မြန်မာ့တည်ငြိမ် အေးချမ်းရေးက တရုတ်အတွက် အရေးပါသည်

ဩဂုတ်၊ ၂၄

မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်တပ်ကို တွန်းလှန် တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေမှာ တရုတ်နဲ့ ယဉ်ကျေးမှု၊ မျိုးရိုးအရ နီးစပ်တဲ့ အစုအဖွဲ့တွေလည်း ပါဝင်နေပါတယ်။ အဲဒီ အဖွဲ့အစည်းတွေက လက်ရှိ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မှာ နယ်မြေတွေ သိမ်းယူနေတယ် ဆိုပေမယ့်လည်း ဒီအခြေအနေအတွက် တရုတ်က ပျော်ပျော်ရွှင်ရွှင်ကြီး ဖြစ်နေလိမ့်မယ်လို့တော့ အဓိပ္ပါယ် မသတ်မှတ်နိုင်ပါဘူး။ စစ်ရေး ပဋိပက္ခတွေဟာ မြန်မာနဲ့ နယ်စပ် ထိစပ်နေရာ တရုတ်ရဲ့ ယူနန်ဒေသ တည်ငြိမ်ရေးကိုပါ ခြိမ်းခြောက်လာနိုင်တာကြောင့်ပါ။

တရုတ်အတွက်တော့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ တည်ငြိမ်အေးချမ်းမှုကို အင်မတန် အလေးထားပါတယ်။ မြန်မာဟာ အာဆီယံ အဖွဲ့ဝင် နိုင်ငံတခုပါ။ ဒါကြောင့်လည်း မြန်မာ့ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့အတူ အာဏာသိမ်း စစ်တပ်က လာမယ့်နှစ်မှာ ဦးစီး ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကို တရုတ်က အသည်းအသန် ထောက်ခံနေတာပါ။

ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ မူဘောင်တွေနဲ့ ညီညွတ်တဲ့ ပြည်တွင်း နိုင်ငံရေး ရင်ကြားစေ့မှုမျိုး မြန်မာနိုင်ငံမှာ ပေါ်ထွန်းလာအောင် အလေးအနက် ထောက်ခံသွားမယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်တုန်းက ပြောခဲ့ပါတယ်။

အမေရိကန် ဦးဆောင်တဲ့ အနောက်မဟာမိတ် ပြိုင်ဘက်တွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုကျော်လောက်ကစပြီး အရှိန်အဟုန်နဲ့ တိုးတက်လာတဲ့ တရုတ်အင်အားကို ထိန်းချုပ်ဖို့ အပူတပြင်း အားထုတ်လာခဲ့ပါတယ်။ အဲဒီ အနေအထားမှာ တရုတ်ဟာ ကိုယ်ပိုင် စီးပွားရေးနဲ့ အင်အား ချဲ့ထွင်မှုကို အာရုံစိုက်ရင်း ဆက်စပ် ဒေသတွေရဲ့ တည်ငြိမ်မှုကိုလည်း သေချာ ခိုင်မာစေဖို့ လိုလားမျှော်လင့်လာပါတယ်။

အဲဒီ အရွေ့အတွက် တရုတ်ဟာ ကစားပွဲအပေါ် စိတ်ရှည်ရှည် ချဉ်းကပ်ဖို့လည်း လိုအပ်ပြန်ပါတယ်။ ဥပမာ အနေနဲ့ဆိုရင် ဖိလစ်ပိုင်နဲ့ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းအခုံ ကိစ္စမျိုးကို ဆန်းစစ်ကြည့်နိုင်ပါတယ်။ တရုတ်က မဟာဗျူဟာ အလွဲတခုခုကို လှုံ့ဆော်မိလျက်သား ဖြစ်မသွားအောင် သတိကြီးကြီးနဲ့ ချဉ်းကပ်နေပါတယ်။

အခုအခါမှာတော့ အာဆီယံဟာ တရုတ်ရဲ့ အရေးအကြီးဆုံး အိမ်နီးချင်းတွေ ဖြစ်လာပါတယ်။ အာဆီယံဟာ တရုတ်ရဲ့ အကြီးကျယ်ဆုံး ကုန်သွယ်ဖက် ရပ်ဝန်းတခု၊ ပြီးတော့ တရုတ် သမ္မတ ရှီကျင့်ဖျင် အကောင်အထည် ဖော်နေတဲ့ ရပ်ဝန်းတခု၊ လမ်းကြောင်းတခု အခြေခံ အဆောက်အအုံနဲ့ ကုန်သွယ်ရေး မဟာစီမံကိန်းကြီးရဲ့ အစိတ်အပိုင်း အတော်များများ ဖြန့်ကျက်ထားရာ နယ်မြေတခု ဖြစ်လာပါတယ်။ ဒီတော့ အာဆီယံ နိုင်ငံတွေရဲ့ တည်ငြိမ်ရေးဟာ တရုတ်ရဲ့ ရေရှည် မဟာဗျူဟာအတွက် အရမ်း အရေးကြီးလာပါတယ်။

