ဒိုက်ဦးထောင်မှာ နိုင်ကျဥ်းအမျိုးသမီး ခုနစ်ဦးလောက် ရိုက်နှက်ခံရ

Photo – Social Media

သြဂုတ် ၊ ၂ဝ

ပဲခူတိုင်း၊ ဒိုက်ဦးအကျဥ်းထောင်မှာ သြဂုတ် ၁၉ ရက်၊ မနေ့ ညနေပိုင်းက ထောင်အရာရှိနဲ့ ဝန်ထမ်းတွေရဲ့ ရိုက်နှက်မှုကြောင့် နိုင်ငံရေး အကျဥ်းသူ ခုနစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက DNA ကို ပြောပါတယ်။

“အဓိက ဦးဆောင်ရိုက်နှက်တာက (ဒေါ်)စန်းနွယ်ဦးဆိုတဲ့ အမျိုးသမီးတဦးပါတယ်၊ သူကတော့ နှစ်ပွင့်အရာရှိဖြစ်တယ်၊ အမျိုးသားဝန်ထမ်းတွေလည်း အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ရိုက်နှက်ခဲ့တယ်၊ အဓိက ဦးတည်ချက်ထားပြီးရိုက်တာကတော့ အမျိုးသမီး ခုနစ်ယောက်လောက်ကို အဓိကရိုက်တာ” လို့ သူက ဆိုပါတယ်။

ဒေါ်စန်းနွယ်ဦးအပါအဝင် အမျိုးသမီးထောင်ဝန်ထမ်း ခုနစ်ဦးလောက်နဲ့ အမျိုးသားထောင်ဝန်ထမ်း ငါးဆယ်လောက်က ညနေ သုံးနာရီလောက်မှာ အမျိုးသမီးအဆောင်ထဲကို လေးခွ၊ ရာဘာတုတ်၊ ကျဥ်စက် စတဲ့ လက်နက်တွေ ကိုင်ဆောင်ဝင်ရောက်လာပြီးနောက် ရိုက်နှက်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကမှ မွန်ပြည်နယ်၊ ကျိုက်မရောအကျဥ်းထောင်ကနေ ပြောင်းရွှေ့လာရတဲ့ နိုင်ငံရေးအကျဥ်းသူတဦးဆီ မိသားစုက ပေးပို့လာတဲ့ ထောင်ဝင်စာပါဆယ်ထဲ တရားမဝင်ပစ္စည်းတွေ့လို့ဆိုကာ အဲဒီအကျဥ်းသူကို လာရောက်ခေါ်ထုတ်ရာကနေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး အခုလို ရိုက်နှက်ခဲ့တာလို့ ဆိုပါတယ်။ 

“တရားမဝင်ပစ္စည်းလို့ ပြောပေမယ့် ဘာပစ္စည်းလဲဆိုတာ သက်သေလည်း မပါသလို၊ ခိုင်လုံတဲ့ အကြောင်းပြချက်လည်း မပေးလို့ မလိုက်တာပေါ့နော်၊ မလိုက်လို့ ဒီလိုပြဿနာဖြစ်သွားတာဗျ” လို့လည်း ကိုသိုက်ထွန်းဦးက ပြောပါတယ်။

အဲဒီလို မလိုက်တဲ့ နိုင်ငံရေးအကျဥ်းသူကို ဝင်ရောက်ဆွဲထုတ်ဖို့ အမျိုးသားထောင်ဝန်ထမ်းတွေကို ထောင်အရာရှိ ဒေါ်စန်းနွယ်ဦးက ခိုင်းစေခဲ့ပေမယ့် မလိုက်နာလို့ သူကိုယ်တိုင် အခန်းထဲထိဝင်ပြီး ဆံပင်ကိုဆွဲကာ ရိုက်နှက်ခေါ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲဒီအခါမှာတော့ တခြား နိုင်ကျဥ်းအမျိုးသမီးတွေက ကြားဝင်ဖြေရှင်းပေးရာကနေ သူတို့ကိုပါ ထပ်မံရိုက်နှက်ခဲ့တာလို့ သိရပါတယ်။

အခုလို ရိုက်နှက်ခံရတဲ့သူတွေထဲ အခုလပိုင်းထဲကမှ ကျိုက်မရောထောင်ကနေ ပြောင်းရွှေ့လာသူ သုံးဦးနဲ့ အင်းစိန်ထောင်ကနေ ပြောင်းရွှေ့လာသူ နှစ်ဦးလောက်ပါဝင်ပြီး နောက်ထပ် နှစ်ဦးကတော့ အရင်ကတည်းက ဒိုက်ဦးအကျဥ်းထောင်မှာ အကျဥ်းချခံထားရသူတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

လက်ရှိအချိန်ထိတော့ ရိုက်နှက်ခံထားရတဲ့ သူတွေရဲ့ ဒဏ်ရာပြင်းထန်မှုအခြေအနေနဲ့ ဆေးဝါးကုသရရှိမှု အခြေအနေတွေကိုတော့ အသေးစိတ်မသိရသေးပါဘူး။

“ဆေးဝါးကုသမှုတွေတော့ မနေ့က မရထားဘူး” လို့လည်း ကိုသိုက်ထွန်းဦးက DNA ကို ပြောပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM) ကတော့ အခုလို ရိုက်နှက်ခံထားရတဲ့ နိုင်ငံရေးအကျဥ်းသူ ခုနစ်ဦးရဲ့ လုံခြုံရေးနဲ့ အသက်အန္တရာယ်ကို အထူးစိုးရိမ်ကြောင်း ထုတ်ပြန်ထားပါတယ်။

နိုင်/ကျဥ်းတွေအပေါ် ဖိနှိပ်မှုသတင်းတွေ မကြာခဏ ထွက်ပေါ်လေ့ရှိတဲ့ ဒိုက်ဦးအကျဥ်းထောင်ကို ပြီးခဲ့တဲ့ ဇွန်နဲ့ ဇူလိုင်လအတွင်းက အင်းစိန်ထောင်နဲ့ ကျိုက်မရောထောင်ကနေ နိုင်ကျဥ်း လေးရာဝန်းကျင်ကို ပြောင်းရွှေ့ ပို့ဆောင်ထားတယ်လို့ PPNM ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။