖြူဇရပ် ကားလမ်းပေါ် က အနန်းကွင်း ရွာ မှာ အ ခြေစိုက်တဲ့ဗျုဟာ စခန်းကို စစ်ကူ လာတဲ့ စစ်ကြောင်းကို KNLA ပူးပေါင်းတပ်တွေက မနေ့က ဩဂုတ် ၂၉ မနက်အစောပိုင်းမှာ ကြားဖြတ်တိုက်ခိုက်လို့ နှစ်ဆယ်ကျော်သေဆုံးသွားတယ်လို့  KNLA ပူးပေါင်းတပ် တာဝန်ရှိသူတဦးကDNAကိုပြောပါတယ်။

“ရန်သူစစ်ကြောင်းကို ပစ်ခတ်ချေမှုန်းလိုက်နိုင်တယ်ပေါ့နော်။ ရန်သူစကစ အလောင်းတွေရလိုက်တယ်၊ရလိုက် တာက ကိုးလောင်း” လို့သူကပြောပါတယ်။

ပူးပေါင်းတပ်တွေ ရရှိခဲ့တဲ့ စစ်ကောင်စီရုပ်အလောင်းကိုတော့ ကောင်းကောင်းမွန်မွန် သင်္ဂြိုလ်ပေးလိုက်တယ်လို့ ဆိုပါတယ်။

“သေသွားတဲ့စစ်ကောင်စီတပ်သားတွေရဲ့အလောင်းတွေကို KNLA ပူးပေါင်းတပ်တွေက ဒီတိုင်းပစ်မထားဘဲ နဲ့ ကောင်းမွန်စွာ သင်္ဂြိုလ်ပေးလိုက်တယ်။မြှုပ်နှံပေးလိုက်တယ်လို့ပြောချင်တယ်။သေသွားတဲ့သူတွေကို အခုရက်ပိုင်း အလောင်းပြန်မရလို့ မိသားစုတွေက ခံစားခွင့်မရှိဘူး။မတွေ့ဘူးပြောလို့ မျက်နှာတွေ သေချာဓာတ်ပုံ ရိုက်ပြထားတယ် ။ သေသွားပြီဆိုတာ အတည်ပြုပေးထားတယ်“လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်က အရာရှိအနေနဲ့ ရှေ့တန်းမှာ ကျသွားတဲ့တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေကိုသေဆုံးကြောင်း အသိမပေးပဲ စစ်တန်းလျားက နှင်ထုတ်တာတွေရှိနေတာကြောင့် ဒီကနေ့တိုက်ပွဲမှာ ကျသွားတဲ့ အလောင်းတွေရဲ့ မျက်နှာတွေသေချာဓာတ်ပုံရိုက်ပြထားတယ်လို့ KNLA ပူးပေါင်းတပ်က တာဝန်ရှိကပြောပါတယ်။

စကခ ၁၉ လက်အောက်ခံ ခမရ၅၈၃ နဲ့ ခမရ ၅၈၇ တို့က ပူးပေါင်း အင်အား ၁၀၀ နီးပါးနဲ့စစ်ကူ လာတဲ့အဲဒီစစ် ကြောင်းကို  KNLA ပူးပေါင်းတပ်တွေက အနန်းကွင်းစခန်းနားက ခွန်နှစ်ဝါ ကျေးရွာနားမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်ချိန် ၄၅ မိနစ်နီးပါးကြာခဲ့တဲ့နောက် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူပေး လာတာကြောင့် ပူးပေါင်းတပ်တွေပြန်ဆုတ်ခဲ့ရတယ်လို့ဆိုပါတယ်။တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်တွေဘက်က ရဲဘော်နှစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့လည်းသိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီစစ်ကြောင်းကလည်း ရေးမြို့ထဲ ပြန်လည်ဆုတ်ခွာသွားကာ ဒေသတွင်းမှာ လက်ရှိ အချိန်ထိ စစ်ရေးတင်းမာနေဆဲပဲလို့ KNLA ပူးပေါင်းတပ် တာဝန်ရှိသူက ပြောပါတယ်။

KNU တပ်မဟာ (၆ )စစ်ရေးလှုပ်ရှားရာနယ်မြေမှာရှိတဲ့ အနန်းကွင်းဗျုဟာစခန်းကို အခုလ ဒုတိယပတ်ကစ တင်ကာ KNLA နဲ့ပူးပေါင်းတပ်တွေဟာ ဝန်းရံ ပိတ်ဆို့တိုက်ခိုက်နေတာပါ။

အဲဒီစခန်းဟာ မွန်ပြည်နယ် ၊ မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ဗျုဟာစခန်းဖြစ်ပြီး ဘုရားသုံးဆူ – သံဖြူဇရပ် လမ်းပိုင်းကိုစိုးမိုးထားတဲ့ စခန်းဖြစ်ပါတယ်။

ဘုရားသုံးဆူ – သံဖြူဇရပ်လမ်းပိုင်းဟာ စစ်ရေးအရ အရေးပါတာကြောင့် KNU ဦးစီးတဲ့ ပူးပေါင်းတပ်က အနန်းကွင်း ဗျူဟာကို တိုက်ခိုက်နေတာဖြစ်တယ်လို့ ပူးပေါင်းတပ် တာဝန်ရှိသူကဆိုပါတယ်။

စစ်ကောင်စီကလည်း အဲဒီဗျုူဟာ စခန်း လက်မလွှတ်ရဖို့ လေကြောင်းကနေ တိုက်ခိုက်နေသလို သံဖြူဇရပ်မြို့၊ စစ်ကောင်စီတပ်ရင်းတွေကနေလည်းလက်နက်ကြီးပစ်ခတ်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။

တိုက်ပွဲကာလတလျှောက် လေကြောင်းလက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် အနန်းကွင်းကျေးရွာတရွာလုံးနီး ပါးပျက်စီးခဲ့ပြီး ဒေသခံထောင်ချီ ဘေးလွတ်ရာကို တိမ်းရှောင်နေရကာ ထိခိုက်မှုတွေနဲ့ သေဆုံးမှုတွေလည်း ရှိနေပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်  ၊ ရဲတံခွန်၊ သက္ကော၊ လွတ်ရှမ်း၊ အနန်းကွင်းနဲ့ အနီးတဝိုက်ရှိကျေးရွာတွေက အမျိုးသမီးနဲ့ ကလေးအပါအဝင် ဒေသခံခြောက်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မွန်ပြည်နယ်သတင်းတွေကို ဖော်ပြပေးနေတဲ့ လွတ်လပ်သောမွန်သတင်း အေဂျင်စီက ရေးသားထားပါတယ်။

သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပိုင်းပေါ်က စစ်ကောင်စီတပ်ရဲ့ အမှတ် ၂၈၄ ခြေလျင်တပ်ရင်း (ခလရ) တောင်စွန်း စခန်းကို KNLA/PDF ပူးပေါင်းတပ်တွေ ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် အနန်းကွင်းဗျူဟာကို ဆက်လက် ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

တောင်စွန်းစခန်းဟာ လက်ရှိ KNLA တပ်တွေထိုးစစ်ဆင်နေတဲ့ အနန်းကွင်း ဗျုဟာတပ်စခန်းနဲ့ ကိုးမိုင်သာ ဝေးပါတယ်။