ပြည်သူ့စစ်အင်အားတသောင်းနဲ့လုံခြုံရေးဆောင်ရွက်မယ်ဆိုပြီး PNO က အင်အားပြ ဝါဒဖြန့်

Photo- PNO/PNA

ဩဂုတ်၊ ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊နောင်တရားမြို့မှာ ဒေသကာ ကွယ်ရေးနဲ့လုံခြုံရေးကိစ္စတွေဆောင်ရွက်မယ့် စစ်အင်အားတသောင်း သင်တန်းဆင်းလာတယ်ဆိုပြီး ပအိုဝ်း ပြည်သူ့စစ်အဖွဲ့ဖြစ်တဲ့ PNO/PNA က ဒီကနေ့အင်အားထုတ်ပြလာပါတယ်။

နောင်တရားမြို့ဒေသခံတွေစုပေါင်းပြီး ဒေသကာကွယ်ရေးနဲ့ လုံခြုံရေးတွေဆောင်ရွက်နိုင်ဖို့ အခြေခံစစ်ပညာ သင် ကြားခဲ့ပြီး သင်တန်း အမှတ် (၁)မှာတင် အင်အားတသောင်းအထိ ရှိတာလို့စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး တော် လှန်ရေးတပ်တွေကိုတိုက်ခိုက်နေတဲ့ PNOတပ်ဖွဲ့ကဆိုပါတယ်။

လက်ရှိ စစ်ကောင်စီနဲ့တိုက်ပွဲတွေဖြစ်နေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ပြောရေးဆို ခွင့်ရှိသူ ခွန်ရိန်းယံကတော့ PNO ပြည်သူ့စစ်အဖွဲ့အနေနဲ့ စစ်အင်အားလိုအပ်နေတဲ့ စစ်ကောင်စီအတွက် တပ်သား သစ်ဖြည့်ပေးနိုင်ဖို့ ဒေသခံအရပ်သားတွေကိုဖိအားပေးပြီးစတေးဖို့ကြိုးစားနေတာလို့ ဝေဖန်ပါတယ်။

“ပြည်သူအားလုံးရဲ့ ရန်သူက အကြမ်းဖက်စစ်ကောင်စီပါ အင်အားတသောင်းစုပြီး ပအိုဝ်းဒေသထဲက စစ်ကောင်စီ ကို တိုက်ထုတ်မယ်ဆိုရင်တော့ ကြိုဆိုပါတယ်၊အင်အား တသောင်းစုပြီး စစ်ကောင်စီလက်အောက်ခံ ကျွန်အဖြစ် နေမယ်ဆိုရင်တော့ စစ်အာဏာရှင်စနစ်ကို ကာကွယ်ပေးတဲ့ ကျွန်တသောင်းတိုးလာတာပဲဖြစ်ပါတယ်”လို့ သူက ပြောပါတယ်။

အဲ့ဒီသင်တန်းဆင်းပွဲကို ပအိုဝ်းအမျိုးသားတပ်မတော် PNA စစ်ဦးစီးချုပ်တွေ၊ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် PNO ပါတီဝင်တွေနဲ့ စစ်ဒေသမှူးတွေ ဒေသခံတွေတက်ရောက်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ ပအိုဝ်းဒေသခံလူငယ်တဦးကတော့ တပ်သားသစ်အင်အားတသောင်းနဲ့ ဒေသကာ ကွယ်ရေးဆောင်ရွက်မယ်ဆိုတဲ့ PNO ရဲ့ထုတ်ပြန်ချက်ဟာ ချဲ့ကား ဝါဒဖြန့်ချိမှုတခုသာဖြစ်တယ်လို့ သူ့အမြင် ကို ပြောပါတယ်။