ဘေဂျင်းမှာရှိတဲ့ ပုဂ္ဂိုလ်တွေဟာ နိုင်ငံတခုမှာ အစိုးရ ခဏခဏ ပြောင်းတာမျိုးနဲ့ ပတ်သက်ရင် ဓာတ်မတည့်ချင်တဲ့ အမြင်မျိုး ရှိပါတယ်။ အထူးသဖြင့် ပြည်ပ စွက်ဖက်မှုတွေကြောင့် အစိုးရ အပြောင်းအလဲ ဖြစ်တာမျိုးကို တရုတ်က ပိုပြီး စိုးရိမ်တတ်ပါတယ်။

ဒီတော့ တရုတ်ဟာ မြန်မာနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ခေါင်းဆောင်မှု အပြောင်းအလဲ ဖြစ်ခဲ့တာတွေနဲ့ ပတ်သက်လို့ လေးလေးနက်နက် စောင့်ကြည့်ပါတယ်။ ထိုင်းနိုင်ငံမှာ မကြာသေးခင်ကတင် ဝန်ကြီးချုပ် အပြောင်းအလဲ ရှိခဲ့ပေမယ့် နိုင်ငံရေး အနေအထားကတော့ ပုံမှန်အတိုင်း တည်ငြိမ်နေပါတယ်။ မြန်မာ့အရေးမှာတော့ တရုတ်ဟာ ကြားဝင်စေ့စပ်သူ၊ ညှိနှိုင်းဖြေရှင်းပေးသူအဖြစ် ပိုမို ပီပြင်အောင် ကြိုးစားလာနိုင်ပြီး တည်ငြိမ်အေးချမ်းမှုနဲ့ ဖြေရှင်းမှုတွေကို ရှာဖွေလာနိုင်ပါတယ်။

ပထဝီ နိုင်ငံရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်လည်း တရုတ်ဟာ တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုမှာ အာဆီယံ နိုင်ငံအားလုံး ဖိလစ်ပိုင်နဲ့ တသားတည်း အတူရပ်တည်ပါတယ် ဆိုတာမျိုး မဖြစ်အောင် ထိန်းညှိဖို့ လိုအပ်နေပြန်ပါတယ်။ အဲဒီအတွက် တရုတ်ဟာ အဲဒီပင်လယ်ပြင်မှာ ပဋိပက္ခတွေ ဖြစ်လာအောင် မီးမမွှေးပါဘူးလို့ အာဆီယံ နိုင်ငံတွေရဲ့ အမြင်မှာ လက်ခံပေးနေအောင် သိမ်းသွင်းရမှာ ဖြစ်ပါတယ်။

ပိုပြီး လက်တွေ့ကျကျ ပြောရမယ်ဆိုရင် အာဆီယံ နိုင်ငံတွေရဲ့ အမြင်မှာ တရုတ်ဟာ ခြိမ်းခြောက်မှု တခုလို့ ယူဆမသွားအောင် တရုတ်က သေသေချာချာ ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာနဲ့ ထိုင်းတို့မှာ နိုင်ငံရေး အရှုပ်အထွေးတွေ ဖြစ်လာတဲ့ ကာလတွေအတွင်း ဝမ်ဟာ အဲဒီ အာဆီယံ နှစ်နိုင်ငံဆီ သွားရောက်ခဲ့တာပါပဲ။ ပြီးတော့ တရုတ်ဟာ ကြားဝင် စေ့စပ်ရေး လိုလားသူဆိုတဲ့ ပုံရိပ်ကို ပိုပြီး အလေးပေး ထင်ဟပ်နိုင်အောင် ကြိုးစားခဲ့ပါတယ်။

အဲဒီ မဟာဗျူဟာရဲ့ အခြေခံ အကျဆုံး အဓိပ္ပါယ်ကတော့ တခြားနိုင်ငံတွေအတွက် ခြိမ်းခြောက်မှု တခုခု ဖြစ်မလာစေရပါဘူး ဆိုတာမျိုး လက်ခံလာအောင် သိမ်းသွင်းဖို့အတွက် တရုတ်ဟာ နယ်မြေပိုင်နက် အငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်တဲ့အခါ ပိုမိုကျယ်ပြန့်တဲ့ မဟာဗျူဟာ အကျိုးစီးပွား ကိစ္စတွေနဲ့ ထင်သာမြင်သာ စည်းခြားထားတယ် ဆိုတာမျိုး ပြသဖို့ပဲ ဖြစ်ပါတယ်။

(South China Morning Post သတင်းဌာန၏ Stability in Myanmar paramount for China ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)