ပအိုဝ်းစစ်ရှောင်သုံးသောင်းဝန်းကျင် တောတောင်ထဲနေထိုင်ရပြီး အကူအညီလိုအပ်နေ၊ စစ်အုပ်စုက စားသောက် ကုန်သယ်ယူခွင့်ပိတ်ပင်ထား

ဩဂုတ် ၊ ၂၄

ပအိုဝ်းဒေသအတွင်း တိုက်ပွဲတွေနဲ့ စစ်ကောင်စီဘက်က စစ်ကြောင်းထိုး၊မီးရှို့သတ်ဖြတ်တာ၊ခြိမ်းခြောက်ဖမ်းဆီး တာတွေကြောင့် ဒေသခံတသိန်းထက်မနည်းနေရပ်စွန့်ခွာနေကြရပြီး သုံးသောင်းဝန်းကျင်ကတော့ တောထောင်ထဲဖြစ်သလို နေထိုင်ရတာကြောင့် အကူအညီတွေလိုအပ်နေတယ်လို့ PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက DNAကိုပြောပါတယ်။

“ဘုန်းကြီးကျောင်း၊တောတောင်ထဲလှိုဏ်ဂူတွေထဲ၊သစ်ပင်အောက်၊အဆင်ပြေသလိုနေရတဲ့လူတွေရှိတယ်၊စစ်ဘေးရှောင်စခန်းလည်းမနေရ၊ဘုန်းကြီးကျောင်းလည်းမနေရ၊တောတောင်ထဲမှာနေရတာကတော့ သုံးသောင်းလောက် ရှိနိုင်တယ်”လို့သူကပြောပါတယ်။

အဲ့ဒီစစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့အမိုးအကာအကူအညီတွေ အရေးပေါ်လိုအပ်နေတာကြောင့် ပြည်တွင်း၊ပြည်ပနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ကူညီပေးကြဖို့လည်း ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးတပ်မတော် PNLA က ဒီကနေ့ ထုတ်ပြန်တောင်းဆိုထားပါတယ်။

လက်ရှိ ဩဂုတ်လအတွင်းမှာတော့ စစ်ကောင်စီရဲ့ လေကြောင်း၊လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် ပအိုဝ်းပြည်သူ သုံးထောင်ကျော်တောထောင်ထဲ  ထပ်မံထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့လည်း PNLA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“စားဝတ်နေရေး၊နေရာထိုင်ခင်းတွေကအရေးပေါ်လိုအပ်နေတာ၊ဒါတွေကိုပြည်တွင်း၊ပြည်ပ ပအိုဝ်းအဖွဲ့ အစည်း များ၊နိုင်ငံတကာ အဖွဲ့အစည်းများက လျစ်လျှူရှုမထားဘဲအားလုံးဝိုင်းဝန်းကူညီကြဖို့လိုပါတယ်”လို့ PNLA ပြော ရေးဆိုခွင့်ရှိ ခွန်ရိန်းယံကပြောပါတယ်။

စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်တွေက ဆီဆိုင်မြို့နယ် အရှေ့ဘက်ဒေသတွေဆီ ဆန်၊ဆီ၊ဆားစတဲ့ စားသောက်ကုန်တွေအပါအဝင် လူသုံးကုန်၊လယ်ယာသုံးကုန်စည်တွေကို သယ်ယူခွင့်ပိတ်ပင်ထားသလို ကျပ်ငါးရာနဲ့ အထက်တန်ဖိုးရှိတဲ့ ပစ္စည်းမှန်သမျှကိုသယ်ယူတာနဲ့ သိမ်းဆည်းတာတွေလုပ်နေတယ်လို့လည်းဆိုပါတယ်။

ဒီလိုပိတ်ပင်တားမြစ်၊သိမ်းဆည်းမှုတွေလုပ်နေတာဟာ ပအိုဝ်းပြည်သူတွေကို အငတ်ဘေးကြုံတွေ့ရအောင် လုပ် နေတာလို့လည်း PNLA ကဝေဖန်ထားပါတယ်။၂၀၂၁ အာဏာသိမ်းပြီးနောက် သုံးနှစ်ဝန်းကျင်အထိ တည်ငြိမ်နေ ခဲ့တဲ့ ပအိုဝ်းဒေသအတွင်းမှာ အခုနှစ်ဆန်းပိုင်းကစလို့ စစ်ကောင်စီနဲ့တော်လှန်ရေးတပ်တွေ တိုက်ပွဲတွေဖြစ်လာ ကြတာပါ။

တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ ဆီဆိုင်မြို့နယ်အတွင်းတိုက်ပွဲစတင်ပြင်းထန်ခဲ့ရာကနေ လက်ရှိမှာတော့ ပအိုဝ်းဒေသတခုလုံးနီးပါးမှာ နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်ကောင်စီဘက်က လေကြောင်း၊လက်နက်ကြီးပစ်ခတ်မှုတွေ ရှိနေတာဖြစ်ပါတယ်။

လက်ရှိ ဩဂုတ်လ သုံးပတ်တာကာလအတွင်းမှာတော့ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေက ပအိုဝ်းကျေးရွာ တွေထဲ စစ်ကြောင်းထိုး ပစ်ခတ်ဖျက်ဆီးမှုတွေလုပ်လာတာကြောင့် နှစ်ဖက်တိုက်ပွဲ ၁၄ကြိမ်ဖြစ်ခဲ့တယ်လို့ PNLA ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အဲ့ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၄၈ဦးသေဆုံးကာ မျက်မြင်အလောင်း ၃၁လောင်းတွေ့ရှိရပြီး PNLA က သင်္ဂြိုလ်ပေးခဲ့ရတယ်လို့ဆိုပါတယ်။တိုက်ပွဲအတွင်းသေဆုံးသူတွေဟာ ဆီဆိုင်မြို့အခြေစိုက် ခမရ ၄၂၃နဲ့ ၄၂၄ တို့ကတပ်ဖွဲ့ဝင်တွေနဲ့PNO တပ်ဖွဲ့ဝင်တွေဖြစ်ပြီး ဖမ်းမိသူတွေရဲ့ထွက်ဆိုချက်အရ လက်ရှိပအိုဝ်းဒေသ အတွင်း တိုက်ပွဲတွေမှာ တပ်သားသစ်တွေအများစုပါဝင်နေကြောင်းသိရတယ်လို့ ခွန်ရိန်းယံကပြောပါတယ်။

ဒါ့အပြင် နှစ်ဖက်တိုက်ပွဲတွေကနေ လက်နက်ငယ် ၁၄လက်၊၆၀မမ ပြောင်းတိုတလက်နဲ့ ဒရုန်းနှစ်စင်းသိမ်းဆည်း ရရှိတယ်လို့လည်းသိရပါတယ်။

“လက်ရှိအနေအထားကတော့ တိုက်ပွဲဖြစ်ပွားနေဆဲ”လို့ ခွန်ရိန်းယံကပြောပါတယ်။

စစ်ကောင်စီက ပေါင်သုံးရာ၊ပေါင်းငါးရာဗုံးတွေအပါအဝင် ဆီဆိုင်မြို့နယ်အတွင်း လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှု အကြိမ်တရာကျော်ပြုလုပ်ခဲ့တာကြောင့် ဒေသခံနှစ်ဦးသေဆုံးကာ အသက်သုံးနှစ်အရွယ်ကလေးတဦး အပါအဝင် ဒေသခံလေးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ PNLA ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဒါ့အပြင် ဆီဆိုင်ဒေသခံ သုံးဦးကိုလည်း PNO ပြည်သူ့စစ်အဖွဲ့က PDF တပ်ဖွဲ့ဝင်တွေအဖြစ် စွပ်စွဲဖမ်းဆီးကာ နှစ် ဦးကို ပစ်သတ်ခဲ့ပြီး ဖမ်းဆီးရာမှာပါဝင်တဲ့ PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်နဲ့ယောက်ဖတော်စပ်သူတဦးကိုတော့တပ် သားသစ်အဖြစ် အဓမ္မစုဆောင်းသွားတယ်လို့ဆိုပါတယ်။

“လက်နက်ကိုင်ထားတဲ့ ပအိုဝ်းအဖွဲ့အစည်းမှန်သမျှ ပအိုဝ်းနယ်မြေထဲမှာနေပြီး ပအိုဝ်းပြည်သူတွေရဲ့ မြေတွေကို သိမ်း၊ရွာတွေကိုဖျက်ဆီးနေတဲ့ စစ်အာဏာရှင်စနစ်ကိုစုပေါင်းတိုက်ထုတ်ဖို့ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်PNLAနဲ့ပူးပေါင်းပါဝင်ကြပါလို့တိုက်တွန်းလိုပါတယ်”လို့ ခွန်ရိန်းယံက ပြောပါတယ်။

Photo – PNLA