Photo-ABN
ဩဂုတ်၊ ၁၉
တိုက်ပွဲဖြစ်ပွားနေဆဲမောင်တောမြို့ထဲမှာ စစ်ကောင်စီတပ်နဲ့ရိုဟင်ဂျာလက်နက် ကိုင်အဖွဲ့တွေရဲ့လူသားဒိုင်းကာအဖြစ် အသုံးပြုဖို့ခေါ်ယူခံထားရတဲ့ ပြည်သူအချို့ရှိနေသေးပြီး ဆက်လက်ကယ်ထုတ်နေရဆဲဖြစ်တယ်လို့ အာရက္ခတပ်တော် (AA)နဲ့ ပြောပါတယ်။
AAဟာမောင်တောမြို့တွင်း တိုက်ပွဲတွေစပြီးနောက် မြို့တွင်းပိတ်မိနေသူ ရိုဟင်ဂျာအပါအ၀င် ဒေသခံအရပ်သားတွေကို ဆက်တိုက်ကယ်ထုတ်ခဲ့ပြီး လူနှစ်သောင်းနီးပါး ကယ်ထုတ်၊ဘေးလွှတ်ရာပို့ဆောင်ထားပြီးဖြစ်တယ်လို့ မနေ့က ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ဒါ့အပြင်ထပ်ပြီးတော့လည်းမြို့တွင်း ပိတ်မိနေသူတွေကျန်နေသေးတာဖြစ်ပြီး နေ့စဉ်နဲ့အမျှ ကယ်ထုတ်နေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။
“သူတို့(စကစ)ဓါးစာခံ လုပ်ထားတော့ကယ်ရခက်တယ်၊ အကုန်မကယ်ထုတ်နိုင်သေးတာ၊ဒါပေမယ့် နေ့တိုင်းတော့ကယ်နေတယ်”လို့ AA နဲ့ နီးစပ်တဲ့ ဒေသခံသတင်းရင်းမြစ်တဦးက DNA ကို ပြောပါတယ်။
မောင်တောမြို့တွင်းမှာ စစ်ကောင်စီတပ်အပြင် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေ၊ စစ်ကောင်စီကသင်တန်းပေး၊ လက်နက်တပ်ဆင်ထားတဲ့ ရိုဟင်ဂျာတွေပါ ပူးပေါင်းကာAAထိုးစစ်ကိုခုခံနေပြီး အဲဒီအဖွဲ့တွေဟာမြို့ခံရိုဟင်ဂျာလူငယ်တွေအပါအ၀င် အရပ်သားတွေကို မြို့ပြင်ထွက်ခွင့်ပိတ်၊ ဖမ်းဆီးကာ လူသားဒိုင်းကာလုပ်ထားတာလို့ မောင်တောမြို့ခံတွေက DNAကို ပြောထားကြပါတယ်။
လက်ရှိမှာမောင်တောမြို့တွင်း တိုက်ပွဲကြားပိတ်မိနေသူအရေအတွက် ဘယ်လောက်ကျန်နေသေးတယ်ဆိုတာကို တိတိကျကျမသိရပေမယ့်ထောင်ဂဏန်း ရှိနေနိုင်သေးတယ်လို့မြို့ခံရိုဟင်ဂျာတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။
“စစ်ကောင်စီကအပြင်မထွက်စေရလို့ ရိုဟင်ဂျာတွေအကြီးအကျယ်ဒုက္ခ ရောက်နေတယ်၊အေအေကတော့ ကယ်ထုတ်နေတယ်ပြောတယ်၊ ဒီဖက်ကိုလည်း အများကြီးရောက်လာကြတယ်”လို့ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်သို့ရောက်နေတဲ့ ရိုဟင်ဂျာတဦးက ပြောပါတယ်။
AA ဟာ မောင်တောမြို့သိမ်းတိုက်ပွဲ မစခင် ဇွန်လ၁၆ရက်နေ့ကတည်းက မြို့တွင်းနေပြည်သူတွေကို မြို့ပြင်ထွက်ခွာကြဖို့သတိပေးခဲ့ပြီး လက်ရှိမှာတော့မြို့တွင်းရှိနောက်ဆုံးလက်ကျန်စစ်ကောင်စီတပ်တွေကိုဝိုင်းရံပိတ်ဆို့ကာတိုက်ခိုက်နေခဲ့တာဖြစ်ပါတယ်။
အခုအခါမောင်တောမြို့ပတ်လည်ရှိ စစ်ကောင်စီတပ်ရဲ့ကာကင်းစခန်းတွေကို သိမ်းပိုက်ထားပြီးမြို့တွင်းတိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ မောင်တောမြို့တစ်မြို့လုံးကို အဆင့်ဆင့်သော ခုခံစစ်တွေနဲ့ ပြင်ဆင်ထားပြီး မြို့ရဲ့ အမှတ် (၁)၊ (၂)၊ (၃)၊(၄)၊ ကညင်တန်းရပ်ကွက် အစရှိတဲ့ ရပ်ကွက်များအတွင်းရှိ စစ်ရေးအရ အရေးပါ၊အချက်အချာကျတဲ့အထပ်မြင့်အဆောက်အအုံတွေ၊တိုက်တာအိုးအိမ်တွေ၊ စာသင်ကျောင်းတွေအပါအဝင်အခြားသော နေရာများကိုစစ်စခန်းအဖြစ်အသုံးပြုခုခံနေတယ်လို့ AA က ဆိုပါတယ်။
ဒေသခံအရပ်သား ရိုဟင်ဂျာတွေကို မြို့ပြင် ထွက်ခွင့်မပေး၊တားမြစ်ကာ ပိတ်လှောင်ထားတဲ့ထဲ ပါ၀င်တဲ့ ARSA၊ RSO၊ ARAစတဲ့ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေလည်းပါ၀င်ပြီးအဲဒီအဖွဲ့တွေကိုယ်တိုင်လည်း တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိဒုက္ခသည်စခန်းတွေမှ ရိုဟင်ဂျာတွေကို စစ်မှုထမ်းစေခိုင်းဖို့ အတင်းအကြပ်ဖမ်းခေါ်တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောသလို Fortify Rightအဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။
ဘင်္ဂလားဒေ့နယ်စပ်တလျောက်နဲ့ မောင်တောမြို့နယ်တခုလုံးနီးပါးကိုသိမ်း ပိုက်ထားတဲ့AAဟာမောင်တောမြို့နယ်အတွင်းရှိနောက်ဆုံးလက်ကျန်မြို့စောင့်တပ်ကို တိုက်ခိုက်နေတဲ့အပြင် သံတွဲ၊ အမ်း၊ ဂွမြို့နယ်တို့မှာလည်းထိုးစစ်တွေ ဆက်တိုက်လုပ်နေပါတယ်။
ချင်းပြည်နယ်ပလက်၀နဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ကိုးခုကို သိမ်းပိုက်ထားပြီး သံတွဲနဲ့ မောင်တောတို့ကိုပါ အပြီးသတ်သိမ်းနိုင်ဖို့ နီးစပ်နေပြီဖြစ်တဲ့ AA ဟာရခိုင်ပြည်နယ်တခုလုံးမှ စစ်ကောင်စီတပ်စခန်းအားလုံးကိုတိုက်ခိုက်၊သိမ်းပိုက်သွားမယ်လို့ ကြေငြာထားပါတယ်။