တကောင်းမြို့က တပ်ထောက်ခံသူတွေကို တစ်အိမ်တက်၊ တစ်အိမ်ဆင်း လိုက်လံသတ်ဖြတ်နေတယ်ဆိုတဲ့ သတင်းအမှား

ဩဂုတ်၊ ၂၁။

 

တကောင်းမြို့မှာ တပ်ထောက်ခံသူတွေကို တအိမ်တက်ဆင်းပြီး လိုက်လံသတ်ဖြတ်နေတယ်လို့ ရေးသားထားတဲ့ ဝါဒဖြန့်သတင်းမှား ပို့စ်တွေ လူမှုကွန်ရက်စာမျက်နှာ မှာ ပျံ့နှံ့နေပါတယ်။

အဲ့ဒီ သတင်းအမှားကို  Subscribers ၂၆,၀၀၀ ကျော်ရှိတဲ့  ကျွန်းလှ မီးအိမ်ရှင် “  ချန်နယ်ကနေ ဩဂုတ်လ ၁၆ ရက်၊ မနက် ၉နာရီမှာ “ တကောင်းမြို့အခြေအနေ တော်တော်ဆိုးပါတယ် တမြို့လုံးက တပ်ထောက်ခံတွေကို တစ်အိမ်တက်ဆင်းအကုန်လိုက်သတ်တာပါ။ တကောင်းတမြို့လုံးဗုံးကြဲပါ။” (မူရင်ရေးသားမှုအတိုင်း)  အကြောင်းအရာကို စတင်ပြီးဖြန့်ဝေပျံ့နှံ့ခဲ့တာပါ။

 

ဖြန့်ဝေခဲ့သတင်းကို ကြည့်ရှုသူ ၃၂,၀၀၀ ဝန်းကျင်၊ Share ၄၄ ၊  Reaction  ၅၁၃ဦးအထိရှိခဲ့ပြီး Ye’ Ba Nyein နဲ့ အောင်စစ်သည် ချန်နယ်တွေအပြင် အခြားချန်နယ်တွေမှာလည်းဖြန့်ဝေထားတာကို တွေ့ရပြီး ပြန့်နှံ့မှု အားကောင်းနေတာပါ။

 

အလားတူ ဖောင်းကားစားဖိုးကဲ(တကက)ချန်နယ်ကလည်း “တကောင်းမြို့ အခြေနေ ကြားရတာ စိတ်မကောင်းစရာပါ စစ်ကို နိုင်အောင် တိုက်ပေးကြပါလို့ပြည်သူလူထု က တောင်းဆိုကြတာဟာ နိုင်ငံ့တပ်မတော် စစ်နိုင်ခဲ့ရင် ပြည်သူလူထု စံစားရမယ် တပ်မတော် စစ်မနိုင်ခဲ့တဲ့ အကျိုးဆက် တကောင်းမြို့ပေါ်မှာ တအိမ် တက်ဆင်း PDFက လိုက်လံ သတ်ဖြတ်နေတဲ့ အခြေနေပါ” ဆိုပြီးရေးသားဖြန့်ဝေထားတာမျိုးလည်းရှိနေပြီး ပျံ့နှံ့မှု အားကောင်းနေတာပါ။

 

 

 

အဲ့ဒီ့ပျံ့နှံ့နေတဲ့သတင်းနဲ့ပတ်သက်လို့ Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check နဲ့ kantarawaddy Times Fact Check Team ကနေ စိစစ်ကြည့်တဲ့အခါမှာ သတင်းအမှားဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ရပါတယ်။

 

သတင်းစိစစ်ချက် 

 

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့်ပတ်သက်၍ အချက်အလက်မှန် မမှန် သိရှိရန် Facebook ၊ Google စာမျက်နှာမှာ “တကောင်းမြို့” ဆိုသည့် စာသား( Keyword) ဖြင့် ရှာဖွေကြည့်ရာ ယနေ့အထိ တယ်လီဂရန်ချန်နယ်တွေမှာ ဖော်ပြထားသလို အကြောင်းအရာမျိုးမတွေ့ရဘဲ “ တကောင်းမြို့ကို NUGတပ်များ သိမ်းပိုက်ရရှိ၊ တကောင်းမြို့သိမ်းတိုက်ပွဲမှာ ဒုဗိုလ်မှူးကြီးအဆင့် အပါအဝင် စစ်အုပ်စု ၂၀ ဦးကို အရှင်လက်ရဖမ်းမိ” စတဲ့ သတင်းခေါင်းစဉ်တွေကိုသာ တွေ့ရပါတယ်။

The Irrawaddy ကနေ ၂၀၂၄  ဩဂုတ်လ ၁၃ရက်မှာရေးသားထားတဲ့  တကောင်းမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့ သတင်းလင့်ခ်ကို ဒီမှာ ဖတ်ရှုပါ။

“မြို့သိမ်းတိုက်ပွဲဖြစ်လာချိန်တွင် ဒေသခံများမှာ မြစ်အနောက်ဘက်ကမ်းအပါအဝင် ဘေးလွတ်ရာနေရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်၊ ယခုအခါ ဒေသခံအများစုမှာ အချိန်မရွေး  ဖြစ်လာနိုင်သည့် လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြောင့် နေရပ်မပြန်ရဲသေးဟု ဆိုသည်။” Myanmar Now က ဩဂုတ်၊ ၁၃ရက်က ရေးသားထားတဲ့ သတင်းမှာ ဒေသခံအများစု စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နေရပ်မပြန်နိုင်သေးဘူးလို့ ရေးသားထားပါတယ်။

