စစ်ကောင်စီက ဒီပဲယင်းမြို့ပေါ်ကို တရက်တည်းလေကြောင်းအကြိမ်တဒါဇင်ကျော်တိုက်ခိုက်၊ ငါန်းဇွန်မှာလည်း တိုက်ပွဲမရှိဘဲ ဗုံးကြဲ

ဩဂုတ် ၊ ၁၇
မြေပြင်တိုက်ပွဲဖြစ်နေတဲ့ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ပေါ်ကို စစ်ကောင်စီက ဒီကနေ့ တရက်တည်း ဂျက်ဖိုက်တာ၊Y-12နဲ့ MI-35 တွေသုံးပြီး လေကြောင်းတိုက်ခိုက်မှု ၁၂ကြိမ်လုပ်ထားသလို မန္တလေး ငါန်းဇွန်မြို့နယ်မှာလည်း တိုက်ပွဲ မရှိဘဲ နှစ်ကြိမ်ဗုံးကြဲခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီကသိရပါတယ်။
 
မူးမြစ်အနောက်ဘက်ကမ်းပေါ်က ဒီပဲယင်းမြို့ပေါ်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ ပြီးခဲ့တဲ့ နှစ်ရက် လောက်ကစလို့ တိုက်ပွဲဖြစ်နေကြပြီး ဒီပဲယင်းမြို့မြောက်ဘက်မှာရှိတဲ့ ရေဦးအခြေစိုက် စစ်ကောင်စီတပ်တွေ ဒီ ပဲယင်းဘက်ကို စစ်ကြောင်းထိုး အင်အားဖြည့်ဖို့ကြိုးစားနေသလို လေကြောင်းကနေတုံ့ပြန်တိုက်ခိုက်မှုတွေ လည်းရှိနေတာပါ။
 
စစ်ကောင်စီဟာ မနေ့က ဒီပဲယင်းမြို့ပေါ်ကို ဂျက်ဖိုက်တာနဲ့ ဗုံးသီး သုံးလုံးကြဲချခဲ့သလို ဒီကနေ့မှာတော့ ဂျက်ဖိုက် တာ၊Y-12၊MI-35 စတဲ့ လေကြောင်းတိုက်ခိုက်ရေးယာဉ်မျိုးစုံနဲ့ လေကြောင်းတိုက်ခိုက်မှုအကြိမ်ကြိမ်လုပ်နေတာလို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ကပြောပါတယ်။
 
မြေပြင်တိုက်ပွဲအခြေအနေနဲ့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေတွေကို အသေး စိတ်မသိရသေးပါဘူး။ ရေဦးမြို့ပေါ်မှာ အင်အားဖြည့်ပြီးနောက် ဒီပဲယင်းဘက် ထွက်လာတဲ့ စစ်ကောင်စီစစ် ကြောင်းကတော့ မနေ့က ဒီပဲယင်းမြို့ထဲဝင်ဖို့ကြိုးစားပေမယ့်မဝင်နိုင်ခဲ့ဘူးလို့ ဒေသခံ စစ်ရှောင်တွေကိုကူညီပေးနေသူတဦးက DNAကိုပြော ထားပါတယ်။
 
အဲ့ဒီစစ်ကြောင်းဟာ မနေ့က ဒီပဲယင်းမြို့နဲ့ လေးမိုင်ဝန်းကျင်အကွာ ဒီပဲယင်း-ရေဦးလမ်းပေါ်က မူးဆုံရွာကို ပြန် ဆုတ်ခဲ့ပြီး ဒီကနေ့မှာတော့ ဒီပဲယင်းမြို့နဲ့ နှစ်မိုင်ဝန်းကျင်လောက်သာကွာတဲ့ ပျော်ဘွယ်-မစိုးရိမ်ရွာတွေ အနီးမှာ ရှိနေတယ်လို့ ဒေသခံတော်လှန်ရေးအင်အားစုတွေဆီကသိရပါတယ်။
 
ဒီပဲယင်းအခြေစိုက် တော်လှန်ရေးအင်အားစုတွေကတော့ မြေပြင်တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်ပြောဆိုတာမရှိသေးဘဲ စစ်ကောင်စီရဲ့ ဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာတွေနဲ့ တယ်လီဂရမ်ချန်နယ်တွေ မှာတော့ ဒီပဲယင်းမှာတိုက်ပွဲပြင်းထန်နေတာကြောင့် လေကြောင်းပစ်ကူအဆက်မပြတ်ပေးဖို့ တောင်းဆိုရေးသားမှု တွေရှိနေပါတယ်။
 
ရေဦးမြို့က ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကြောင့် ဒီပဲယင်းနဲ့ ရေဦးမြို့နယ်အတွင်း ကျေးရွာတွေက ဒေသခံ ငါးထောင်လောက် ဩဂုတ် ၁၅ရက်ကစလို့ စစ်ရှောင်နေကြရပြီး စားနပ်ရိက္ခာအပါအဝင် အကူအညီတွေလိုအပ် နေတယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က DNAကိုပြောထားပါတယ်။
 
အလားတူ စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း အစပ် ငါန်းဇွန်မြို့နယ် အနောက်ခြမ်း ဧရာဝတီမြစ် အရှေ့ဘက် ကမ်းပေါ်က မြေတိုင်းရွာစာသင်ကျောင်းအနီးဝန်းကျင်၊မြေတိုင်းရွာနဲ့ ရေဇင်းရွာကြား တနေရာတို့ ကို လည်း ဒီကနေ့ နေ့ လယ် ၁၂နာရီဝန်းကျင်က တိုက်ပွဲမရှိဘဲ လေယာဉ်နဲ့ ဗုံးနှစ်လုံးကြဲချခဲ့သေးတယ်လို့ ငါန်းဇွန် ဒေသခံတဦးက DNAကို ပြောပါတယ်။
 
အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေတွေကိုတော့ အတည်မပြုနိုင်သေးဘဲ စုံစမ်းနေဆဲဖြစ်တယ်လို့ လည်း အဲ့ဒီဒေသခံကပြောပါတယ်။
 
Photo- စစ်ကောင်စီ (ပုံဟောင်း)