အာဆီယံရဲ့ တည်ငြိမ်မှုကို အနှောင့်အယှက် အပေးဆုံးက တရုတ်ဖြစ်တယ်လို့ ဖိလစ်ပိုင် စွပ်စွဲ

ဩဂုတ်၊ ၂၇

အရှေ့တောင်အာရှ (အာဆီယံ) ဒေသတွင်း တည်ငြိမ်မှုကို အနှောင့်အယှက် အပေးဆုံး အင်အားစုဟာ တရုတ်သာ ဖြစ်တယ်လို့ ဖိလစ်ပိုင်က စွပ်စွဲ ပြောကြားလိုက်ပါတယ်။

တောင်တရုတ်ပင်လယ် ရေပြင်မှာ သန္တာကျောက်တန်းတွေ၊ ကျွန်းစုတွေ ထိန်းချုပ်ခွင့်အပေါ် အကြောင်းပြုပြီး ပြီးခဲ့တ့ လပိုင်းတွမှာ တရုတ်နဲ့ ဖိလစ်ပိုင်ကြား တင်းမာမှုတွေ ပိုမို မြင့်တက်ခဲ့ပါတယ်။

ဖိလစ်ပိုင်ရဲ့ အမျိုးသား ကာကွယ်ရေးဌာန အကြီးအကဲ ဂီလ်ဘာတို တီယိုဒိုရိုကတော့ တကယ်တမ်း ဒေသတွင်းမှာ ပြဿနာတွေ ဖြစ်လာအောင် အများဆုံး မွှေနေတာဟာ တရုတ်သာ ဖြစ်တယ်လို့ စွပ်စွဲ ပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၁၂ လတာအတွင်း တောင်တရုတ်ပင်လယ် ရေပြင်မှာ တရုတ်နဲ့ ဖိလစ်ပိုင် ကမ်းခြေစောင့် ရေယာဉ်တွေ ထိပ်တိုက်ငြိတဲ့ ပြဿနာတွေ မကြာခဏ ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး သူအက အခုလို ဝေဖန်ခဲ့တာပါ။

တရုတ်ဟာ တောင်တရုတ်ပင်လယ် ရေပြင်ဧရိယာ တခုလုံးနီးပါးကို ပိုင်နက်အဖြစ် သတ်မှတ် ကြေညာထားတာကြောင့် ဖိလစ်ပိုင်သာ မကဘဲ တခြားသော ဒေသတွင်း နိုင်ငံတွေနဲ့ပါ အငြင်းအခံတွေ ဖြစ်နေပါတယ်။

အာဆီယံမှာတော့ ပြဿနာ အရှာဆုံး အနှောင့်အယှက် ပေးနေတာဟာ တရုတ်သာ ဖြစ်တယ်လို့ အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ် စစ်ဦးစီးဌာန အစည်းအဝေး တခုကို တက်ရောက်ချိန်မှာ တီယိုဒိုရိုက ပြောကြားခဲ့ပါတယ်။

သူက တရုတ်ရဲ့ တရားလက်မဲ့ အပြုအမူတွေကို လုံးဝဥဿုံ ရပ်တန့်သွားမယ့် အခြေအနေ ရောက်တဲ့ထိ နိုင်ငံအသီးသီးက စုပေါင်း ဖိအားပေး တောင့်ခံကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

တရုတ်ရဲ့ လုပ်ရပ်တွေကို ဆန့်ကျင်ဖို့အတွက် စည်းလုံးမှု၊ တစုတစည်းတည်း တသံတည်းထွက်မှုတွေ လိုအပ်လိမ့်မယ်လို့ သူက ဆိုပါတယ်။ ဖိလစ်ပိုင်နဲ့ ဒေသတွင်း နိုင်ငံတွေဟာ ကိုယ့်ထက် အင်အားသာလွန်တဲ့ ပြိုင်ဘက်ကို ရင်ဆိုင်နေရတာ ဖြစ်တယ်လို့လည်း တီယိုဒိုရိုက ဆက်ပြောပါတယ်။

တရုတ်က ရေပိုင်နက် အငြင်းပွားရာ ဆာဘီနာ ကမ်းဝေးသောင်ခုံကျွန်း ဧရိယာနား ချဉ်းကပ်လာတဲ့ ဖိလစ်ပိုင် ကမ်းခြေစောင့် လှေနှစ်စီးကို လိုအပ်တဲ့ တုံ့ပြန်မှုတွေနဲ့ သတိပေးခဲ့တယ်လို့ ကြေညာပြီး ရက်ပိုင်းအကြာမှာ တီယိုဒိုရိုက အခုလို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

တကယ်တမ်းမှာတော့ အဲဒီ သောင်ခုံကျွန်းဟာ ဖိလစ်ပိုင်ရဲ့ ပါလာဝမ်ကျွန်း အနောက်ဖက် ၁၄၀ ကီလိုမီတာလောက်သာ ကွာဝေးတဲ့ နေရာမှာ တည်ရှိပြီး အနီးဆုံး တရုတ်နယ်မြေလို့ ဆိုရမယ့် ဟိုင်နန်ကျွန်းကနေ ကီလိုမီတာ ၁၂၀၀ ကျော် ကွာလှမ်းနေပါတယ်။

Ref: CNA