စစ်ပွဲကို အဆုံးသတ်ဖို့ ရုရှားနဲ့ ဆွေးနွေးမှုလုပ်သင့်ကြောင်း ယူကရိန်း သမ္မတကို မိုဒီ တိုက်တွန်း

ဩဂုတ် ၊ ၂၄

စစ်ပွဲကို အပြီးသတ် ရပ်ဆိုင်းနိုင်ရေးအတွက် ရုရှားနဲ့ လက်တွေ့ကျတဲ့ ဆွေးနွေးမှုတွေ အစပြုဖို့ ယူကရိန်း သမ္မတကို အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက တိုက်တွန်း ပြောကြားလိုက်ပါတယ်။

မိုဒီဟာ ဩဂုတ် ၂၃ ရက်နေ့က ယူကရိန်းရဲ့မြို့တော် ကိယက်ဗ်ကို ရောက်ရှိလာပြီး သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံခဲ့တာပါ။ ဒါဟာ ဆိုဗီယက် ပြည်ထောင်စုကနေ ယူကရိန်းနိုင်ငံ ခွဲထွက် ရပ်တည်လာတဲ့ ကာလတလျှောက် အိန္ဒိယ ဝန်ကြီးချုပ် တဦးရဲ့ ပထမဆုံး အလည်အပတ် ခရီးစဉ်လည်း ဖြစ်လာပါတယ်။

ပြီးခဲ့တဲ့လက မော်စကိုမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့လည်း တွေ့ဆုံခဲ့ပြီးဖြစ်တဲ့ မိုဒီက ဇီလန်စကီး အနေနဲ့ စစ်ရပ်ဆိုင်းရေးအတွက် မျက်နှာစုံညီ ဆွေးနွေးမှု ကဏ္ဍကို လေးလေးနက်နက် စဉ်းစားစေလိုတယ်လို့ ပြောကြားခဲ့ပါတယ်။

စစ်ပွဲကို အဆုံးသတ်ဖို့ ဆိုတာဟာ ဆွေးနွေးမှုတွေ၊ သံတမန် နည်းလမ်းတွေနဲ့သာ အထမြောက်မှာ ဖြစ်ကြောင်း၊ အဲဒီ လမ်းကြောင်းဆီ ရောက်ဖို့ အချိန်မဖြုန်းဘဲ အမြန်ဆုံး ချဉ်းကပ်စေလိုကြောင်း မိုဒီက ဇီလန်စကီးကို တိုက်တွန်းခဲ့ပါတယ်။

သူက စစ်ပြေငြိမ်းရေးကိစ္စ အောင်မြင်စေဖို့ဆိုရင် အိန္ဒိယ အစိုးရ အနေနဲ့ရော၊ ပုဂ္ဂိုလ်ရေး အရပါ ထဲထဲဝင်ဝင် အကူအညီ ပေးချင်တယ်လို့လည်း ကမ်းလှမ်းခဲ့ပါတယ်။

ဇီလန်စကီးကတော့ မိုဒီရဲ့ စိတ်အားထက်သန်မှုနဲ့ ယူကရိန်းရဲ့ အချုပ်အခြာ အာဏာကို အိန္ဒိယရဲ့ အသိအမှတ် ပြုမှုတွေအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

နှစ်နိုင်ငံ ခေါင်းဆောင်တွေက မိုဒီရဲ့ ကိယက်ဗ် ခရီးစဉ်ကို သမိုင်းဝင် အခိုက်အတန့် တခုလို့လည်း အသီးသီး ရည်ညွှန်းခဲ့ကြပါတယ်။

ဇီလန်စကီးက စစ်ပွဲကို ရပ်ဆိုင်းစေဖို့ ဆိုတာက ယူကရိန်း အစိုးရ အတွက်လည်း ဦးစားပေး မျှော်မှန်းချက် တခုဖြစ်တယ်လို့ မိုဒီကို ပြောကြားခဲ့ပါတယ်။

ယူကရိန်းဟာ စစ်ပွဲကို ရပ်ဆိုင်းဖို့ ဆွေးနွေးမှုတွေကို လက်ခံ ကြိုဆိုမှာ ဖြစ်ပေမယ့် အဲဒီအတွက် ယူကရိန်း နယ်မြေတွေကို စွန့်လွှတ်ပေးရမယ်ဆိုတဲ့ တောင်းဆိုမှုမျိုးကိုတော့ ခြွင်းချက်မရှိ ပယ်ချထားပါတယ်။

Ref: Reuters