“ကမ္ဘာပေါ်မှာ ဘယ်အဖွဲ့ကမှ တပ်သားသစ်တသောင်းကိုတခါတည်းလေ့ကျင့်ပေးတာမရှိဘူးလေနော်၊တချို့က တော့နှစ်ရက်သုံးရက် တက်ဖူးတဲ့လူလည်းပါချင်ပါမှာပေါ့၊မသွားမနေရ သွားတက်ကြရတာတွေပေါ့ ၊(သင်တန်း ဆင်းပွဲမှာ)ယူနီဖောင်းခဏဝတ်၊ဟန်ပြပေါ့”လို့ သူကဆိုပါတယ်။

PNO ထုတ်ပြန်လာတဲ့ ဓာတ်ပုံတွေအရစစ်သင်တန်းတက်ရောက်ခဲ့တယ်ဆိုသူတွေကို အဲ့ဒီသင်တန်းဆင်းပွဲမှာ ပြည်သူ့စစ်ယူနီဖောင်း ဝတ်ဆင်ပေးထားပေမယ့် လက်နက်ခဲယမ်းတပ်ဆင်ပေးထားတာမျိုးတော့ မတွေ့ရပါဘူး။

နောင်တရားမြို့ဟာ ပင်လောင်းမြို့နယ်မြောက်ခြမ်းက မြို့နယ်ခွဲအဆင့်ရှိ မြို့တမြို့ဖြစ်ပါတယ်။စစ်ခေါင်းဆောင် အဆက်ဆက်နဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ PNO ပြည်သူ့စစ်ခေါင်းဆောင်တွေက လက်ရှိအာဏာသိမ်းကာလ အတွင်းမှာလည်း စစ်ကောင်စီနဲ့ပူးပေါင်းကာ တော်လှန်ရေးအင်အားစုတွေကိုတိုက်ခိုက်နေပါတယ်။

ပအိုဝ်းတော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA နဲ့ ပူးပေါင်းတပ်တွေ ပအိုဝ်းဒေသအတွင်း အခုနှစ်ဆန်းပိုင်းမှာ စစ်ကောင်စီနဲ့တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပြီးနောက် PNO က လည်း စစ် ကောင်စီနဲ့အတူပူးပေါင်းတိုက်ခိုက်နေသလို ထိန်းချုပ်ဒေသတွေအတွင်း ပြည်သူ့စစ်အင်အားစု ဆောင်းမှုတွေကို လည်း ဖိအားပေး လုပ်ဆောင်နေပါတယ်။

ပြည်သူ့စစ်အင်အားတသောင်းနဲ့ ကာကွယ်ရေးကိစ္စတွေဆောင်ရွက်မယ်လို့ PNO ဘက်က ထုတ်ပြန်လာတဲ့ ပင် လောင်းမြို့နယ်အပါအဝင် ဆီဆိုင်၊ဖယ်ခုံ၊ရပ်စောက်စတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်တွေမှာတော့ လတ် တလောမှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေရှိနေတယ်လို့ ခွန်ရိန်းယံက ပြောပါတယ်။

PNLA နဲ့ပူးပေါင်းတပ်တွေဟာ အခုနှစ်ဆန်းပိုင်းတုန်းက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ကို တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့် စစ်ကောင်စီနဲ့ PNOပြည်သူ့စစ်ပူးပေါင်းတပ်တွေက ပြန်လည်ထိုးစစ်ဆင်ကာဆီဆိုင် မြို့ကိုပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။

အဲ့ဒီမတိုင်ခင်ကတော့ ကယား(ကရင်နီ)ဒေသနဲ့ထိစပ်နေတဲ့ ပအိုဝ်းဒေသမြို့နယ်တချို့မှာ KNDF ပူးပေါင်း တပ် တွေနဲ့စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေသာရှိခဲ့ပြီး ဆီဆိုင်မြို့သိမ်းတိုက်ပွဲဖြစ်ပြီးနောက် ပအိုဝ်းဒေသတွင်းမှာ နှစ်ဖက် စစ်ရေးလှုပ်ရှားမှုတွေပိုမိုကျယ်ပြန့်လာတာဖြစ်ပါတယ်။