“တကောင်းမှာ မိသားစုတော့ ရှိပေမယ့် မိသားစုက အခု အိမ်ကိုပြန်မနေရသေးဘူးရှင့်၊  မြို့ပေါ်ပြန်နေလို့ မရသေးဘူးပြောတယ်ရှင့်၊ အခုလောလောဆယ်တော့ အိမ်နဲ့လည်းအဆက်အသွယ်က ဖုန်းလိုင်းတွေမရတော့ ဆက်သွယ်လို့မရဘူးရှင့်”လို့  တကောင်းမှာ မိသားစုရှိသူ အမျိုးသမီးက MFCN ကိုပြောပါတယ်။

တကောင်းမြို့ကို ဩဂုတ်လ ၁၁ ရက်နေ့ မနက်ပိုင်းမှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖက်က အကျအဆုံးများကြောင်း ၊ လက်နက် ခဲယမ်း မျိုးစုံ သိမ်းဆည်းရမိကြောင်း သတင်းတွေမှာ တွေ့ရှိရသလို စစ်အင်အားရှုံးနေတဲ့ စစ်ကောင်စီတပ်က လေကြောင်းကနေ တန်ပြန်တိုက်ခိုက်ခဲ့တဲ့ဆိုတဲ့အကြောင်းကို DVB ကရေးသားထားတာကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။

တကောင်းမြို့သိမ်းတိုက်ပွဲအပြီး မြို့သိမ်းတိုက်ပွဲဆင်နွဲနေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကိုလည်း ဒေသခံပြည်သူတွေက သပြေပန်းနဲ့ ကြိုဆိုကြတဲ့ ရုပ်သံမှတ်တမ်းတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြခဲ့ကြတာကို DNA က ရေးသားထားတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

ဝေဟင်ရော မြေပြင်မှာပါ စစ်ရေးနိမ့်နေတဲ့  စစ်ကောင်စီတပ်က ဩဂုတ်လ ၁၉ ရက်နေ့မှာ တကောင်းမြို့အခြေအနေနဲ့ဆက်စပ်ပြီး ထပ်မံဝါဒဖြန့်လာတာကို တွေ့ရပါတယ်။

ဒါ့အပြင် လွတ်လပ်ပြီး အမှီခိုကင်းတဲ့သတင်းဌာနတွေမှာလည်း ဒီလို လိုက်လံသတ်ဖြတ်နေတဲ့ သတင်းမျိုးကို ဖော်ပြထားတာမျိုးကိုလည်း မတွေ့ရပါဘူး။

 

ဒါ့အပြင် စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေက တော်လှန်ရေး အင်းအားစုတွေ သိမ်းဆည်းထားတဲ့ မြို့ရွာတွေကိုလည်း လေကြောင်းဖြင့် ဗုံးကြဲခိုက်တိုက်ဖို့ ဆက်တိုက်လှုံဆော် ရေးသားထားတာကိုလည်း စစ်ဆေးတွေ့ရှိရပါတယ်။

 

 

သုံးသပ်ချက်

 

တကောင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲအဖြစ် ဝင်ရောက်တိုက်ခိုက်တဲ့ဖြစ်စဉ်မှာ မှန်ကန်ပါတယ်။ တကောင်းမြို့သိမ်းအပြီး  အရပ်သားတွေကို ပစ်ခတ်သတ်ဖြတ်ပြီး နေအိမ်ကို မီးရှို့ဖျက်ဆီးတာ ၊ တပ်ထောက်ခံသူတွေကို တအိမ်တက်၊ တအိမ်ဆင်း သတ်ဖြတ်တယ်ဆိုတဲ့ အကြောင်းအရာက မှားယွင်နေပါတယ်။

 

တကောင်းမြို့နဲ့ပတ်သက်ပြီး စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေက အကြောင်းအရာ အမျိုးမျိုးနဲ့ သတင်းအမှား ဖြန့်နေတာကိုလည်း တွေ့ရပါတယ်။ တကောင်းမြို့နဲ့ ပတ်သက်ပြီး သတင်းအမှား စိစစ်ထားတာတွေကို ဒီလင့်ခ်တွေ (https://rb.gy/p19v8b) မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

 

ဒါ့အပြင်  ပြည်သူ့ကာကွယ်ရေးတပ်က တကောင်းမြို့ကို ထိန်းချုပ်ထားဆဲဖြစ်ပြီး စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ ရေသားဖော်ပြချက်တွေဟာ စာအရေးအသားသာဖြစ်ပြီး မူရင်းဓါတ်ပုံ ၊ ကျူးလွန်တယ်ဆိုတဲ့ အထောက်အထားတွေကိုတော့ ဖော်ပြထားတာမျိုး မရှိတာ တွေ့ရပါတယ်။

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေက “တကောင်းမြို့က တပ်ထောက်ခံသူတွေကို တအိမ်တက်၊ ဆင်းပြီး လိုက်သတ်တယ်ဆိုတဲ့” အကြောင်းအရာ ဟာ လုပ်ကြံဖန်တီးရေးသားထားတဲ့ သတင်းအမှားဖြစ်ပါတယ်။

 

 

သတင်းတု၊ သတင်းအမှားတွေနဲ့ပတ်သက်ပြီး အချက်အလက်စစ်ဆေးလိုတာရှိရင် Myanmar Fact-checking Network (MFCN) က အချက်အလက်စစ်ဆေးပေးတဲ့အဖွဲ့တွေ၊ သတင်းဌာနတွေကို ဆက်သွယ်ပြီး စစ်ဆေးပေးဖို့ အကူအညီတောင်းခံနိုင်ပါတယ်။

 

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check Team ကို ဒီနေရာ (dnafactcheck@gmail.com)ကနေဝင်ရောက်ဆက်သွယ်မေးမြန်းအကြံပြုဖို့လည်းဖိတ်ခေါ် အပ်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဤနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

 

Web Link – Link

 

Fb  Link – Link