ဩဂုတ်၊ ၂၂
အသက် ၁၁၆ နှစ်အရွယ် ဂျပန် အဖွားအို တဦးဟာ အခုအခါမှာတော့ ကမ္ဘာပေါ်မှာ အသက်အကြီးဆုံး လူပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်လာခဲ့ပါတယ်။
ဂင်းနစ် ကမ္ဘာ့မှတ်တမ်း အဖွဲ့က ကမ္ဘာ့အသက်အကြီးဆုံး လူသားအဖြစ် သတ်မှတ်ထားတဲ့ အမေရိကန် အဖွားအို မာရီယာ ဘရန်ယက်စ်ဟာ ဩဂုတ် ၁၉ ရက်နေ့က ကွယ်လွန်သွားတဲ့နောက် တိုမီကို အီတူကာဟာ အဲဒီဂုဏ်ပုဒ်ကို ဆက်ခံသူ ဖြစ်လာပါတယ်။
အီတူကာဟာ ၁၉၀၈ ခုနှစ်၊ မေလ ၂၃ ရက်နေ့မှာ မွေးဖွားခဲ့တယ် ဆိုတာကို ကမ္ဘာတလွှားက အသက် ၁၁၀ နဲ့အထက် လူပုဂ္ဂိုလ်တွေအကြောင်း စာရင်းပြုစု မှတ်သားထားတဲ့ Gerontology Research Groupကလည်း အတည်ပြုပေးခဲ့ပါတယ်။
အီတူကာဟာ လောလောဆယ်မှာတော့ ဟိုဂိုခရိုင်မှာရှိတဲ့ အက်ရှီယာ မြို့ထဲက သက်ကြီးဂေဟာ တခုမှာ အေးအေးချမ်းချမ်း နေထိုင်နေပါတယ်။ ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်းအဖွဲ့ဟာ အီတူကာကို လက်ရှိ ကမ္ဘာ့အသက်အကြီးဆုံး လူပုဂ္ဂိုလ်အဖြစ် ဩဂုတ် ၂၂ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
သူက ကမ္ဘာ့ အသက်အကြီးဆုံး ပုဂ္ဂိုလ် ဖြစ်လာတဲ့အကြောင်း ပြောပြတဲ့အခါ အီတူကာက ကျေးဇူးတင်ပါတယ်လို့ တခွန်းပဲ တုံ့ပြန်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၃ လတုန်းက သူ့ရဲ့ ၁၁၆ နှစ်ပြည့် မွေးနေ့ကို ကျင်းပခဲ့ချိန်မှာ အက်ရှီယာ မြို့တော်ဝန်က အီတူကာဆီ မွေးနေ့ကိတ်၊ ပန်းခြင်းနဲ့ ပို့စ်ကတ်တခု ပေးပို့ခဲ့ပါတယ်။
သူ့ရဲ့ အသက်ရှည်ခြင်း အကြောင်းရင်းကို မသိရပေမယ့် အီတူကာ အကြိုက်ဆုံး အစားအသောက်ကတော့ Calpisလို့ခေါ်တဲ့ ဒိန်ချဉ် ဖျော်ရည် တမျိုးနဲ့ ငှက်ပျောသီး ဖြစ်တယ်လို့ ဂေဟာ တာဝန်ရှိသူတွေက ပြောပြခဲ့ပါတယ်။
အီတူကာကို အိုဆာကာမြို့မှာ မွေးဖွားခဲ့ပြီး အထက်တန်း ကျောင်းသူ ဘဝတုန်းက ဘော်လီဘော အားကစားမယ် ဖြစ်ခဲ့ပါတယ်။ သူ့အသက် ၂၀ မှာ အိမ်ထောင်ကျခဲ့ပြီး သမီးနှစ်ယောက်နဲ့ သားနှစ်ယောက် ရှိပါတယ်။ ခင်ပွန်းသည်ဟာ အထည်ချုပ်စက်ရုံ လုပ်ငန်းရှင် တဦးဖြစ်ခဲ့ပြီး ဒုတိယ ကမ္ဘာစစ်အတွင်း အီတူကာက အဲဒီစက်ရုံကို ခင်ပွန်းကိုယ်စား ဦးစီးပေးခဲ့ဖူးပါတယ်။ ၁၉၇၉ ခုနှစ်မှာ ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားတဲ့နောက် အီတူကာဟာ နာရာမြို့မှာ တဦးတည်းပဲ ဆက်လက် နေထိုင်ခဲ့ပါတယ်။
သူဟာ အသက် ၁၀၀ ကျော်ထိ ကျန်းကျန်းမာမာ ရှိနေခဲ့ပြီး အဲဒီအချိန်မှာတောင် ရှည်လျားတဲ့ ခြေလျင်နဲ့ တောင်တက်ခရီးတွေကို သွားရောက်နေဆဲ ဖြစ်ပါတယ်။ သူ့ဘဝမှာ ပေ ၁၀၀၀၀ ကျော်မြင့်တဲ့ အွန်တာကီ တောင်ကိုလည်း နှစ်ကြိမ်တောင် အောင်အောင်မြင်မြင် တက်ရောက်နိုင်ခဲ့ဖူးတယ်လို့ သိရပါတယ်။
Ref: The Hill